MY EN

(ဇ)-ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)

2026-11-16
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးသိန်းရီ (ထန်းတပင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာအနီးတွင်မြေနှင့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဉီ လှူဒါန်းမည်ဖြစ်ပါသဖြင့် ခွင့်ပြုမိန့်ဆောင်ရွက်ပေးရန်နှင့် ဆောက်လုပ်ပြီးပါက ဝန်ထမ်းနှင့်ပစ္စည်း အင်အား ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ထန်းတပင်မြို့နယ်သည် လှိုင်မြစ်၊ ကုက္ကိုဝမြစ်၊ ဘောလယ်မြစ်၊ ပန်းလှိုင်မြစ်တို့ မြစ်လေးရံ လေးမြစ်ဝန်းရံလျက်ရှိပြီး ရပ်ကွက်ပေါင်း ၅ ခု၊ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ ကျေးရွာပေါင်း ၂၃၃ ရွာ၊ မြေဧရိယာ ၂၃၄.၃၄ စတုရန်းမိုင်ရှိပြီး လူဦးရေ ၂ သိန်းကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၅၇၇၊ အိမ်ခြေ ၅၇၇၊ လူဦးရေက ၂၃၁၇ ဦးရှိပြီး ၎င်းကျေးရွာအုပ်စုတွင် ကျေးလက်ကျန်းမာရေး ဌာန(ခွဲ) လုံးဝ မရှိပါကြောင်း၊ မြို့ပြနှင့် ၁၅ မိုင် ဝေးပါကြောင်း၊  ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ရရှိရေးအတွက် အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတွေနှင့်ဆယ်အိမ်မှူး၊ ရာအိမ်မှူးကတင်ပြထားပါကြောင်း၊ အလှူရှင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာကောင်စီရှေ့မှာဆောက်လုပ်မည်ဆိုလျှင်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးမည်ဟု ဝန်ခံကတိပြုမှတ်တမ်း၊ မြေ လှူဒါန်းမည့် မှတ်တမ်းနှင့် အလှူရှင် ဆောင်ရွက်ပေးမည့် မှတ်တမ်းတို့ ရှိပါကြောင်း။

ထန်းတပင်မြို့နယ်သည် မြစ်လေးမြစ် ဝန်းရံလျက်ရှိသည့်အတွက် သွားရေးလာရေးတွင် အခက် အခဲ အနည်းငယ်ရှိသဖြင့် အလှူရှင်မှ ကျေးလက်နှင့်ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု အနီးကပ် ခံစားစေရန် ရည်ရွယ်ပြီး   လှူဒါန်းခြင်းဖြစ်ပါကြောင်း၊  မရွှေဥကျေးရွာနှင့် ထန်းတပင်မြို့နယ်၊ လှိုင်သာယာမြို့တို့နှင့်ဆိုလျှင် ၁၅ မိုင်ခန့်ကွာဝေးသည့်အတွက် အရေးပေါ်လူနာများ၊  သာမန်လူနာများ သွားလာရန် စောင့်ရှောက်ရန် အခက်အခဲများရှိသည်ကို ပြောချင်ပါကြောင်း၊ နောက်တစ်ချက်မှ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဆောက်လုပ်ခွင့်ရမည်ဆိုပါက မရွှေဥကျေးရွာတွင် အိမ်ခြေပေါင်း ၅၇၇   လုံး၊ လူဦးရေက ၂၃၁၇ ဦး ကျေးလက်နေ ပြည်သူများ အကျိုးခံစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာအုပ်စု၊ မရွှေဥကျေးရွာအနီးတွင် မရွှေဥဇာတိဖြစ်သည့် အလှူရှင်က ပေ ၁၀၀ ပတ်လည်မြေဧရိယာ အဆောက်အဦ စံချိန်စံညွှန်း နှင့်အညီဆောက်လုပ်ပေးမည့် အဆောက်အဦ လှူဒါန်းမည်ဖြစ်သည့်အတွက် နိုင်ငံတော်က ခွင့်ပြုမိန့် ပေးရန်အစီအစဉ် ရှိ/ မရှိ၊ ခွင့်ပြုမိန့်ရရှိမည်ဆိုပါက ရရှိမှုအတွက် မည်သို့ ဆက်လက်ပြီး ဆောင်ရွက် ရမည်ကိုသိလိုပါကြောင်းနှင့်ကျေးလက်နေ ကျန်းမာရေးဌာနခွဲအား အလှူရှင်အဖြစ် ကိုယ်အား ကိုယ်ကိုးဆောင်ရွက် ပြီးစီးပါက နိုင်ငံတော်သို့ လွဲအပ်ပြီး နိုင်ငံတော်မှ ဝန်ထမ်းအင်အား၊ ပစ္စည်းအင်အား ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ/ မရှိတို့ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း က

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ ဆောက်လုပ်လှူဒါန်းရာတွင် ကျေးလက် ကျန်းမာရေးဌာန၊ ဌာနခွဲ ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပြီးမှသာ ဆောက်လုပ်လှူဒါန်းခွင့်ပြုပါကြောင်း၊ မရွှေဥကျေးရွာသည် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပန်းတိုင်ကျေးလက်ကျန်းမာရေးဌာန၊ ရေစိုကျေးလက် ကျန်းမာရေးဌာနခွဲအပိုင်တွင်တည်ရှိပြီး ရန်ကုန်- ပုသိမ်ကား လမ်းမကြီးဘေးတွင် တည်ရှိပါပြီး မရွှေဥကျေးရွာနှင့်အနီးကျေးရွာသည် ချော်နဲကုန်းကျေးရွာဖြစ်ပြီး မရွှေဥကျေးရွာတွင် လူဦးရေစုစုပေါင်း ၁၄၀၇ ဦးနှင့် ချော်နဲကုန်းကျေးရွာတွင် လူဦးရေမှာ ၁၉၆ ဦးရှိပါကြောင်း၊ ရေစို ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် မရွှေဥကျေးရွာသည် ၁.၅ မိုင်ခန့်ကွာဝေးပြီး နွေ၊ မိုးသွားလာ နိုင်သော ကွန်ကရစ်လမ်းရှိပြီး ကား၊ ဆိုင်ကယ်တို့ဖြင့်သွားလျှင် ၁၀  မိနစ်ခန့်သာကြာမြင့်ပါကြောင်း၊ ရေစိုကျေးလက်ကျန်းမာရေး ဌာန(ခွဲ)အောက်တွင် ရေစို၊ မငေးစု၊ မရွှေဥ၊ ချော်နဲကုန်း၊ စံပယ်ကုန်း၊ ခေါင်မိုး၊ ရေပန်ထား၊ ကုန်းပန်ထားရွာ ၈ ရွာရှိပြီး လူဦးရေစုစုပေါင်း ၅၀၉၆ ဦးရှိပြီး ရေစိုကျေး လက်ကျန်းမာရေးဌာန(ခွဲ)တွင် သားဖွားဆရာမ ၁ ဦးနှင့် ကျန်းမာရေးမှူး(၄) ၁ ဦး စုစုပေါင်း၂ ဦးဖြင့် ခွင့်ပြုဝန်ထမ်းအင်အား အပြည့်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ မရွှေဥ ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန(ခွဲ)ဖွင့်လှစ်ပါက အများဆုံးလာရောက်ပြသမည့် ကျေးရွာ များမှာ မရွှေဥ ကျေးရွာနှင့်ချော်နဲကုန်းကျေးရွာ ၂ ရွာသာရှိပြီး လူဦးရေအားဖြင့်  ၁,၆၀၃ ဦးသာ ရှိသည့်အတွက် မြေပြင်အခြေအနေပေါ်သုံးသပ်ချက်အရ ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ် ရန် လိုအပ်ချက် မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

နိုင်ငံတော်က အလှူရှင်ဆောင်ရွက် ပေးမည့်ကိစ္စကို ခွင့်မပြုနိုင်ဘူးဆိုသည်ကို စိတ်မကောင်း ဖြစ်မိပါကြောင်း၊ သို့သော် ၎င်းနေရာတွင် ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက် မှုကို အနီးကပ်ဆောင်ရွက်စေရန်အတွက် ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ ဆောင်ရွက်မည်ဆိုပါက  ဆောင်ရွက်ရန်ခွင့်ပြုနိုင်ခြေ ရှိ /မရှိ ဆက်စပ် မေးခွန်းအား မေးမြန်းပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း က 

ပုဂ္ဂလိက အလှူရှင်များ လှူဒါန်းမည့်အရာကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိလို့ မိမိ ဖြေကြားခြင်း မဟုတ်ပါကြောင်း၊ ၎င်းဖွဲ့စည်းပုံများကျလာပြီးမှ အလှူရှင်များကို နိုင်ငံတော်ဘတ်ဂျက်နှင့်  ဆောင်ရွက်ရန် အခက်အခဲရှိသည်ဆိုပါက အလှူရှင်များ စေတနာနှင့်လှူဒါန်းသည်ဆိုလျှင် လက်ခံပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဒါကတော့ လိုအပ်ချက်အရနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်နိုင်မှု အခြေအနေအရ တင်ပြတာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာကျေးရွာပေါင်း ၆၀,၀၀၀ ကျော်ရှိပါကြောင်း၊ သို့သော်ခုနပြောသည့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဖွဲ့စည်းပုံမှာ ၈,၀၀၀ ကျော် ပဲရှိပါကြောင်း၊ အကြမ်းဖျင်းအားဖြင့် ကျေးရွာ ၆ ရွာကို RHC လို့ခေါ်သည့် ကျန်းမာရေးဌာန၊ ကျန်းမာရေး ဌာန(ခွဲ)တစ်ခုဘဲရှိသည့် သဘောဖြစ်ပါကြောင်း၊ ရွာတိုင်းရွာတိုင်းတွင် လည်း လက်ရှိအခြေအနေအရ ကျန်းမာရေးဌာန(ခွဲ)များ ဖွဲ့စည်းပုံလည်းမရှိပါကြောင်း၊  လူ့စွမ်းအား အရင်းအမြစ်မွေးထုတ်နိုင်ခြင်းသည်လည်း နေ့ချင်းညချင်း မွေးထုတ်လို့မရပါကြောင်း၊ ၎င်းကိုတော့ရေရှည်ဆောင်ရွက်သွားပြီး အလှူရှင်တွေလှူဒါန်းသည့် တကယ်လည်း အရေးပေါ်လိုအပ်ချက်များရှိတယ်ဆိုပါက ၎င်းဖွဲ့စည်းပုံကို ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဆင့်ဆင့်ကိုတင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ယခုမေးသည့် ပုဂ္ဂလိကဆေးရုံဆောက်လျှင် ခွင့်ပြုနိုင်လား၊ ခွင့်မပြုနိုင်လားဆိုသည်မှာ ပုဂ္ဂလိကကျန်းမာရေးကြီးကြပ်မှုဗဟိုအဖွဲ့ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဌာနပေါင်းစုံပါပါကြောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတစ်ခု အသစ်တည်ထောင်ဖွင့်လှစ်မည်ဆိုပါက လုပ်ရမည့်လုပ်ထုံး လုပ်နည်းများ၊ Process လုပ်ရမည့်အဆင့်ဆင့်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင် ကျန်းမာရေးဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများမှ တစ်ဆင့် တင်ပြဆောင်ရွက်မည်ဆိုပါက မိမိတို့စိစစ်ပြီး ဌာနပေါင်းစုံ၏လိုအပ်ချက်များ ဥပမာ အားဖြင့် ဆိုလျှင် မီးသတ်ဦးစီးဌာနကဆိုလည်း အရေးပေါ်ထွက်ပေါက်များ၊ မီးသတ်နှင့် စပ်လျဉ်းသည့် လိုအပ်ချက်များရှိပါကြောင်း၊  ၎င်းသည် ဆေးကုသမှုနှင့်မဆိုင်သည့်ကိစ္စများဖြစ်ပါကြောင်း၊ ဦးစီးဌာနပေါင်းစုံ၏ လိုအပ်ချက်များ ပြည့်စုံသည်ဆိုပါက မိမိတို့အနေဖြင့် ပုဂ္ဂလိက ကျန်းမာရေး ကြီးကြပ်မှုဗဟိုကော်မတီကို တင်ပြပြီး  ခွင့်ပြုပေးလျက်ရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။