မြောက်ဥက္ကလာပမြို့နယ်တွင် ဓာတ်အားခွဲရုံအသစ်တစ်လုံးအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြောက်ဥက္ကလာပ မြို့နယ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကို 230KV လှော်ကားပင်မ ဓာတ်အား ခွဲရုံမှ 33 KV လှော်ကား Aa နှင့် Ab ဖီဒါကနေ ရယူသုံးစွဲနေခြင်းဖြစ်ပါကြောင်း၊ လှော်ကားမှ Aa ဖီဒါနှင့် မြို့နယ် ဓာတ်အားခွဲရုံကိုလည်းကောင်း၊ 33 KV Ab ဖီဒါနှင့် ဝေဘာဂီဓာတ်အားခွဲရုံကိုလည်းကောင်း ဓာတ်အားရယူ သုံးစွဲဖြန့်ဖြူး လျက်ရှိသည့်အပြင်၊ ရွှေပေါက်ကံစက်မှုဇုန်တွင် 33/11KV ဓာတ်အားခွဲရုံတစ်ရုံ ရှိပြီး မြောက်ဥက္ကလာပမြို့နယ်ရုံး ကို ချိတ်ဆက်ထားသည်ဟု သိရှိရပါကြောင်း။
မြောက်ဥက္ကလာပမြို့နယ်တွင် မြောက်ဥက္ကလာပစက်မှုဇုန်၊ ရွှေပေါက်ကံစက်မှုဇုန်တို့ စက်မှုဇုန် နှစ်ခု နှင့် အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများလည်း အများအပြားရှိပါကြောင်း၊ မြောက်ဥက္ကလာပ မြို့နယ်သည် လူဦးရေ ၃ သိန်းခွဲကျော်နေထိုင်ပြီး လူဦးရေများပြားသည့် မြို့နယ်တစ်ခုဖြစ်ပြီး အဓိက ဓာတ်အားလိုင်း 33KV လှော်ကား Aa နှင့် Ab ဓာတ်အားလိုင်းတစ်ခုတည်းပေါ်တွင် မူတည်နေရသည့်အတွက် ၎င်းဓာတ်အားလိုင်းသည် 230 KV ဓာတ်အားလိုင်း လှော်ကားမှ နေရယူထားသည့်အတွက် မြို့နှင့် အလှမ်းကွာ ဝေးပါကြောင်း၊ ဓာတ်အားလိုင်းသွယ်တန်းထားရခြင်း ကြာမြင့်လာပြီဖြစ်သည့် အတွက် ဓာတ်အား လိုင်းအပြစ်ဖြစ်ပွားပါက အပြစ်ရှာဖွေရာမှာလည်း အခက်အခဲများ ရှိနေပါကြောင်း၊ ၎င်းအပြင် လူဦးရေ များပြားခြင်း သုံးစွဲသည့်ဝန်အားများပြားလာသည့်အတွက် မကြာခဏ လျှပ်စစ်မီး ပြတ်တောက်မှုများ လည်း ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မြောက်ဥက္ကလာပမြို့နယ်နေပြည်သူများသည် လျှပ်စစ်မီးပေးသည့် အချိန်တွင် ပြည့်ဝစွာသုံးစွဲနိုင်ရေးကို အထူးလိုလားလျက်ရှိပါပြီး မြောက်ဥက္ကလာပမြို့နယ်တွင်လည်း လျှပ်စစ်ဓာတ်အားခွဲရုံအသစ် ထပ်မံတည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ မြောက်ဥက္ကလာပမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားမှုအား လျှော့ချနိုင်ရေးနှင့် ဓာတ်အားသုံးစွဲရာမှာ ဝန်အားလုံလောက်ရေးတို့အတွက် လျှပ်စစ် ဓာတ်အားခွဲရုံအသစ်ထပ်မံတည်ဆောက်ပေးရန် အစီအစဉ် ရှိ /မရှိ နှင့်အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က
မြောက်ဥက္ကလာပမြို့နယ်တွင် အိမ်ထောင်စုဧရိယာ ၇၀,၀၀၀ ရှိပြီး ဓာတ်အား သုံးစွဲသူ ဦးရေ ၅၉,၀၀၀ နီးနီးရှိပါကြောင်း၊ မီးလင်းမှုရာခိုင်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီး လက်ရှိ မြောက်ဥက္ကလာ မြို့နယ်တစ်ခုလုံး၏ ဓာတ်အားသုံးစွဲမှုဝန်အားသည် ၃၉ မဂ္ဂါဝပ်ခန့်ရှိပါကြောင်း၊ ဓာတ်အားစနစ် အနေဖြင့် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၀.၄ ကေဗွီ ဖြန့်ဖြူးရေး စနစ်များနှင့် ဓာတ်အား ပေးလျက်ရှိပါကြောင်း၊ ဖြန့်ဖြူးရေးထရန်စဖော်မာများအနေဖြင့် ၅၁၇ လုံး တပ်ဆင်ပြီး ဓာတ်အားဖြန့်ဖြူးလျက်ရှိပါကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၆၆ ကေဗွီ ဓာတ်အား လိုင်းနှစ် လိုင်း၊ ခွဲရုံ တစ်ရုံ၊ တပ်ဆင်အင်အားမှ ၇၀ အမ်ဗွီအေ ရှိပါပြီး ဖြန့်ဖြူးရေးဖြင့် ၃၃ ကေဗွီဓာတ်အား ခွဲရုံက ဓာတ်အားလိုင်းက ငါးလိုင်းရှိပြီး ခွဲရုံသုံးရုံ၊ ၈၀ အမ်ဗွီအေရှိပါကြောင်း၊ ၁၁ ကေဗွီ လိုင်းအနေဖြင့် ၃၁ လိုင်းရှိပါကြောင်း ၊ မြောက်ဥက္ကလာပမြို့နယ်တွင် တည်ဆောက်ထားသည့် ဖြန့်ဖြူးရေးဓာတ်အား ခွဲရုံများ နှင့် ဆက်သွယ်ထားသည့် ၆၆ ကေဗွီ ရွှေပေါက်ကံခွဲရုံနှင့် ၃၃ ကေဗွီ မြောက်ဥက္ကလာပမြို့နယ် ရုံးခွဲရုံရှိပြီး ဝေဘာဂီ ၃၃ ကေဗွီခွဲရုံ၊ ကုန်းဘောင် ၃၃ ကေဗွီဓာတ်အားခွဲရုံရှိပြီး ၎င်းတို့အားလုံးသည် ဒဂုံ (အရှေ့ပိုင်း) ပင်မခွဲရုံနှင့် လှော်ကားပင်မခွဲရုံမှ ဓာတ်အားများရယူပြီး ဓာတ်အားဖြန့်ဖြူးလျက် ရှိပါကြောင်း ။
ထိုင်းနိုင်ငံ Neighbouring Countries Development Cooperation Agency (NEDA) နှင့် ချေးငွေရယူရန် ရွှေပေါက်ကံတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများမှ ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံ သုံးရုံကို အဆင့်မြှင့်တင်တည်ဆောက်မည်ဖြစ်ပြီး ရွှေပေါက်ကံတွင် ၆၆ / ၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ နှစ်လုံးထိုင်မည်ဖြစ်ပြီး ဝေဘာဂီ ခွဲရုံတွင် ၆၆ / ၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ နှစ်လုံး၊ မြောက်ဥက္ကလာပ ခွဲရုံတွင် ၆၆ / ၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ နှစ်လုံးထိုင်မည်ဖြစ်ပါကြောင်း။
အလားတူပဲ ၎င်းခွဲရုံများကို ဓာတ်အားရယူရန်အတွက် ၆၆ ကေဗွီဓာတ်အားလိုင်း ငါးလိုင်း တည်ဆောက်မည်ဖြစ်ပြီး ဒဂုံ(အရှေ့)ဓာတ်အားခွဲရုံက ရယူမည့် ဓာတ်အားလိုင်းနှစ်လိုင်း၊ ရွှေပေါက်ကံခွဲရုံမှယူမည့်ဓာတ်အားလိုင်းတစ်လိုင်း၊ မြောက်ဥက္ကလာပခွဲရုံကခွဲယူမည့် ဓာတ်အားလိုင်း တို့ဖြစ်ပါကြောင်း၊ ၎င်းတို့အားလုံးကို အဆင့်မြှင့်တင်လဲလှယ်သွားမည်ဖြစ်ပါကြောင်း၊ ဓာတ်အား လိုင်း အနေဖြင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကိုလည်း ဆက်ပြီးအဆင့်မြှင့်တင်လဲလှယ် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ။
ထို့အပြင် မီးသုံးစွဲပြည်သူများ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားမှုလျှော့ချနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာရရှိနိုင်ရန်အတွက် ဓာတ်အား စနစ်တိုးတက်ကောင်းမွန်မှုအစီအမံ (System Development Plan)၊ ဓာတ်အားစနစ်ဖွံ့ဖြိုးမှု အစီအမံ (System Improvement Plan) နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေးအစီအမံများကို ကာလတို၊ ကာလလတ်၊ ကာလရှည် အစီအမံများရေးဆွဲပြီး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေခွဲဝေ ခွင့်ပြုမှုအပေါ်မှာမူတည်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း၏ ကိုယ်ပိုင်ရန်ပုံငွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရရန်ပုံငွေတို့ဖြင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက် ရေးလုပ်ငန်းများ၊ ဓာတ်အားဖြန့်ဖြူးရေးထရန်စဖော်မာများနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်း၊ အစားထိုးတည်ဆောက်ခြင်းများ၊ Advanced Metering Infrastructure - AMI Smart Meter စနစ်အား အကောင်အထည်ဖော်ခြင်းလုပ်ငန်းများကို နှစ်အလိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေးဆွဲထားသည့် အစီအမံများနှင့်အညီ ခွဲဝေခွင့်ပြု ရရှိသည့် ရန်ပုံငွေများအပေါ်မှာမူတည်ပြီးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်းနှင့် လက်ရှိအခြေအနေတွင် မြောက်ဥက္ကလာပမြို့နယ်ထဲ၌ ဖြန့်ဖြူးရေး ခွဲရုံရှစ်ရုံ တည်ဆောက်ခွင့်ပြုထားပြီး ၎င်းတို့ကိုဆက်လက် တည်ဆောက်မည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလတွင် လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။