အောင်လံခရိုင်အတွင်း ရန်ကုန်-ပြည်-မန္တလေးလမ်းပိုင်းများအား စာချုပ်ပါအတိုင်း မည်ကဲ့သို့ပြုပြင် ထိန်းသိမ်းလျက်ရှိပြီး မည်ကဲ့သို့ဆက်လက်ဆောင်ရွက်သွားမည်နှင့် ပျက်စီးနေသည့်လမ်းပိုင်းများအား အမြန်ဆုံးပြုပြင်နိုင်ရေး မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
အောင်လံခရိုင်အတွင်းတွင်ရှိသည့် ကျေးလက်နေပြည်သူများသည် ရန်ကုန်-ပြည်-မန္တလေးကား လမ်းမကြီးကိုအခြေပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လို့ရှိလျှင် ကျေးရွာများတွင်ရှိသည့် ကျောင်းသား ကျောင်းသူတွေအနေနှင့်လည်းကျောင်းသွားလာရာ၌ ပိုမိုအဆင်ပြေ၍ ပညာရေး ဆိုင်ရာ အခွင့်အလမ်းတွေအတွက်လည်း အထောက် အကူပြုမည်ဖြစ်သကဲ့သို့ ကျန်းမာရေးကဏ္ဍ၌ လည်း ဆေးရုံ၊ ဆေးခန်းအချိန်မီပို့ဆောင်နိုင်သည့်အတွက်ကြောင့် အဆင်ပြေချောမွေ့မှုဖြစ်နိုင်သည့်အတွက် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးသည် အဓိကအရေးပါသည့် အခန်းကဏ္ဍမှာပါဝင်ပါကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုလျင်မြန်စေရေး၊ ဈေးကွက်ချိတ်ဆက် မှုကောင်းမွန်စေရေးနှင့် ဒေသစီးပွား တိုးတက်ကောင်းမွန်စေရေးတို့အတွက် ရန်ကုန်-ပြည်-မန္တလေး ကားလမ်းမကြီး၏ ကြံ့ခိုင်ကောင်းမွန် မှုသည် အရေးကြီးသောအခြေခံလိုအပ်ချက်ဖြစ်ပါကြောင်း၊ အောင်လံခရိုင်အတွင်း ရန်ကုန်-ပြည်-မန္တလေးကားလမ်းမကြီး၏ လမ်းပိုင်းများဖြစ်သည့်ရန်ကုန်-ပြည်-မန္တလေးလမ်းပိုင်း မိုင်တိုင်အမှတ် ၁၉၃ မိုင် ၅ ဖာလုံမှ ၂၅၅ မိုင် ၄ ဖာလုံ ၂၉၄ ပေအထိ ၆၁ မိုင် ၇ ဖာလုံ ၂၉၄ ပေရှိပါကြောင်း၊ ကိုးပင်-စမ်းမကြီး-သစ်ရာကောက်လမ်းတွင် မိုင်တိုင်အမှတ် ၀ မိုင်မှ ၃ မိုင် ၃ ဖာလုံအထိကို Max Highway ကုမ္ပဏီမှ BOT စနစ်နှင့် ၂၀၀၈ ခုနှစ်ကတည်းက စာချုပ် ချုပ်ဆို၍ဝန်ယူဆောင် ရွက်ခဲ့ပါကြောင်း၊ အဆိုပါလမ်းပိုင်းများတွင် ယာဉ်အသုံးပြုမှုများပြားသည့် လမ်းပိုင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် အောင်လံအဝင်ဂိတ်၌ တစ်ရက်ပျမ်းမျှယာဉ်အစီးရေ ၅၈၇ စီး၊ အောင်လံအထွက်ဂိတ်၌ ပျမ်းမျှယာဉ် အစီးရေ ၅၅၅ စီး ဖြတ်သန်းလျက်ရှိပါကြောင်း။
တင်ပြပါ BOT စနစ်နှင့်တာဝန်ယူ ထားသည့် Max Highway ကုမ္ပဏီ၏လမ်းပိုင်းတွင် အောင်လံ မြို့နယ်အတွင်း၌ ကြည့်လျှင် ၁၉၇ မိုင် ၃ ဖာလုံမှ ၂၁၉ မိုင် ၃ ဖာလုံအထိ အောင်လံမြို့ အဝင်လမ်း၊ ၂၁၉ မိုင် ၃ ဖာလုံမှ ၂၂၅ မိုင် ၄ ဖာလုံအထိ အောင်လံမြို့တွင်းလမ်း၊ ၂၂၅ မိုင် ၃ ဖာလုံမှ မြို့အထွက်ဂိတ်၊ ၂၃၁ မိုင် ၄ ဖာလုံ ကန်စင်းလမ်းပိုင်းနှင့် ရန်ကုန်-ပြည်-မန္တလေးလမ်းပိုင်း၊ ဆင်ပေါင် ဝဲ မြို့နယ် အပိုင်းတွင် ၂၃၂ မိုင်မှ ၂၃၂ မိုင် ၆ ဖာလုံအထိလမ်းပိုင်း၊ ၂၃၅ မိုင် ၇ ဖာလုံမှ ၂၄၁ မိုင် ၄ ဖာလုံအထိ လမ်းပိုင်း၊ ၂၄၁ မိုင် ၆ ဖာလုံမှ ၂၄၄ မိုင်အထိ လမ်းပိုင်း၊ ၂၄၅ မိုင် ၁ ဖာလုံမှ ၂၅၂ မိုင် ၁ ဖာလုံအထိ လမ်းပိုင်း၊ ၂၅၂ မိုင် ၅ ဖာလုံမှ ၂၅၅ မိုင် ၄ ဖာလုံ ၂၉၄ ပေအထိလမ်းပိုင်းနှင့် ကိုးပင်-စမ်းမကြီး-သစ်ရာ ကောက်-ဆင်ပေါင်ဝဲ မိုင်တိုင်အမှတ် ၃ ဖာလုံ ကနေ ၁ မိုင် ၃ ဖာလုံအထိ လမ်းများတွင် လမ်းသား ပျက်စီးခြင်း၊ ချိုင့်ခွက်များဖြစ်ပေါ်ခြင်း၊ လမ်းများ နိမ့်ကျခြင်း၊ လမ်းမျက်နှာ ပြင်များ ပျက်စီးယိုယွင်း လျက်ရှိသည့်အတွက်ကြောင့် လမ်းခရီးကြန့်ကြာ နှောင့်နှေးမှုများ ဖြစ်ပေါ်လေ့ ရှိပါကြောင်း၊ အမြန် လမ်းကွန်ရက်အဆင့်တွင်ပါဝင်သည့် လမ်းဖြစ်သည့် အတွက်ကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် မလိုလားအပ်သော ယာဉ်မတော်တဆမှုများမဖြစ်ပွားစေရန်အတွက် အမြန်ဆုံး ပြင်ဆင်ရန်၊ ဆောင်ရွက် ရန်လိုအပ်လျက်ရှိသည့် လမ်းကြောင်းဖြစ်ကြောင်း၊ လက်ရှိ Max Highway ကုမ္ပဏီမှ BOT စနစ်နှင့် ဆောင်ရွက်လျက်ရှိသည့် လမ်းပိုင်း ထဲမှ ပျက်စီးသည့်လမ်းတချို့သည့် တင်ပြခြင်းဖြစ်ပါကြောင်း။
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အတွင်း Max Highway ကုမ္ပဏီမှ တာဝန်ယူဆောင် ရွက် လျက်ရှိသည့် ရန်ကုန်-ပြည်-မန္တလေးလမ်းပိုင်း များသည် စာချုပ်ပါစည်းမျဉ်းစည်းကမ်းများနှင့်အညီ မည်ကဲ့သို့ ပြုပြင်ထိန်းသိမ်းလျက်ရှိသည်၊ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်နှင့် မိုင်တိုင် ၁၉၇ မိုင် ၃ ဖာလုံမှ ၂၅၅ မိုင် ၄ ဖာလုံနှင့် ကိုးပင်-စမ်းမကြီး-သစ်ရာကောက်လမ်း မိုင်တိုင် ၃ ဖာလုံမှ ၁ မိုင် ၃ ဖာလုံအတွင်း ပျက်စီးယိုယွင်း လျက်ရှိတဲ့လမ်းပိုင်းများသည် မည်ကဲ့သို့ပြုပြင် ထိန်းသိမ်း ဆောင်ရွက် သွားမည်နှင့် မည်သည့်အချိန်တွင် ပြီးစီးအောင်ပြင်ဆင်ဆောင်ရွက်သွားမည်ကို မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် က
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အတွင်း BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုအစိုးရမှစီမံခန့်ခွဲသည့် ရန်ကုန်-ပြည်-မန္တလေးလမ်းပိုင်း မိုင်တိုင် ၁၉၃/၅ မှ ၂၅၅/၄ အထိ ၆၁ မိုင် ၇ ဖာလုံနှင့် ကိုးပင်-စမ်းမကြီး- သစ်ရာကောက်လမ်း မိုင်တိုင် ၀/၀ မှ ၃/၃ အထိ ၃ မိုင် ၃ ဖာလုံလမ်းပိုင်းတွင် ပါဝင်ပါကြောင်း၊ လက်ရှိ လမ်းအခြေအနေတွင် ကတ္တရာလမ်း ၆၅ မိုင် ၂ ဖာလုံ ဖြစ်ကြောင်း။
ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားသည့် အဆိုပါလမ်းပိုင်းသည် ရန်ကုန်-ပြည်-မန္တလေးလမ်း၏ မိုင်တိုင် (၁၉၇/၃)မှ (၂၅၅/၄)အတွင်း ၈၅ မိုင် ၁ ဖာလုံလမ်းပိုင်းဖြစ်ပြီး ကတ္တရာလမ်းအမျိုးအစား ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လမ်းမိုင်ပေါင်း ၄,၆၀၀ မိုင် ၁ ဖာလုံရှိပြီး လက်ရှိ လမ်းအခြေအနေတွင် ကတ္တရာကွန်ကရစ်လမ်း ၁၃ မိုင်၊ ကွန်ကရစ်လမ်း ၈ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၂,၂၇၆ မိုင် ၆ ဖာလုံ၊ Paved Road အနေနှင့် ၄၉ ရာခိုင်နှုန်းရှိပါကြောင်းး၊ ကျောက် လမ်းအနေနှင့် ၄၄၈ မိုင် ၁ ဖာလုံ၊ အမာခံလမ်းအနေနှင့် ၁,၂၂၂ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၅၀၆ မိုင် ၄ ဖာလုံနှင့် ဆိုင်ကယ်လမ်း ၁၂၄ မိုင် ၄ ဖာလုံ Unpaved 51 ရာခိုင်နှုန်းရှိပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်-ပြည်-မန္တလေးလမ်းပိုင်း မိုင်တိုင် ၁၉၇/၃ မှ ၂၅၅/၄ အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၃ ဖာလုံ၊ လမ်းအနိမ့်၊ အမြင့်ဖြေညှိခြင်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၁ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်းပေါက်ဖာထေးခြင်း ၃၀ မိုင်အတွင်း ၈၀,၀၀၀ စတုရန်းပေ၊ လမ်းနိမ့်ကျွံကျမှုအားပြုပြင်ပေးခြင်း ၁ မိုင်အတွင်း စတုရန်း ပေ ၅,၀၀၀၊ လမ်းပခုံးပြုပြင်ခြင်း ၁ မိုင် ၇ ဖာလုံ၊ ရေဆုံးတံတား ၁၁၈ ပေအရှည် တည်ဆောက် ခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကိုးပင်-စမ်းမကြီး-သစ်ရာကောက်လမ်း မိုင်တိုင် ၀/၀ မှ ၃/၃ အတွင်း ဆောင်ရွက် မည့်လုပ်ငန်းစီမံချက်များတွင် ကတ္တရာလမ်းပေါက်ဖာပြုပြင်ခြင်း စတုရန်းပေ ၅,၀၀၀ ကို လမ်းချော မွေ့စေရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
မကွေးတိုင်းဒေသကြီး၊ အောင်လံ ခရိုင်အတွင်း BOT စနစ်ဖြင့်ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပြည်-မကွေး-မန္တလေးလမ်းပိုင်းသည် လမ်းသားချောမွေ့ကောင်းမွန်စေပြီး ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများသည် နှစ်စဉ်စီမံချက် ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိပြီး စီမံချက်များ အတိုင်းပြီးစီးအောင် လမ်းဦးစီးဌာန၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်မှ အနီးကပ်ညွှန်ကြား၍ ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ ပါသည်။