တပ်ကုန်းမြို့နယ်၊ အောင်မြေရိပ်သာ- နောင်ဘိုအိုး- ကံကြီး ကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ခရိုင်ချင်းဆက် လမ်းမကြီးသည် နေပြည်တော်- တပ်ကုန်း- ရမည်းသင်း- ပျော်ဘွယ်- မိတ္ထီလာ စသည်ဖြင့် တောက်လျှောက်ကြီး ကွန်ကရစ်လမ်းခင်းထားခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်း၏ အရှေ့ဘက်တွင် နောင်ဘိုအိုး- ကံကြီး- အောင်မြေရိပ်သာ ရွာများရှိပြီး အိမ်ထောင်စု လူဦးရေ ၅,၀၀၀ ကျော် ရှိပြီး ခရိုင်ချင်း ဆက်လမ်းကိုဖောက်မည်ဆိုပါက ၂ မိုင်နှင့် ၆ ဖာလုံရှိပါကြောင်း၊ ၎င်း ၂ မိုင်နှင့် ၆ ဖာလုံ လမ်းသည် မိုးရာသီတွင်ဗွက်များထနေသည့်အတွက် ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းအဖြစ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နိုင်ခြင်း ရှိ / မရှိ မေးမြန်းပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အောင်မြေရိပ်သာ - နောင်ဘိုအိုး - ကံကြီးကျေးရွာချင်းဆက်လမ်း သည် မိုးရာသီတွင် ရွံ့ဗွက်များနှင့် သွားလာရ ခက်ခဲသည့် လမ်းဖြစ်ပြီး ၂ မိုင်နှင့် ၆.၆၂ ဖာလုံ ရှိပြီး ပြည်ထောင်စုမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ရာသီမရွေး ဆက်သွယ်နိုင်သည့်လမ်းအဖြစ်ကို ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်သည့်အတွက် လာမည့် ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ၂ မိုင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားတင်ပြထားပြီး ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် ၆.၆၂ ဖာလုံ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ရန်အတွက် နေပြည်တော်ကောင်စီ ဖြည့်စွက်ရန်ပုံငွေတွင် လျာထားတင်ပြပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။