အမျိုးသမီးထု၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ဥပဒေ၊ စီမံကိန်းများချမှတ်ထားရှိ မှုနှင့် (IDP) စခန်းများရှိ အမျိုးသမီးများ၏လုံခြုံရေးအတွက် အရေးပေါ်စီမံကိန်းများ မည်သို့ချမှတ် ထားသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ကျား၊ မ အချိုးမှာ ၅၃ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများဖြစ်ကြပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေး နှင့် လူမှုစီးပွားဘဝတည်ဆောက်ရေးတွင် အမျိုးသမီးထုသည် အဓိကကျသည့်အင်အားစုကြီး ဖြစ်ပါကြောင်း၊ ယခုအခါ အမျိုးသမီးများ၏ကဏ္ဍကို အထူးပြုစောင့်ရှောက်ရန် အမျိုးသမီးရေးရာ ဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းတည်ထောင်ပေးခဲ့သည့်အတွက် အမျိုးသမီးထုတစ်ရပ်လုံးမှာ မျှော်လင့်ချက် အသစ်များ များစွာရှိနေကြပြီး နိုင်ငံတော်ဒုတိယသမ္မတမှ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) ၂၀၂၃-၂၀၃၀ ပြည့်နှစ် ဦးဆောင်ကော်မတီအစည်းအဝေးကိုလည်း ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည့်အတွက် အလွန်ကောင်းမွန်သည့်မူဝါဒပိုင်းဆိုင်ရာခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း။
သို့သော် ဒေသခံပြည်သူများနှင့် မြေပြင်အခြေအနေများကို တိုက်ရိုက်ကွင်းဆင်း လေ့လာဆန်း စစ်ချက်များအရ ပြည်ထောင်စုတစ်ဝန်းလုံးရှိ ကျေးလက်နေအမျိုးသမီးများနှင့် အထူးသဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်များ အပါအဝင် IDP စခန်းများ ရှိရာကို အနယ်နယ်အရပ်ရပ်မှ နေရပ်စွန့်ခွာနေရသည့် ပြည်သူများနှင့် တောတောင်များထဲတွင် ခိုလှုံ နေရသူအမျိုးသမီး၊ မိန်းကလေးငယ်များသည် အလွန်စိုးရိမ်စရာကောင်းသည့် ဘဝလုံခြုံရေး စိန်ခေါ်မှု များကို ရင်ဆိုင်နေရဆဲဖြစ်ပါကြောင်း၊ ၎င်းတို့သည် လူကုန်ကူးမှုဘေးအန္တရာယ်၊ လုပ်ငန်းခွင် အတွင်း နှောင့်ယှက်စော်ကားခံရမှုများ၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံအခွင့်အရေးဆုံးရှုံးမှု များအပြင် ကျား မ ရေးရာအခြေခံသည့် အကြမ်းဖက်မှုအန္တရာယ်များကို မြေပြင်တွင် လက်တွေ့ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တဲ့အပြင် လက်ရှိတည်ဆဲ ရာဇသတ်ကြီးဥပဒေသည်လည်း ယနေ့ခေတ် အမျိုးသမီးများရဲ့ အထက်ပါဖြစ်စဉ်များကို ခေတ်စနစ်နဲ့အညီ ထိရောက်စွာကာကွယ်ပေးနိုင်ရန် ဥပဒေကြောင်းအရ လစ်ဟာချက်များရှိနေဆဲဖြစ်ပြီး ၎င်းတို့ရဲ့စွမ်းဆောင်ရည်တွေကိုလည်း မြှင့်တင် ပေးရန်က အရေးတကြီးဖြေရှင်းရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း။
၅၃ရာခိုင်နှုန်းကျော်သော အမျိုးသမီးထုဘဝလုံခြုံမှသာ နိုင်ငံတော်ကြီးသည်လည်း ဘေးကင်း လုံခြုံပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မြေပြင်တွင်ကြုံတွေ့နေရသည့် ဖြစ်ရပ်မှန်များအပေါ် အခြေခံပြီး အမှန်တကယ်ထိရောက် အသက် ဝင်မည့် မူဝါဒ၊ ဥပဒေနှင့် အရေးပေါ်စီမံကိန်းများကို သိရှိလိုပါသဖြင့် အောက်ပါမေးခွန်းသုံးချက်ကို မေးမြန်းသွားမည် ဖြစ်ပါကြောင်း-
(၁) ပြည်ထောင်စုတစ်ဝန်းလုံးရှိ အမျိုးသမီးများကိုအကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများမှ ကာကွယ် ပေးနိုင်မည့် တိကျခိုင်မာသောဥပဒေကြောင်းအရ မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ထားကြောင်းနှင့် လစ်ဟာချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက သက်ဆိုင်ရာဝန်ကြီးဌာနကိုယ်တိုင် ဦးဆောင်ပြီးစနစ်တကျ ရေးဆွဲခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကြမ်းကို မည်သည့်အချိန်ကာလတွင် လွှတ်တော်သို့ အတည်ပြုချက်ရယူရန် တင်သွင်းသွား မည်ကို သိရှိလိုပါတယ်။
(၂) နိုင်ငံတော်၏ အဓိကအင်အားစုကြီးဖြစ်သော အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ခရီးသွားလာရာတွင် ခရီးစဉ်လုံခြုံမှုရှိရေးနှင့် တရားဥပေဒစိုးမိုးရေး အတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့်၊
(၃) လက်ရှိတွင် အလွန်ထိခိုက်လွယ်လှပြီး အကာအကွယ်မဲ့နေသော IDP စခန်းများရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေး အတွက် တရားဥပဒေစိုးမိုးရေးကို အမြန်ဆုံးသက်ရောက်မှုရှိမည့် အရေးပေါ်စီမံကိန်း များကို မည်သို့ရေးဆွဲချမှတ်ထားရှိသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အမျိုးသမီးရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာနေသွယ်ကြည် က
အမျိုးသမီးရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ အမျိုးသမီးထု၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသော မူဝါဒ ၅ ရပ်ဖြစ်သည့် -
(က) ကျေးလက်နေအမျိုးသမီးများအပါအဝင် အမျိုးသမီးများအားလုံး ဘက်စုံဖွံ့ဖြိုးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ရေး၊
(ခ) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ အမျိုးသမီးများတန်းတူ အခွင့် အရေး ရရှိစေရေးအတွက် လိုအပ်သည့် ဥပဒေများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊
(ဂ) ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော အမျိုးသမီးများအား ထိရောက်သည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးရေး၊
(ဃ) ကဏ္ဍစုံမှာ ကျား၊ မ ရေးရာ ထည့်သွင်းစဉ်းစားခြင်းဖြင့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ အားကောင်းလာစေမည့် အစီအမံများအား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊
(င) ကုလသမဂ္ဂမှ ချမှတ်ထားသော စဉ်ဆက်မပြတ် တိုးတက်မှုရည်မှန်းချက် ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေပါကြောင်း။
အမျိုးသမီးများ၊ မိန်းကလေးငယ်များဆိုင်ရာနှင့်စပ်လျဉ်းပြီး လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေများ ဖြစ်သည့် -
(က) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၇၊ ပုဒ်မ ၃၄၈ အရ တန်းတူညီမျှမှုနှင့် ကျား ၊ မ ခွဲခြားဆက်ဆံမှုမပြုရေး၊ ပုဒ်မ ၃၅၀ ၊ ပုဒ်မ ၃၅၁ အရ အမျိုးသမီး၊ မိခင်၊ ကလေးနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ အခွင့်အရေးများကိုပြဋ္ဌာန်းထားခြင်း၊
(ခ) ရာဇသတ်ကြီးပုဒ်မအရ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ပြန်ပေးဆွဲမှုနှင့် ဆက်စပ်ပြစ်မှု များကို အရေးယူနိုင်သည့်ပြဋ္ဌာန်းချက်များပါဝင်ခြင်း၊
(ဂ) ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် မိန်းကလေးငယ်များ အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်ရေးကို ပြဋ္ဌာန်းထားခြင်း၊
(ဃ) ၂၀၁၅ ခုနှစ်၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေသည် တရားဝင် အိမ်ထောင်ရေးတည်ငြိမ်ရေးနှင့် အမျိုးသမီးများ အခြားဇနီးအဖြစ် ထပ်မံထားရှိခံ ရမှုမှ ကာကွယ်ရေးကိုရည်ရွယ်ခြင်းစသည့် ပြဋ္ဌာန်းချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသမီးရေးရာဝန်ကြီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေသည့် အမျိုးသမီး များနှင့် ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် အမျိုးသမီးငယ်ရွယ်များအတွက် ရန်ကုန် တိုင်းဒေသကြီးမှာ သုံးကျောင်း၊ မန္တလေးတိုင်းဒေသကြီးမှာ နှစ်ကျောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှာ တစ်ကျောင်း၊ ရှမ်းပြည်နယ်မှာ နှစ်ကျောင်း စုစုပေါင်းသင်တန်းကျောင်း ရှစ်ကျောင်း ဖွင့်လှစ်ထားရှိ၍ လက်ခံစောင့်ရှောက်ထားပြီး အတန်းပညာဆက်လက်သင်ယူစေခြင်း၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးခြင်း၊ ပြင်ပအလုပ်အကိုင်ရှာဖွေပေးခြင်း၊ လူမှုအဖွဲ့အစည်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါကြောင်း၊ ထို့အပြင် အမျိုးသမီးများ အပေါ်အကြမ်းဖက်ခံရမှုများကို တိုင်ကြားနိုင်ရန် Helpline ဖုန်း ၁၅၄၄ ကို ဖွင့်လှစ်ထားရှိပြီး တိုင်ကြားလာမှုများကို ဥပဒေအရစိစစ်အရေးယူဆောင်ရွက်နိုင်ရေးအတွက် Service Provider များနှင့် ဖြေရှင်းအကူအညီပေးနေပါကြောင်း၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လွိုင်ကော်၊ လားရှိုး၊ မုံရွာနှင့် စစ်တွေမြို့တို့မှာလည်း တစ်နေရာတည်းမှာ ဝန်ဆောင်မှု ပေးသည့် စင်တာ (One Stop Women Support Center- OSWSC) ခုနစ်ခုကို ဖွင့်လှစ်ထားရှိပြီး နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် ယာယီစောင့်ရှောက်မှုပေးခြင်း၊ တရားရေးဆိုင်ရာ ချိတ်ဆက်မှုပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး OSWSC များကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဒုတိယမေးခွန်းဖြစ်သည့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှုများကို ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘေဂျင်းကြေညာ စာတမ်းနှင့် လုပ်ငန်းစီမံချက်၏ ဦးစားပေးနယ်ပယ် ၁၂ ရပ်နှင့်အညီ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃၂ မူဘောင်ချမှတ်ထားပြီး ၎င်းစီမံကိန်းမှာ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး၊ လူ့အခွင့်အရေးနှင့် အရေးပေါ်အခြေအနေများဆိုင်ရာ လုပ်ငန်း နယ်ပယ်များ ပါဝင်ပါကြောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာရပ်များဖြင့် မိမိကိုယ်တိုင် ရပ်တည် နေထိုင်နိုင်စေရန်နှင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ၁၁ ကျောင်းကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံ၊ ထားဝယ်မြို့နှင့် ဟားခါးမြို့တို့မှာ ဖွင့်လှစ်ထားရှိပြီး ကျောင်းနှင့် ရပ်ရွာအခြေပြုသင်တန်းများအပြင် IDP စခန်းများ၊ ပဋိပက္ခဖြစ်ပွားရာနှင့် သဘာဝ ဘေးသင့် ဒေသများမှာရှိတဲ့ ပြည်သူများကိုလည်း အသက်မွေးဝမ်းကျောင်းပညာများ သင်ကြား ပေးလျက်ရှိရာ သင်ကြားလိုသူများရဲ့ စိတ်ပါဝင်စားမှုကို အခြေခံ၍ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်ပေးပြီး အမျိုးသမီးများ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဈေးကွက်ချိတ်ဆက်နိုင်ရေးနှင့် အလုပ်အကိုင်ရရှိရေး တို့ကို ပံ့ပိုးပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုသည့်အမျိုးသမီးများအနေဖြင့် နယ်ပယ်အသီးသီးတွင် စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့်ကျေးလက်ဒေသနေ အမျိုးသမီးများ ပါမကျန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်ဒေသနေ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကိုရေးဆွဲပြီး စီမံချက်ပထမအဆင့်အနေဖြင့် ဗဟိုအဆင့်ဆရာဖြစ် သင်တန်းဖွင့်လှစ် သင်ကြား ပေးခဲ့ပြီးနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင်ရှိသည့် ကျေးရွာ ၄၅ ရွာတို့၏ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည် ရေး၊ ကူးစက်၊ မကူးစက်ရောဂါများ ကာကွယ်ရေး၊ အာဟာရနှင့်မျိုးဆက်ပွားကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေရရှိရေး၊ သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေးစသည့်ကဏ္ဍ ၆ ရပ်နှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံချက်အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းပြီး ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အလိုက်ကွင်းဆင်းပြီး စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီး စီမံချက်ကို ဘဏ္ဍာရေးနှစ် အလိုက်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
တတိယမေးခွန်းဖြစ်သည့် IDP စခန်းများရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အရေးပေါ် အခြေအနေတွင် ဘေးကင်းလုံခြုံမှုနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ထားရှိမှုကို ဖြေကြားသွားမည်ဖြစ်ပါ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေတွင် ပါဝင်သည့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာမှာ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် သားသည်မိခင် များအား ဦးစားပေးကူညီစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ဘေးသင့်သူများအား ထောက်ပံ့ကူညီရာ တွင် လူ့ဂုဏ်သိက္ခာ ထိခိုက်စေမည့်ပြုမူဆောင်ရွက်မှုမျိုး မဖြစ်စေရန် ရှောင်ကြဉ်ရမည်ဟူသည့် အချက်နှင့်အညီ အလေးထား ဆောင်ရွက်လျက်ရှိရာ IDP Camps များရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များနှင့် ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (Phase II)၏ အမျိုးသမီးများနှင့် အရေးပေါ် အခြေအနေများဆိုင်ရာလုပ်ငန်း နယ်ပယ်ပါလုပ်ငန်းစဉ် ၁၉ ချက်မှာလည်း ထည့်သွင်းထားရှိပြီး အဖွဲ့ဝင်ဌာနများနှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။
လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၆.၆.၂၀၂၂ ရက်နေ့ တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ အမျိုးသမီးနှင့်ကလေးသူငယ် များကို အထူးကာကွယ်မှုပေးထားပြီး ၎င်းဥပဒေအရ ဖွဲ့စည်းထားသည့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်း ကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီး ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပေါင်းစပ်ညှိနှိုင်းပြီး ယာယီလက်ခံစောင့်ရှောက်ထားသည့် ဂေဟာများတွင်ရှိသည့် လူကုန်ကူးခံရသည့်အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ်များအား အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ Psycho Social Support ပေးခြင်း၊ နှစ်သိမ့်မှုများ ဆွေးနွေး ပေးခြင်း၊ တရားရုံးသို့ သက်သေထွက်ဆိုနိုင်ရေး လိုအပ်သောအကူအညီနှင့် သတင်းအချက်အလက် များပံ့ပိုးပေးခြင်း၊ လူကုန်ကူးခံရသူ၏ဆန္ဒအရ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သော ကုသမှု များရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ မိသားစုစုံစမ်းခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် သက်ဆိုင်ရာ မိဘရပ်ထံသို့လူကုန်ကူးခံရသူ၏ဆန္ဒနှင့်အညီ ပို့ဆောင်အပ်နှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုသက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သင်တန်း၊ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများမှတစ်ဆင့်လည်း ၎င်းတို့၏စွမ်းရည်မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ပြီး ဖြေကြားခဲ့ပါသည်။