နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် မိုးနဲမြို့နယ်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၃-၁၁-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ မြန်မာ - တရုတ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ
MY EN

(ဂ)-ဦးသန်းထွန်းဦး(ကျိုင်းတုံမဲဆန္ဒနယ်)

2026-11-16
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မေးခွန်း
ဦးသန်းထွန်းဦး(ကျိုင်းတုံ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကျိုင်းတုံမြို့နယ်၊ လွယ်မွေဒေသရှိ ကျေးရွာပေါင်း ၁၉ ရွာတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး အတွက် နောင်လျန်လျှိုပိတ်တမံ တည်ဆောက်ပေးရန် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပေ ၅,၀၀၀ ကျော်အထက်မြင့်သည့် လွယ်မွေ ဒေသရေရရှိရေးအတွက် နောင်လျန်ရေပိတ်တမံတည်ဆောက်ရေးကိစ္စ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိကို မေးမြန်းတင်ပြသွားမည်ဖြစ်ပါကြောင်း။ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး လွယ်မွေဒေသ သည် နွေရာသီတွင် ရေထွက်နည်းပါးသည့်အတွက် ရေအခက်အခဲများ ကြုံတွေ့ကြရခြင်းဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ၂၀၂၅ ခုနှစ်၊ မေလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသခရီးစဉ်များတွင် ဒေသခံပြည်သူများ၏ တင်ပြချက်အရ နိုင်ငံတော်အကြီးအကဲမှ ကျိုင်းတုံမြို့နယ်၊ လွယ်မွေဒေသရှိ ကျေးရွာများ၏ ရေရရှိနေသည့် ချောင်း၏အထက်ဘက် ၃ ဖာလုံခန့် အကွာတွင် လျှိုပိတ်တမံတည်ဆောက်နိုင်ရေးအတွက်ကို တွက်ချက်တင်ပြရန် လမ်းညွှန်မှာကြားခဲ့သည့်အတွက် အကြိုလေ့လာစူးစမ်းမှုများကို ပြုလုပ်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း ဒီဇိုင်းပုံစံများ၊ ရေးဆွဲ ချက်များနှင့် တင်ပြထားခဲ့ပါကြောင်း၊ ကန်ရေပြည့်ရေလှောင်ပမာဏအနေဖြင့် ၄၆.၄၄ ဂါလန်သန်း ရရှိပြီး ကျေးရွာ ၁၉ ရွာ ကိုလည်း ရေလုံလောက်စွာပေးဝေနိုင်မည့်အခြေအနေ၊ အကျိုးထူးများ ရရှိမှာဖြစ်ပါကြောင်း။ 

နောင်လျန်လျှိုပိတ်တမံတည်ဆောက်သည့်အတွက် ရေအခက်အခဲရှိမည့်ဒေသများ၊ နယ်ပယ် များ၊ ပြည်သူများအတွက် စိုက်ပျိုးရေရော၊ သောက်သုံးရေရော အကျိုးထူးများစွာရရှိမည် ဖြစ်သည့် အတွက် ပြည်နယ်အစိုးရမှတစ်ဆင့် ရန်ပုံငွေ ကျပ်သန်း ၃၀၀ တင်ပြတောင်းခံခဲ့ပါကြောင်း၊ ယခုနှစ် တွက်ချက်မှုအရ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြထားသော်လည်း စိစစ်ပြီးလုပ်ငန်းများတွင် လျာထားနိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ လွယ်မွေဒေသသည် မူလကတည်းက လွယ်မွေတစ်ဖက်ပိတ်လျှိုတမံတစ်ခုနှင့် လွယ်မွေရေစုကန်အဖြစ် ဆောက်လုပ် ထားခဲ့သည့်နေရာတွင် ကျေးရွာအားလုံးပေါင်း ၁၉ ရွာအတွက် သောက်သုံးရေနှင့် ဗုဒ္ဓဥယျာဉ် ရေအတွက်ကိုပါ အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွယ်မွေဒေသတစ်ခုလုံး၏ သောက်သုံးရေ နှင့်စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ဒီရေလှောင်တမံသည် ပြည်သူလူထုအတွက် အရေးကြီးလိုအပ်သည့်အခြေအနေဖြစ်ပါကြောင်း ။ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လွယ်မွေဒေသတွင်ရှိသည့် နောင်လျန်ကျေးရွာ ၆ ရွာ၊ လွယ်မွေကျေးရွာ ၄ ရွာ၊ ပန်ဝိုင်ကျေးရွာ ၃ ရွာ၊ ဟိုကျင်းကျေးရွာ ၄ ရွာနှင့် ဟိုပူကျေးရွာ ၂ ရွာ စုစုပေါင်း ၁၉ ရွာမှာ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေးအတွက် မြေသားတမံတည်ဆောက်နိုင်ရန် အကြို စူးစမ်းလေ့လာတိုင်းတာခြင်းလုပ်ငန်းများ၊ ဒီဇိုင်းပုံထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်ပြီးဖြစ်ပါ၍ နောင်လျန်လျှိုပိတ်တမံ တည်ဆောက် နိုင်ရေးအတွက် အစီအစဉ် ရှိ/ မရှိနှင့် မည်သည့်အချိန်ကာလတွင် စီမံဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေဒေသရှိ နောင်လျန် ကျေးရွာ ၆ ရွာ၊ လွယ်မွေကျေးရွာ ၄ ရွာ၊ ပန်ဝိုင်ကျေးရွာ ၃ ရွာ၊ ဟိုကျင်းကျေးရွာ ၄ ရွာ နှင့် ဟိုပူကျေးရွာ ၂ ရွာတို့တွင် စိုက်ပျိုးရေ၊ သောက်သုံးရေရရှိရေး မြေသားရေလှောင်တမံငယ် (နောင်လျန်လျှိုပိတ်တမံ) တည်ဆောက်နိုင်ရန်အတွက်ဌာနမှ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ သုံးသပ်အကြံပြုချက်အရ အကြိုလေ့လာတိုင်းတာခြင်း လုပ်ငန်းများ ဖြစ်သည့် မြေပြင်စူးစမ်းလေ့လာတိုင်းတာခြင်းနှင့် ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း တို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဖြည့်စွက် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းတာရရှိသည့် အချက်အလက်များအပေါ်အခြေခံ၍ နောင်လျန် လျှိုပိတ်တမံအား အလျား ၃၂၅ ပေ၊ အမြင့် ၅၆ ပေ တည်ဆောက်နိုင်ရေး ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့် ခန့်မှန်းခြေစာရင်း တွက်ချက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အဆိုပြု ဒီဇိုင်းပုံစံအရ ကန်ရေပြည့်ရေလှောင်ပမာဏ ရေဂါလန် ၄၆.၄၄ သန်း၊ ကန်ရေသေရေလှောင်ပမာဏ ၈.၃၇ သန်း ဖြစ်၍ အသုံးပြုနိုင်သောရေပမာဏမှာ ရေဂါလန် ၃၈.၀၇ သန်း ဖြစ်ပါကြောင်း။

ကျိုင်းတုံမြို့နယ်၊ လွယ်မွေဒေသ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး နောင်လျန်လျှိုပိတ်တမံ တည်ဆောက်မည့် အဆိုပြုနေရာသို့ ကွင်းဆင်းစစ်ဆေးပြီး အကြိုလေ့လာတိုင်းတာခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုတည်ဆောက်ရန်လျာထားသည့် နောင်လျန်လျှိုပိတ် တမံ၏ အထက် ဘက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမြင့် ၈ ပေ၊ အလျားပေ ၃၀ ခန့်ရှိသည့် ရေစုကန်ငယ်တစ်ခုတည်ဆောက်ထားပြီး ထိုမှတစ်ဆင့် အလျား ၄၀,၀၁၅ ပေရှိသည့် ပိုက်လိုင်းများဖြင့် လွယ်မွေရေစုကန်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အောက်ပိုင်းရှိကျေးရွာများနှင့် ပန်ကွဲကျေးရွာအနီးရှိ တည်ဆောက်ထားသည့် ဗုဒ္ဓဥယျာဉ်ရေလှောင်တမံသို့လည်းကောင်း သောက်သုံးရေ ဖြည့်သွင်းပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် နောင်လျန်လျှိုပိတ်တမံ တည်ဆောက်ပြီးစီးပါက ရေဂါလန် ၃၈.၃၇ သန်း ကိုတည်ဆောက်ပြီးပိုက်လိုင်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ လွယ်မွေဒေသရှိ ကျေးရွာများ သောက်သုံးရေနှင့် တောင်ပေါ်စိုက်ခင်းများရှိ စိုက်ပျိုးမြေ ဧရိယာ ၂၆၀ ဧကအတွက် စိုက်ပျိုးရေဖြည့်စွက်ပေးဝေသွားနိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ နောင်လျန်လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် အကြိုပြင်ဆင်ခြင်းနှင့် လုပ်ငန်းတွင်အသုံးပြုမည့် စက်ယန္တရားများကြံ့ခိုင်ရေး၊ အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းများအတွက် ၂၀၂၆ -၂ဝ၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီးဖြစ်ပါ၍ ရန်ပုံငွေရရှိပါက ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် တမံတည်ဆောက်နိုင်ရန်အတွက်လည်း ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ကျပ် ၃,၀၀၀ သန်း လျာထားတင်ပြ တောင်းခံ ထားပြီးဖြစ်ပါ၍ ရန်ပုံငွေရရှိပါက လုပ်ငန်းများစတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည် နယ် အစိုးရအဖွဲ့၏ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။