နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် မိုးနဲမြို့နယ်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၃-၁၁-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ မြန်မာ - တရုတ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ
MY EN

(ဃ)- ဦးခင်မောင်သန်း(ကလေးမဲဆန္ဒနယ်)

2026-11-16
တတိယအကြိမ်
အားကစားရေးရာဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးခင်မောင်သန်း (ကလေး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကလေးခရိုင် ပြည်သူ့အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မည်သူ့ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း 

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်သည် ကလေးဝမြို့နှင့် မင်းကင်မြို့များပါဝင်သည့် ခရိုင်မြို့ဖြစ်ပါကြောင်း၊ ကလေးမြို့သည် ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာပေါင်း ၁၅၆ ရွာရှိသည့် ခရိုင်မြို့ကြီးဖြစ်ပါကြောင်း၊ အဆိုပါ ကလေး ခရိုင်၊ ပြည်သူ့အားကစားကွင်းတွင် ကလေးမြို့ ပေါ် ရပ်ကွက်လိုက်အားကစားပြိုင်ပွဲများ၊ ကလေးခရိုင် အုပ်ချုပ်ရေးမှူးဖလား ကျောင်း ပေါင်းစုံဘော လုံးပြိုင်ပွဲများကျင်းပလျက်ရှိပါကြောင်း၊ ကလေးခရိုင်၊ ပြည်သူ့အားကစားကွင်းကြီးမှ မီးခဲပြာဖုံးသော တိုင်းဒေသကြီးကိုယ်စားပြုနှင့် နိုင်ငံတော်ကိုယ်စားပြု အားကစားသမားများ ပေါ်ထွန်းပေါ်ပေါက်လာ သည့်အထိ အစဉ်အလာကြီးမားခဲ့ပါကြောင်း၊ အဆိုပါ အားကစား ကွင်းကြီးမှ မြန်မာ့လက်ရွေးစင် ဘောလုံသမားဖြစ်သည့် ဖြိုးကိုကိုသိန်း၊ ဆော်လမန်နှင့် ဘက်လန်းလွယ် တို့သည်လည်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း။

 နိုင်ငံတော်သမ္မတကြီးမှ နိုင်ငံတစ်ဝန်းအားကစားများ ဖွံ့ဖြိုးတိုးတက်ရေး အထူးအလေးပေး၍ နိုင်ငံတော်ပြည်တွင်းခရီးစဉ်များနှင့် ထားဝယ်၊ တောင်ငူ၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသများတွင် အားကစားအခြေခံအဆောက်အဦများနှင့် အားကစားကွင်းများ လိုအပ်သည်များ နိုင်ငံ‌တော်မှ ဖော်ဆောင် မြှင့်တင်ပေးလျက်ရှိကြောင်း လမ်းညွှန်မှာကြားခဲ့သည်များကို သိရှိရပါကြောင်း၊ ကလေးခရိုင်၊ အားကစားကွင်းကြီးသည် ဧရိယာ ၈.၀၄၂ ဧကရှိပြီး ၁၉၉၄ ခုနှစ်တွင် တည်ဆောက်ခဲ့ သော အလျား ၁၂၀ ပေ၊ အနံ ၆၀  ပေ၊ အမြင့် ၃၁ ပေ ရှိသည့် အောင်ဇေယျ မိုးလုံလေလုံအားကစားကွင်း ခန်းမကြီး သည် ယခုအခါ နှစ်ကာလကြာမြင့်လာ ပြီဖြစ်၍ ကြမ်းခင်း၊ အမိုးအကာများယိုယွင်း ပျက်စီးပြီး၍ အန္တရာယ်ဆောင်တစ်ခုဖြစ်ပါကြောင်း၊ အထူးတန်း ပွဲကြည့်စင်ရှေ့၌လည်း အလျား ၁၄၀ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၂၃ ပေ RC နှစ်ထပ် ပေါ်တီကို အနောက်ဘက်လမ်းလျှောက်လမ်းများမှ ပွဲကြည့်ပရိတ် သတ်များ များသည့်အခါ အောက်သို့ ညွှတ်၍ လှုပ်နေခြင်း၊ ‌ကျောက်သွေးလောင်း ထားသည့် ကြမ်းခင်း အောက်ပိုင်းများ၊ ထုတ်တိုင်မျာတွင် သံပင်များတွင် တွေ့မြင်နေရပြီး သန့်စင်ခန်းများ၌လည်း ပျက်စီး လျက်ရှိပါကြောင်း၊ ၎င်းအပြင် မီတာ ၄၀၀ ပြေးခုန်ပစ်လမ်း၌လည်း ရွှံ့ဗွက်ထခြင်း၊ ရေတင်ခြင်းနှင့် မြက်ပင်များထူထပ်စွာ ပေါက်ရောက်နေပါကြောင်း၊ ဘောလုံးကွင်း အတွင်း၌ လည်း ဗွက်အိုင်များထ ခြင်း၊ ကွင်းအတွင်းရေများ တင်ခြင်းဖြစ်ပေါ်သဖြင့် သဲဖြူး၍ ကစားခြင်းဖြင့် ရေတိုကုစား၍ ဆောင်ရွက်နေရပါကြောင်း။

 (က)   အဆိုပါ ကလေးခရိုင်၊ ပြည်သူ့အားကစားကွင်းကြီးရှိ အောင်ဇေယျမိုးလုံလေလုံ အားကစားကွင်းခန်းမ အလျား ၁၃၀ ပေ၊ အနံ ၉၀ ပေ၊ အမြင့် ၃၁ ပေရှိ စံချိန်မီ မိုးလုံ လေလုံအားကစားရုံသစ်ဆောက်လုပ်ပေးရန်၊

(ခ)     အန္တရာယ်ရှိသည့် အထူးတန်းပွဲကြည့်စင်ကိုဖျက်ဆီးပြီး အသစ်ပြန်လည်တည်ဆောက် ပေးရန်၊ 

(ဂ)     သန့်စင်ခန်းများနှင့် အဝတ်လဲခန်းများသည် အသစ်ပြန်လည်တည်ဆောက်ပေးရန်၊ 

(ဃ)    မီတာ ၄၀၀ ကွင်းပတ်လမ်း အရည်အသွေးမြင့် အဆင့်မြှင့်တည်ဆောက်ပေးရန်၊ 

(င)     ဘောလုံကွင်းအတွင်းတွင် နိုင်ငံခြားမြက်များခင်း၍ အဆင့်မြှင့်တင်ပေးရန်စသည့် လုပ်ငန်းများသည် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ က 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြည်သူ့အားကစားကွင်းသည် ကလေးမြို့၊ အောင်ဇေယျရပ်ကွက်မှာတည်ရှိပြီး အားကစားရေးရာဝန်ကြီးဌာနပိုင်အဖြစ် နှစ် ၃၀ မြေဂရန်ရရှိပြီး ဖြစ်ပါကြောင်း၊ ကလေးခရိုင်တွင် လူဦးရေ ၃၀၀,၀၀၀ ကျော်နေထိုင်လျက်ရှိပြီး မြေဧရိယာ ၈.၀၄၂ ဧက ရှိသည့် ကလေးခရိုင် အားကစားကွင်းကို ၁၉၆၃ ခုနှစ်တွင် ငွေကျပ် ၀.၉၅ သန်းဖြင့် စတင်တည် ဆောက် ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တွင် ဝန်ထမ်းဖွဲ့စည်းပုံ ၇ ဦး၊ ခန့်အပ် ၄ ဦး၊ လစ်လပ် ၃ ဦးနှင့် ကလေးမြို့နယ်တွင် ဝန်ထမ်းဖွဲ့စည်းပုံ ၆ ဦး၊ ခန့်အပ် ၄ ဦး၊ လစ်လပ် ၂ ဦးရှိ ပါကြောင်း၊ ကလေး ခရိုင်၊ အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ (၁၂၀ x ၉၀ x ၅၀) ပေသည် ၁၉၉၂ ခုနှစ်၌ မြို့မိ မြို့ဖကော်မတီမှ ငွေကျပ် ၈၆ သိန်းဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့ပါကြောင်း၊ အဆိုပါအားကစားကွင်းအတွင်း ၂၀၂၆ ခုနှစ်၊ ကလေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌဖလား အသက် ၁၈ နှစ်အောက် ဘောလုံး ပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဖလားမိုးရာသီရပ်ကွက်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ကလေးခရိုင် အားကစားကွင်းအတွင်းရှိ ကာယဗလအားကစားရုံတွင် ၂၀၂၆ ခုနှစ် ကလေး မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဖလား ကျောင်းပေါင်းစုံစားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများသည်လည်းကောင်း၊ အလေးမအားကစားရုံတွင် ၂၀၂၆ ခုနှစ် ကလေးမြို့ နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဖလား ကလပ်ပေါင်းစုံပိုက်ကျော်ခြင်း ပြိုင်ပွဲများ သည် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ကလေးခရိုင်အားကစားကွင်းအတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အလေးမနှင့်ကာယဗလ အားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းသည် ငွေကျပ် ၁၃၇.၅ သန်းဖြင့်လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် အထူးတန်းပွဲကြည့်စင် (၁၄၀ x ၂၄ x ၂၃.၄) ပေ တည်ဆောက်ခြင်း လုပ်ငန်းသည် ငွေကျပ် ၁၄၀ သန်းဖြင့်လည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မီတာ ၄၀၀ ပြေးလမ်းပြုပြင်ခြင်းနှင့် သုံးခန်းတွဲဝန်ထမ်းအိမ်ရာ ဆောက်လုပ် ခြင်းလုပ်ငန်းသည် ငွေကျပ် ၁၀၀ သန်းဖြင့်လည်းကောင်း၊ တင်းနစ် အားကစားကွင်း (၁၁၀ x ၄၀) ပေ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းသည် ငွေကျပ် ၁၁.၆ သန်းဖြင့် လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၄ လက်မ ၄၀၀ပေ အဝီစိရေတွင်း၊ ဂါလန် ၂၄၀၀ ဆံ့ ရေစင်၊ ဂါလန်၂,၀၀၀ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများသည် ငွေကျပ် ၁၅.၄ သန်းဖြင့် လည်းကောင်း အသီးသီးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ အဆိုပြုမေးမြန်းချက်တွင် မပါရှိသော်လည်း ကလေး ခရိုင် ပြည်သူ့အားကစားကွင်းအတွင်း ဖူဆယ် အားကစားရုံ  (၁၈၀ x ၁၀၀) ပေ တည်ဆောက်ရန် အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁၆၇၅ သန်းသည် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်း လျာထား ထားရှိပြီးခွင့်ပြုချက်ရရှိလျှင် ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ကလေးခရိုင် ပြည်သူ့အားကစားကွင်းအတွင်းရှိ အထူးတန်း ပွဲကြည့်စင်ပြုပြင်ခြင်း လုပ်ငန်းနှင့် မိုးလုံလေလုံအားကစားခန်းမ ပြုပြင်ခြင်းလုပ်ငန်းများသည် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတွင်လည်းကောင်း ဒေသနှင့်ကိုက်ညီသည့် မြက် စိုက်ပျိုးခြင်းလုပ်ငန်းသည် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ် ဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထား တင်ပြတောင်းခံပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများသည် သင့်လျော်သော ဘဏ္ဍာရေးနှစ်များတွင် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အဆင့်လိုက်ဦးစားပေးအစီအစဉ်များ သတ်မှတ်၍ လျာထားတင်ပြတောင်းခံပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့ပါသည်။