နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် မိုးနဲမြို့နယ်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၃-၁၁-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ မြန်မာ - တရုတ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ
MY EN

(င)- ဦးအောင်မျိုးသန်း(ကော့မှူးမဲဆန္ဒနယ်)

2026-11-16
တတိယအကြိမ်
အားကစားရေးရာဝန်ကြီးဌာန
မေးခွန်း
ဦးအောင်မျိုးသန်း (ကော့မှူး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကော့မှူးမြို့နယ်၊ ပြည်သူ့အားကစားကွင်းတွင် ပွဲကြည့်စင်၊ စားရိပ်သာနှင့် အိမ်သာတို့အား တိုးချဲ့ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း 

          ကော့မှူးမြို့နယ်၊ ပြည်သူ့အားကစားကွင်းဖြစ်သည့် ဘောလုံးကွင်းသည် အနောက်ဘက် အရပ်၌ အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၂ ပေရှိသော ပွဲကြည့်စင်တစ်ခုရှိပြီး မြို့နယ်အဆင့်နှင့် လျော်ညီမှုမရှိဘဲ သေးငယ်လျက်ရှိပါကြောင်း၊ အဆိုပါပွဲကြည့်စင်၏အောက်ဘက်တွင်လည်း မြို့နယ် ဘောလုံးအသင်းနှင့် အခြားအားကစားသမားများ စခန်းသွင်းလေ့ကျင့်ရန် နေရာ လုံလောက်မှု မရှိကြောင်း၊ ကော့မှူးမြို့နယ်တွင် လူငယ်၊ လူရွယ်များ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာ အသက် ၂၁ နှစ် အောက်အမျိုးသားတွင် တွံ့တေးခရိုင် လက်ရွေးစင် ခုနစ်ဦး ရွေးချယ်ခံရပြီး ပြိုင်ပွဲများယှဉ်ပြိုင်လျက်ရှိပါကြောင်း၊ ယခင်နှစ်တွင် လည်း ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်နှစ်ဦး ရွေးချယ်ခံခဲ့ရပါကြောင်း၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးအသင်းတွင်လည်း တွံ့တေးခရိုင်အဆင့် ငါးဦးရွေးချယ်ခံရပြီး လက်ရှိ ပွဲစဉ်များ ယှဉ်ပြိုင်လျက်ရှိပါကြောင်း၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးခရိုင်အဆင့် ပြိုင်ပွဲတွင်လည်း မိမိမြို့နယ်အနေဖြင့် ဒုတိယဆုရရှိခဲ့ပါကြောင်း။ 

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲများတွင်လည်း ဒုတိယရရှိ ခဲ့ပါကြောင်း၊ နွေရာသီကာလ လွှတ်တော်ကိုယ်စားလှယ်များမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဘောလုံးရာသီ ဘောလုံးသင်တန်းမှ သင်တန်းသားများတွင်လည်း ရန်ကုန်တိုင်းဒေသကြီးလူငယ်ပြိုင်ပွဲ၌ ဒုတိယဆု ရရှိခဲ့ပါကြောင်း၊ ကော့မှူးမြို့နယ်သည် အားကစားလောကတွင် ထူးချွန်သောအားကစားသမား များတချို့ကို မွေးထုတ်ပေးခဲ့သည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ယခင်က နိုင်ငံတွင်ထင်ရှားခဲ့ သော အလေးမနှင့် ကာယဗလ‌မောင် ဦးဇော်ဝိတ်သည် ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းရွာသား ဖြစ်ပြီး နိုင်ငံအတွက် ကိုယ်စားပြုခဲ့ပါကြောင်း၊ ၎င်းအပြင် မြန်မာ့လက်ရွေးစင်ဘော်လီဘော အားကစားမှ ဦးအောင်မြင့်သန်း (ခ) ဘရင်သည်လည်း နိုင်ငံကိုယ်စားပြုအားကစား သမားတစ်ဦးဖြစ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်ကိုယ်စားပြုဘောလုံးသမားများအနက် ၁၉၈၀ ပြည့်နှစ်အလွန်တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းခေါင်းဆောင်အဖြစ်ကစားခဲ့သည့် ဦးချစ်ညို၊ ၁၉၉၀ ပြည့်နှစ်၊ ၁၉၉၃ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးဘောလုံးအသင်း ခေါင်းဆောင် အဖြစ်ကစားခဲ့သည့် ဦးအောင်မျိုးသန်းတို့သည်လည်း ကော့မှူးမြို့မှမွေးထုတ်ပေးခဲ့သည့် အားကစားသမားများဖြစ်ပါကြောင်း။

အဆိုပါအားကစားသမာများအား မွေးထုတ်ပေးနိုင်ခဲ့သလို မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန် ဆောင်ရွက်လျက်ရှိသဖြင့် ကော့မှူးမြို့နယ် ပြည်သူ့အားကစားကွင်းတွင် စခန်းသွင်း လေ့ကျင့်နိုင်ရေး လိုအပ်ပါကြောင်း၊ စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် တိုးချဲ့ပွဲကြည့်စင်တောင်ဘက်တွင် အလျား ၂၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၂ ပေအဆောင် တစ်ဆောင်၊ တိုးချဲ့ပွဲကြည့်စင်မြောက်ဘက်တွင် အလျား ၂၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၂ ပေအဆောင် တစ်ဆောင်၊ တိုးချဲ့စားရိပ်သာ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၄ ပေ တစ်လုံးနှင့် ခြောက်ခန်းတွဲအိမ်သာတစ်လုံးတို့ လိုအပ်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကော့မှူးမြို့နယ်အားကစားကွင်းအား တင်ပြပါအတိုင်း တိုးချဲ့ဆောက်လုပ် ပေးနိုင်ရေးအစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ က

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အားကစားကွင်းသည် ကော့မှူးမြို့၊ မြို့သစ်ရပ်ကွက်၊ ကွင်းအမှတ် (၃၀၀) တွင်တည်ရှိပြီး အားကစားရေးရာဝန်ကြီးဌာနပိုင် အခမဲ့ မြေလွှဲမိန့်ရရှိပြီးဖြစ်ပါ ကြောင်း၊ ကော့မှူးမြို့နယ်တွင် လူဦးရေ ၁၃၀,၀၀၀ ကျော်နေထိုင်လျက်ရှိပြီး မြေဧရိယာ ၅.၅၁ ဧကရှိ သည့် ကော့မှူးမြို့နယ်အားကစားကွင်းကို ၁၉၉၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ဝန်ထမ်းဖွဲ့စည်းပုံအရ ခွင့်ပြုအရာထမ်းတစ်ဦး၊ အမှု ထမ်းငါးဦး စုစုပေါင်း ဝန်ထမ်းခြောက်ဦးရှိသည့်အနက် အားကစားမှူးတစ်ဦး၊ အကြီးတန်းစာရေး တစ်ဦး၊ ဒု-လက်ထောက်ကြီးကြပ်ရေးမှူးတစ်ဦး၊ လုပ်သားတစ်ဦး စုစုပေါင်း ဝန်ထမ်းလေးဦး ခန့်အပ် ထားရှိပြီး နည်းပြ (နည်းစနစ် ) တစ်ဦးနှင့် ရုံးအကူတစ်ဦး ခန့်အပ်ရန် ကျန်ရှိပါကြောင်း။

ကော့မှူးမြို့နယ်အားကစားကွင်းအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၅၉.၅၇၉ သန်းဖြင့် အားကစားကွင်းပြင်ဆင်ခြင်းနှင့် ပွဲကြည့်စင် ၆၀ ပေ x ၂၀ ပေ  တည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ် ငွေကျပ် ၇၅.၆၇ သန်းဖြင့် ဘောလုံးကွင်းမြေသားမြှင့်တင်ခြင်း၊ ကွန်ကရစ်လမ်း ၄၃၀ ပေ x ၁၄ ပေ ခင်းခြင်း၊ ကားပါကင် ၅၀ ပေ x ၄၀ ပေ ဆောက်လုပ်ခြင်းလုပ်ငန်းများအားလည်း ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ကော့မှူးမြို့နယ်အားကစားကွင်းအတွင်းရှိ မြေဧရိ ယာ ၁.၀၅ ဧကတွင် ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ် ဝန်ကြီးဌာနခွင့်ပြုရန်ပုံငွေမှ ကုန်ကျငွေကျပ် နှစ်သန်းဖြင့် အရာရှိရုံးနှင့်နေအိမ်တွဲလျက် ၃၀ ပေ x ၃၅ ပေ အဆောက်အဦတစ်လုံးအား တည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြု ရန်ပုံငွေမှ ကုန်ကျငွေကျပ် ၁၄၈ သန်းဖြင့် မြို့နယ်အားကစားခန်းမ ၁၆၅ ပေ x ၉၅ ပေအား အကြီးစားပြင်ဆင်ပေးခဲ့ပါကြောင်း။

ကော့မှူးမြို့နယ်အားကစားကွင်းအတွင်း နှစ်စဉ်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဘောလုံး ပြိုင်ပွဲများ၊ ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလားရပ်ကွက် ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ၊ ၂ဝ၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာအလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးဘောလုံးပြိုင်ပွဲ၊ နွေရာသီအခြေခံဘောလုံးနှင့် ဖူဆယ်အားကစား နည်းပြသင်တန်းများနှင့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲများအား ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ အားကစားရေးရာဝန်ရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်၊ ပြည်သူများ အားကစားကို ပိုမိုစိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲလာစေရန်နှင့် နိုင်ငံတကာအဆင့်မီ ထူးချွန်ထက်မြက် သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် မြန်မာနိုင်ငံတစ်ဝန်းတွင် အားကစားကွင်းများ၊ အားကစားရုံများ၊ ပွဲကြည့်စင်များနှင့် ရေကူးကန်များကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်းနှင့် အသစ်ထပ်မံတည်ဆောက်ခြင်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ကော့မှူးမြို့နယ်၊ ပြည်သူ့အားကစားကွင်းအား တိုးချဲ့ပွဲကြည့်စင် (တောင်ဘက် နှင့်မြောက်ဘက်) နှစ်ခုဆောက်လုပ်ခြင်းနှင့် ခြောက်ခန်းတွဲသန့်စင်ခန်း တစ်လုံးဆောက်လုပ်ခြင်း လုပ်ငန်းများအတွက် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေတွင် လျာထားတင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုးချဲ့စားရိပ်သာ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၄ ပေ ဆောက်လုပ်နိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်း သွင်းလေ့ကျင့်မှုများအား ခရိုင်အဆင့်အားကစားကွင်းများတွင်သာ ပြုလုပ်လျက်ရှိပြီး ကော့မှူး မြို့နယ် အားကစားကွင်းသည် မြို့နယ်အဆင့်အားကစားကွင်းသာဖြစ်သည့်အတွက် စားရိပ်သာတိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းအား လတ်တလောအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။