ပြင်းထန်အယ်လ်နီညိုဖြစ်ပေါ်နေသည့်ကာလအတွင်း ရာသီဥတုဆိုးရွားစွာ ပြောင်းလဲဖြစ်ပေါ်နေမှုများမှ ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် လူထုအခြေပြုပါဝင်ဆောင်ရွက်နိုင်ရေး အသိပေး ကြေညာထုတ်ပြန်မည့် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြင်းထန်အယ်လ်နီညိုဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတုဆိုးရွားစွာ ဖောက် ပြန်ခြင်းနှင့် မိုးခေါင်ရေရှားမှုဖြစ်စဉ်များ၊ အပူချိန်အဆမတန်မြင့်တက်ခြင်းများဖြစ်ပေါ်လာမည်ဟု ပညာရှင်များသည်အသိပေးထုတ်ပြန်ထားပြီး အပူချိန်မြင့်တက်လာမှုကြောင့် လူအများသည် ချွေးအလွန် အကျွံထွက်၊ ရေဓာတ်ဆုံးရှုံးများဖြစ်ပေါ်၍ Heat Stroke၊ Heat Exhaustion ကဲ့သို့ ရောဂါဝေဒနာများ ခံစားရပြီး အသက်သေဆုံးမှုများဖြစ်ပေါ်သည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ် သည် ရှောင်လွဲတားဆီးရန်ခက်ခဲသည့် အစွန်းရောက်ရာသီဥတုဖောက်ပြန်မှု ဖြစ်စဉ်ဖြစ်ပြီး ငလျင် ကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်ခြင်းမျိုးမဟုတ်ဘဲ ရင်ဆိုင်တုံ့ပြန်ကျော်လွှားရန် အချိန် ရရှိသည့်ဖြစ်စဉ်မျိုး လည်း ဖြစ်ပါကြောင်း၊ ပြင်းထန်အယ်လ်နီညိုကာလတွင် ရာသီဥတုဆိုးရွားစွာ ဖောက်ပြန်လာနိုင်မှုများကို ကြိုတင် မျှော်တွေး၍ အန္တရာယ်လျော့ကျနိုင်ရေးနှင့် တုံ့ပြန်နိုင်ရေး အစီအစဉ်များသည် နိုင်ငံအလိုက် ရေးဆွဲဆောင်ရွက်လျက်ရှိကြပြီး အပူလှိုင်းကျရောက်မှု၊ ရေဓာတ် ခန်းခြောက်မှု၊ သောက်သုံးရေမလုံ လောက်မှု၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ခံစိုက်ပျိုးရေးစနစ်များအတွက် ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ် စားနပ်ရိက္ခာနှင့် ကျန်းမာရေးပစ္စည်းများစုဆောင်းထားရှိမှု၊ အပူရှောင်စ ခန်းများစီစဉ်ထားရှိမှုတို့ကို ဆောင်ရွက်လျက် ရှိပြီး မိမိတို့နိုင်ငံအနေနှင့်လည်း ပြင်းထန်သည့် အယ်လ်နီညိုသက်ရောက်မှု ကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဘေးအန္တရာယ် ကာကွယ်ရေးကြိုတင် ပြင်ဆင်မှုလုပ်ငန်းများဖြစ် သည့် မိုးခေါင်မှုကြောင့် လူမှု အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအပေါ် ထိခိုက်နိုင်မှု၊ ရေအရင်း အမြစ်များပျက်စီး၍ သောက်သုံးရေ ရှားပါးခြင်း၊ စိုက်ပျိုးရေနည်းပါး လျော့နည်း ခြင်းများဖြစ်လာ နိုင်မှုအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း များသာမက စားနပ်ရိက္ခာပြတ်လပ်မှု၊ တောမီးနှင့် မီးခိုးမြူ များဖြစ်ပေါ်မှု၊ ကူးစက်ရောဂါနှင့် ကျန်းမာရေးဝန်ဆောင်မှု ထိခိုက်ခြင်းလျော့ နည်းစေရန်အတွက် ဆေးဝါးများအသင့်စုဆောင်းထားခြင်း တို့ကို နိုင်ငံတော်အစိုးရဦးဆောင်မှုဖြင့် စီမံဆောင်ရွက်သည် ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်သည့်အချိန်တွင် အရက်သေစာသောက်စားခြင်းကြောင့် အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာပညာရှင် များသည် လည်း အပူချိန်မြင့်မားသည့်အချိန်တွင် စားသောက်နေထိုင်မှုများနှင့်စပ်လျဉ်း၍ လိုက်နာဆောင် ရွက်ရမည့် အသိပေးကြေညာချက်များတွင် အရက်သေစာသောက်စားမှု၊ အပူအစပ်များသည့် အစားအစာများနှင့် အငန်ဓာတ်လွန်ကဲသည့်အစားအစာများ စားသုံးမှုမှရှောင်ကြဉ်ရန် အကြံပြု ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရပြီး ပူပြင်းသည့်အချိန်များတွင် အရက်သေစာသောက်စားမှု ကြောင့် အသက်ဆုံးရှုံးမှုလျော့နည်းစေရန် သက်ဆိုင်ရာဝန်ကြီးဌာန၏ အသိပေးထုတ် ပြန်ချက် တစ်ခု တည်း သာမက ပြည်သူလူထုမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန် ဦးတည်ချက်ဖြင့် အရက်၊ ဘီယာရောင်းချသည့်ဆိုင်များတွင် အပူချိန် လျော့ပါးသည့် ညနေ ၆ နာရီနောက်ပိုင်းမှသာ အရက်၊ ဘီယာများရောင်းချပေးနိုင်ရေး အသိပေး ကြေညာချက်ဆိုင်းဘုတ်များချိတ်ဆွဲထားနိုင်ရေး ဒေသဆိုင် ရာအမိန့်ကြေညာချက် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ပြင်းထန်အယ်လ်နီညိုကာကွယ် တုံ့ပြန် နိုင်ရေး အစီအမံများဆောင်ရွက်ထားရှိမှုသည်သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က
ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ်(World Meteorological Organization -WMO)နှင့် နိုင်ငံတကာ မိုးလေဝသအေဂျင်စီများ၏ ထုတ်ပြန်ချက်များ၊ ပစိဖိတ်သမုဒ္ဒရာအတွင်း အယ်လ်နီညို ဖြစ်ပေါ်တိုး တက်မှုအခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ အမြဲမပြတ်စောင့်ကြည့် လေ့လာ၍ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ထုတ်ပြန်ပေးလျက်ရှိသည့်နေရာတွင် ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်မှစပြီး အယ်လ်နီညိုအခြေအနေသတင်းများကို ၁၀ ရက်တစ်ခါ အပတ်စဉ် အလိုက် လစဉ် ၁ ရက်၊ ၁၁ ရက်၊ ၂၁ ရက်တို့တွင် မြဝတီရုပ်မြင်သံကြား၊ မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့ အသံတို့နှင့် နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာ တို့တွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်၏သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး တွင် ပုံမှန်ထက်အပူချိန်ပိုမိုမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အစွန်းရောက်အပူလှိုင်း (Heat Waves) များ ဖြစ်ပေါ်နိုင်ခြေရှိကြောင်း ကြိုတင်သတိပေးချက်များကို ထုတ်ပြန်ပေးလျက် ရှိပါကြောင်း။
အယ်လ်နီညိုဖြစ်စဉ်နှင့်ဆက်စပ်၍ ရာသီဥတုအန္တရာယ်များ ရင်ဆိုင်ခံနိုင်ရဖွယ်ရှိသော နေရာ ဒေသများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာတွင် အပူရှောင်စခန်းများဖွင့်လှစ်ရန် စီမံ ဆောင်ရွက်ထားရှိမှုအနေဖြင့် နေပြည်တော်တွင် ၁၃၆ ခု၊ ကချင်ပြည်နယ်တွင် ၂၃၁ ခု၊ ကယား ပြည်နယ်တွင်၂၈ ခု၊ ကရင်ပြည်နယ်တွင် ၄၅ ခု၊ ချင်းပြည်နယ်တွင် ၆ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၆၀၃ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄၂၄ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၅၃၂ ခု၊ မကွေးတိုင်းဒေသ ကြီးတွင် ၇၉ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ၄၇၇ ခု၊ မွန်ပြည်နယ်တွင် ၁၃၆ ခု၊ ရခိုင်ပြည်နယ်တွင် ၇၇ ခု၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၆၂၆ ခု၊ ရှမ်းပြည်နယ်တွင် ၄၇၇ ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁,၆၃၃ ခု စုစုပေါင်း ၅,၅၀၁ ခု မိမိတို့ ပြင်ဆင်ထားရှိပြီး လူဦးရေပေါင်း ၁,၀၉၇,၆၇၉ ဦးခန့် အပူရှောင် နိုင်မည် ဖြစ်ပါကြောင်း။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကာလအတွင်း ဖြစ်ပွားနိုင်သော ကျန်းမာရေးပြဿနာများကို မိဘပြည်သူများသိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်လျှင် အဆိုပါကျန်းမာရေးပြဿနာများကို ထိရောက်စွာ လျှော့ချနိုင်မည်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အယ်လ်နီညို ရာသီဥတုဖြစ်စဉ် ကာလ ဝယ် ကျန်းမာအောင်နေကြမည်ပိုစတာ၊ လက်ကမ်းစာစောင်၊ Billboard၊ ကြိုတင်ကာကွယ် အပူ ဒဏ်အန္တရာယ်ပိုစတာနှင့် လက်ကမ်းစာစောင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်လည်း ကောင်း၊ နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ ထည့်သွင်းဖော်ပြနိုင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီး ဌာန အင်တာနက်စာမျက်နှာများတွင်လည်း ဖော်ပြခဲ့ပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင် ရွက်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်း ဆန်းစစ်သုံးသပ်ခြင်း (Intra Action Review)နှင့် လုပ်ငန်းများဆက်လက်ဆောင်ရွက်ခြင်းပုံစံဖြင့် စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် လျော့ပါးရေးအတွက် ကျန်းမာရေးကဏ္ဍကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း လမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများကို တိုင်းဒေသကြီး ပြည်နယ်များအားလုံးကို ဖြန့်ဝေပေးခဲ့ပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
လုပ်ငန်းလမ်းညွှန်တွင် လူထုအခြေပြုပူးပေါင်းဆောင်ရွက်မှု (Community Engagement) နည်းလမ်းနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များနှင့် ဒေသခံလူမှုရေး အဖွဲ့များသည် ရပ်ရွာများထဲတွင် ကျန်းမာရေးသတိပေးချက်များနှင့် အစားအစာ၊ သောက်သုံးရေ တို့နှင့်စပ်လျဉ်း သည့် ကျန်းမာရေးဆိုင်ရာအကြံပြုချက်များကို ထပ်ဆင့်မျှဝေခြင်း၊ အပူဒဏ်အန္တရာယ် ရှိသူများကို ရှာဖွေခြင်း၊ ရှေးဦးသူနာပြုစုခြင်း၊ လိုအပ်လျှင် ကျန်းမာရေးဌာနကိုခေါ်ဆောင်လာခြင်း စသည့် လုပ်ငန်းစဉ်များပါဝင်ပါကြောင်း၊ အပူဒဏ်အန္တရာယ်နှင့်စပ်လျဉ်းသည့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ကျေးလက်ဒေသများအထိကွင်းဆင်း၍ ကျန်းမာရေးအသိပညာပေးဟောပြော ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပူဒဏ် အန္တရာယ် ကာကွယ်ရေးနှင့် လိုက်နာဆောင်ရွက်ရမည့် အသိပညာပေးနှိုးဆော်ချက်များသည် မိမိ ဖော်ပြသွားခဲ့ သည့်အတိုင်း နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်များနှင့် Online Platform များတွင် ထုတ်လွှင့်ဖော်ပြလျက်ရှိပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ကြောင်း ကြိုတင်သ တင်း ရရှိချိန်မှစ၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များနှင့် သတိပေးချက်များသည် Breaking News အဖြစ်ထုတ်လွှင့်၍ ပုံမှန်သတင်းချိန်များတွင်လည်း ထည့် သွင်းထုတ်လွှင့်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုတင်ကာကွယ်ရေး ပညာပေး အစီအစဉ် များကို နေ့စဉ်ထုတ်သတင်းစာများတွင် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအရေး ပေါ်အခြေအနေများတွင် လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များ၌ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ (Rapid Response Teams-RRTs) ကွင်းဆင်းအဖွဲ့များ ၁,၅၆၂ ဖွဲ့ ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ နှီးနွှယ်ဌာနများနှင့် ပူးပေါင်း ညှိနှိုင်း၍ အပူရှောင်စခန်းများဖွင့်လှစ်နိုင်မည့်နေရာများကို ကြိုတင်ရွေး ချယ်လျာထားခြင်း၊ အပူရှောင် စခန်းများဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့် ကျန်းမာရေးဆိုင်ရာအကြံပြုချက်များ ပေးအပ်ခြင်းနှင့် လျာထားသည့် နေရာများသို့ သက်ဆိုင်ရာဌာ နဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကုသရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပွားတတ် သောရောဂါများ လာရောက်ပြသသောလူနာများသည် စနစ်တကျလက်ခံကုသပေးနိုင်ရေး ကြိုတင်ပြင် ဆင်ထားရှိရန်၊ လုံလောက်၍ ဘေးကင်းသောရေအရင်းအမြစ်နှင့် အရေးပေါ်လျှပ်စစ်မီး ရရှိနိုင်ရေး၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း Supply Chain ပြတ်တောက်မှုမရှိစေရန်နှင့် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သန့်ရှင်းသော သောက်ရေနှင့် လုံလောက်သောသုံးရေ ဖူလုံစွာရရှိနိုင်ရန်အတွက် ဒေသအလိုက် မြေပေါ်ရေ၊ မြေ အောက်ရေအရင်းအမြစ်များ ရရှိမှုများအပေါ်မှာမူတည်၍ သောက်သုံးရေပြတ်လပ်မှုမရှိနိုင်စေရန် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ အယ်လ်နီညိုသက်ရောက်လာမည့်အပေါ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအနေဖြင့် လျှပ်စစ် ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရေးတို့အတွက် နိုင်ငံတော် အစိုးရမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ် ဓာတ်အားတိုးမြှင့်ထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိ၍ ရေတို၊ ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးကြီးဓာတ်အားဖြန့်ဖြူးပေးရမည့် နေရာများအတွက် လည်း ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်နိုင်သည့်အခြေအနေများအတွက် Alternative Source များနှင့် အရန်ဓာတ်အားပေးစက်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိပါကြောင်း၊ အယ်လ်နီညိုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့ ကြရသော ပြည် သူများသည် လူ့အသက်အပါအဝင် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး အချိန်နှင့် တစ်ပြေးညီ စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြင်းထန်အယ်လ်နီညို၏ နောက်ဆက်တွဲ ဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ ဆုံးရှုံးမှုလျော့နည်းစေရေး၊ အန္တရာယ်ကြိုတင်ကာကွယ်တုံ့ပြန်ရေးနှင့် လူထုအ ခြေပြု ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင် တိုင်းဒေသကြီး ပြည်နယ်အစိုးရများအပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။