စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားပေးရန်၊ ဓာတ်လှေကားနှင့် Oxygen Plant တို့အား အမြန်ပြုပြင်လဲလှယ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံသည် ၁၉၅၅-၁၉၅၆ ခုနှစ်တွင် ခုတင် ၁၀၀ ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ခုတင် ၂၀၀ ဆံ့ဆေးရုံနှင့် ၁၉.၄.၂၀၂၅ ရက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းမြို့သို့ လာရောက်ခဲ့သည့်ခရီးစဉ်တွင် လမ်းညွှန်ချက်အရ ၁၂.၁၁.၂၀၂၅ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ခုတင် ၃၀၀ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး အဆောက်အဦများ ထိခိုက်ပျက်စီးမှုရှိခဲ့ သော်လည်း ငလျင်လွန်ကာလတစ်နှစ်ကျော်အတွင်း ရာနှုန်းပြည့်နီးပါး ပြန်လည်ပြုပြင်တည်ဆောက် ပြီးဖြစ်ကြောင်း၊ စစ်ကိုင်းခရိုင်တွင် စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များပါဝင်ပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၉၅၈.၇၈ ကျယ်ဝန်းကာ အရှေ့အနောက် မိုင် ၅၀ ခန့်နှင့် တောင်မြောက် မိုင် ၂၀ ခန့်ရှည်လျားပါကြောင်း။
စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံသည် ခရိုင်၏ အရှေ့တောင်ဘက်အစွန် ဧရာဝတီမြစ်ကူးတံတား အနီးတွင် တည်ရှိပြီး ခရိုင်အတွင်းရှိလမ်းများအားလုံးဆုံရာတွင် တည်ရှိနေပါကြောင်း၊ စစ်ကိုင်းခရိုင် တွင် ရပ်ကွက် ၄၂ ခု၊ ကျေးရွာ ၃၄၃ ရွာ၊ အိမ်ထောင်စု ၁၂၇,၉၉၉ စုနှင့် လူဦးရေ ၅၅၀,၉၈၉ ဦးရှိပြီး လတ်တလောလုံခြုံရေးအခြေအနေများကြောင့် တိုက်နယ်ဆေးရုံများနှင့် ကျေးလက် ကျန်းမာရေးဌာန အများစုတွင် ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ဒေသတွင်းပြည်သူလူထုအများစုသည် စစ်ကိုင်းမြို့၊ ပြည်သူ့ ဆေးရုံကြီးကိုသာ အားကိုးအားထားပြုနေကြရကြောင်း၊ စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ တွင် လက်ရှိ ဆရာဝန်၊ သူနာပြုဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအနေဖြင့် ခွင့်ပြု ၇၆၆ ဦး၊ ခန့်ထား ၂၀၉ ဦးရှိပြီး လတ်တလောတာဝန်ထမ်းဆောင်သူ ၁၇၂ ဦးဖြင့် လူနာများအား ဆေးဝါးကုသပေး လျက်ရှိပါကြောင်း၊ စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီး များ၊ အထူးကုဆရာဝန်သူနာပြုများ ပြည့်စုံစွာ ခန့်ထားနိုင်မှု မရှိခြင်းတို့ကြောင့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အားနည်းချက်များရှိနေပါကြောင်း။
သို့ဖြစ်ပါ၍ ဘာသာရပ်အလိုက် ဆေးဝါးကုသစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ဝန်ထမ်း များ၊ အထူးသဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တစ်ဦး၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တစ်ဦး၊ အရေပြားအထူးကုဆရာဝန်တစ်ဦး၊ ကင်ဆာရောဂါအထူးကုဆရာဝန်တစ်ဦး၊ ရောဂါ ဗေဒဆရာဝန်တစ်ဦးနှင့် သူနာပြု ၁၀ ဦးတို့အား ဦးစားပေးခန့်ထားနိုင်ရန် လိုအပ်လျက်ရှိကြောင်း။
စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီးမှာ၂၀၁၆ ခုနှစ်ကတည်းက တပ်ဆင်အသုံးပြုလျက်ရှိသော Toco အမျိုးအစား ခွဲစိတ်ခန်းမကြီးသုံး ၁၁ ဦးဆံ့ ဓာတ်လှေကားသည်လည်း ၂၀၂၆ ခုနှစ်၊ မတ်လမှ စတင်၍ စက်ပစ္စည်းများချို့ယွင်းမှုကြောင့် အသုံးမပြုနိုင်ဘဲရှိနေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လျှပ်စစ်စစ်ဆေးရေးအဖွဲ့နှင့် ပြင်ဆင်မည့်ကုမ္ပဏီများက လာရောက်စစ်ဆေးတွက်ချက်၍ ပြုပြင် နိုင်ရန်တင်ပြထားပြီးဖြစ်သော်လည်း ခွင့်ပြုချက်မရရှိသဖြင့် ပြင်ဆင်နိုင်မှုမပြုနိုင်သေးခြင်း၊ အလားတူ ၂၀၂၁ ခုနှစ်ကတည်းက တပ်ဆင်အသုံးပြုလျက်ရှိသော Oxygen Plant သည်လည်း ၂၀၂၆ ခုနှစ်၊ ဇွန်လမှစတင်၍ အသုံးပြု၍မရဖြစ်နေသဖြင့် ပြင်ဆင်မည့် ကုမ္ပဏီက လာရောက်စစ်ဆေး တွက်ချက်၍ ပြုပြင်နိုင်ရန် တင်ပြထားပြီးဖြစ်သော်လည်း ပြင်ဆင်မှု မပြုနိုင်သေးသဖြင့် ဆေးရုံအတွက် အရေးတကြီး ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း။
စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ ၌ လိုအပ်လျက်ရှိသော အထူးကုဆရာဝန် ကြီးများနှင့် သူနာပြုများခန့်ထားပေးရေး၊ ယိုယွင်းပျက်စီးလျက်ရှိသော ခွဲစိတ်ခန်းမကြီး၊ ဓာတ်လှေ ကား၊ ဆေးရုံသုံး Oxygen Plant တို့အား အမြန်ပြုပြင်၊ လဲလှယ်၊ တပ်ဆင်ပေးရေးတို့အား ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က
အထက်ပါ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြေကြားချက်နှင့်ပေါင်းစပ်၍ ပြန်လည်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့၊ ခုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီး (ဆေးပညာ) တစ်ဦး၊ အထူးကုဆရာဝန်ကြီး(ခွဲစိတ်) တစ်ဦး၊ အထူးကုဆရာဝန်(ခွဲစိတ်) တစ်ဦး၊ အထူးကုဆရာဝန်ကြီး (သားဖွား/မီးယပ်) တစ်ဦး၊ အထူးကု ဆရာဝန် (သားဖွား/မီးယပ်) တစ်ဦး၊ အထူးကုဆရာဝန်ကြီး (ကလေး) တစ်ဦး၊ အထူးကုဆရာဝန် (ကလေး) တစ်ဦး၊ အထူးကုဆရာဝန်(အရိုး) တစ်ဦး၊ အထူးကု ဆရာဝန်ကြီး (မေ့ဆေး) တစ်ဦး၊ အထူးကုဆရာဝန်(မေ့ဆေး) တစ်ဦး၊ အထူးကုဆရာဝန်ကြီး (မျက်စိ) တစ်ဦး၊ အထူးကုဆရာဝန်ကြီး (ဓာတ်မှန်) တစ်ဦး၊ အထူးကုဆရာဝန်(ဓာတ်မှန်) တစ်ဦး၊ အထူးကု ဆရာဝန်ကြီး (သွားနှင့်ခံတွင်း) တစ်ဦး၊ အထူးကုဆရာဝန်(အကြောအဆစ်) တစ်ဦး၊ အထူးကုဆရာဝန်ကြီး (ရောဂါဗေဒ) တစ်ဦး စုစုပေါင်း ၁၆ ဦးဖြင့် ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘာသာရပ် အလိုက် အထူးကုဆရာဝန်ကြီး၊ အထူးကုဆရာဝန်များ လိုအပ်ချက်ဖြစ်သော အထူးကု ဆရာဝန် (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်)၊ အထူးကုဆရာဝန် (စိတ်ကျန်းမာ)၊ အထူး ကုဆရာဝန် (အရေပြား)၊ အထူးကုဆရာဝန်(ကင်ဆာရောဂါ)၊ အထူးကုဆရာဝန် (မှုခင်း)တို့အား စစ်ကိုင်းမြို့၊ ခုတင် ၃၀ဝ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် ခန့်ထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း။
စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် သူနာပြုအုပ် တစ်ဦးနှင့် သူနာပြုကြီး ၁၅ ဦးအပါအဝင် သူနာပြု ၅၃ ဦး တာဝန်ချထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း တစ်ရက်ပျှမ်းမျှပြင်ပလူနာ ၁၂၀ ဦးနှင့် တစ်ရက်ပျှမ်းမျှအတွင်းလူနာ ၇၁ ဦးသာရှိပါသဖြင့် လူနာနှင့် သူနာပြုဦးရေအချိုးအရ လက်ရှိအခြေအနေတွင် လူနာများအား လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပါကြောင်း၊ သစ်လွင်သူနာပြုများခန့်ထားချိန်တွင် လုပ်ငန်းလိုအပ်ချက်နှင့် ခွဲတမ်းရရှိနိုင်မှုအပေါ်မူတည်၍ ထပ်မံ ခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့၊ ခုတင် ၃၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးရှိ Oxygen Plant (NZO-30)နှင့် ဓာတ်လှေကား (Toco)တို့အား ပြင်ဆင်ရန်အတွက် ၂၀၂၆-၂၀၂၇ ယခု ဘဏ္ဍာရေးနှစ် အတွင်း သာမန်အသုံးစရိတ်ဖြင့်ပြုပြင်ပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါ သည်။