မွန်ပြည်နယ်ရှိ လယ်ယာကဏ္ဍများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ငါးဖမ်းစက်လှေများအတွက် စက်သုံးဆီကို တစ်မြို့နယ်လျှင် တစ်ဆိုင် သီးသန့်ရောင်းချပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မွန်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းသည် ဆန်၊ စပါး၊ ဆား၊ ကြက်ပေါင်စေး(ခ) ရာဘာ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းနှင့် အခြား ဥယျာဉ်၊ စိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်သည့် စိုက်ပျိုးမြေဧက ၁၈ သိန်းကျော်ရှိသည့်အနက်မှ ၅၇၀,၀၀၀ ကျော်သည် စပါးကိုစိုက်ပျိုးပါကြောင်း၊ ရာဘာစိုက်ပျိုးဧက ၅၀၀,၀၀ ကျော်ရှိပါကြောင်း၊ ကျန်ဧကသည် အခြားသီးနှံများ စိုက်ပျိုးကြပါကြောင်း၊ လာမည့်နှစ် စပါးရိတ်သိမ်းချိန်မှလည်းကောင်း ရာဘာလုပ်ငန်းများ အလုပ်စတင်နိုင်ရန် ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းများအတွက် စက်သုံးဆီ လိုအပ်လျက်ရှိပါကြောင်း။
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် QR စနစ်ဖြင့် ရောင်းချနေပါကြောင်း၊ အရောင်းဆိုင်များတွင် QR Scan ဖတ်သည့် လီတာအတွက်သာ ခွဲတမ်းရပြီး ကျန်ရှိသည့် မြက်ခုတ်စက်၊ တရုတ်နီစက်၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် ငါးဖမ်းလုပ်ငန်းများအတွက် စက်ရုံ၊ အလုပ်ရုံအတွက် လည်းကောင်း qr မရှိသဖြင့် အရောင်းဆိုင်များ ရောင်းချခွင့်မရှိကြောင်း၊ ထို့အပြင် မွန်ပြည်နယ်စက်သုံးဆီ ဈေးနှုန်းသည် အခြားပြည်နယ်နှင့်တိုင်းများထက် လစဉ်လိုလို တစ်လီတာလျှင် ကျပ် ၁၅၀ ပိုပေး၍ ဝယ်ယူနေရပါကြောင်း၊ စက်သုံးဆီကိုလည်း လုံလုံလောက်လောက် မရရှိပါကြောင်း၊ ထို့နောက် အလားတူစွာ ချောင်းဆုံမြို့နယ်တွင်လည်း အခြားသော ရိုးရာစက်မှုလုပ်ငန်းဖြစ်သည့် ဆေးတံ၊ တုတ်ကောက်၊ မြန်မာ့ကျောက်သင်ပုန်းလုပ်ငန်းအတွက်လည်း စက်သုံးဆီအခက်အခဲများ ရှိနေပါကြောင်း၊ စက်သုံး ဆီကို လိုသလောက်ဝယ်ယူရရှိရန်အတွက်လည်း လိုအပ်နေပါကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ် အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ ရာဘာစက်ရုံ၊ အလုပ်ရုံများ၊ ကမ်းနီး ကမ်းဝေး ပင်လယ် ငါးဖမ်းစက်လှေများအတွက် တစ်မြို့နယ်လျှင် တစ်ဆိုင်ဖြင့် စက်သုံးဆီကို သီးသန့် ရောင်းချပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း က
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းရွှေ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ မွန် ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေကြားမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၁၇၁ ဆိုင်ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ အဆိုပါစက်သုံးဆီအရောင်း ဆိုင်များသည် စက်သုံးဆီရောင်းချမှုအား QR Code၊ Bar Code စနစ်ဖြင့် လည်းကောင်း၊ QR Code၊ Bar Code စနစ်ဖြင့် ဝယ်ယူနိုင်ခြင်းမရှိသည့် စက်ယန္တရားများ (ဥပမာ - ထွန်စက်၊ ထော်လာဂျီစသည်) အတွက် စာရင်းမှတ်စနစ်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီလိုအပ်သော လုပ်ငန်းကဏ္ဍအမျိုးအစားအလိုက် အချက်အလက်အထောက်အထားများ ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလာပါက သက်ဆိုင်ရာဌာနများမှ စနစ်တကျစိစစ်စေပြီး လုပ်ငန်းအမျိုးအစားအလိုက် အမှန်တကယ် လိုအပ်သော စက်သုံးဆီပမာဏကို လုံလောက်စွာ ရောင်းချပေးလျက်ရှိပါကြောင်း။
လယ်ယာကဏ္ဍဖြစ်သည့် မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများအတွက် တောင်သူများအနေ ဖြင့် မိမိတို့၏ လယ်ယာမြေများနှင့် အနီးဆုံး စက်သုံးဆီအရောင်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူ ရရှိနိုင်ရေး မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၁၉ ဆိုင်ကို မိုးစပါး ရိတ်သိမ်း ခြွေလှေ့ခြင်းလုပ်ငန်းများအတွက် ၂၃-၁၀-၂၀၂၆ ရက်တွင် ပထမအကြိမ်အဖြစ် စက်သုံးဆီ ဂါလန် ၃ သိန်း ၆ သောင်းကျော်ကို ခွဲဝေချထားပြီးဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍအပြင် စက်ရုံ၊ အလုပ်ရုံများ၊ ကမ်းနီး ကမ်းဝေးငါးဖမ်းစက်လှေများအတွက်လည်း မြို့နယ် ၂၁ မြို့နယ်မှ စက်သုံးဆီ အရောင်းဆိုင် ၄၂ ဆိုင် ကို ၃၀-၉-၂ဝ၂၆ ရက်တွင် စက်သုံးဆီ ဂါလန် ၃၀၀,၀၀၀ ခွဲဝေချထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် လယ်ယာကဏ္ဍအသုံးပြုရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် စက်သုံးဆီများ လျှောက်ထားလာပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ရေနံဓာတုဗေဒစက်ရုံ (သံပရာကန်)၏ ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် လက်ကျန်အခြေအနေအပေါ် မူတည်၍ သံပရာကန်မှ ထုတ်လုပ်သော ဒီဇယ်ဆီများကို ရောင်းချပေးမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မွန်ပြည်နယ်အတွင်း ဖွင့်လှစ်ခွင့်ပြုထားသည့် စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့် စက်သုံးဆီခွဲဝေချထားမှုအခြေအနေအရ လယ်ယာကဏ္ဍ၊ စက်ရုံ၊ အလုပ်ရုံများ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေများအတွက် စက်သုံးဆီကို အလွယ်တကူ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။