ရွှေတောင်မြို့နယ်၊ ပြည်တောင်တန်းရေနံမြေ-ကွေ့မအုပ်စုဆိပ်ကမ်းလမ်းအား အဆင့်မြှင့်တင်ပေးမည် ဆိုပါက ဒေသခံပြည်သူများက ကူညီပေးလိုပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြည်တောင်တန်းမှာ ရေနံ၊ သတ္တုတွင်းတို့ ထွက်ရှိခဲ့တဲ့အတွက်ကြောင့် အဆိုပါ ရေနံ၊ သတ္တုတို့အား ချက်လုပ်နိုင်ရန်အတွက် နိုင်ငံတွင်းရေနံချက်စက်ရုံများသို့ပေးပို့ရာမှ စရိတ်ကုန်ကျသက်သာပြီး လွယ်ကူစွာပို့ဆောင်နိုင်ရေး အတွက် ၁၉၆၆ ခုနှစ်တွင် ပြည်တောင်တန်းရေနံမြေမှ အနီးဆုံးဆိပ်ကမ်းရှိရာဖြစ်သည့် ရွှေတောင် မြို့နယ်၊ ကွေ့မကျေးရွာရှိ ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ဆိပ်ကမ်းတည်ဆောက်ခြင်း၊ ကွေ့မရွာတွင် ရေနံ ဆိုင်ရာသိုလှောင်ရုံများတည်ဆောက်ပြီး ယာဉ်များသွားလာရန် ကွန်ကရစ်လမ်းများ တောက်လျှောက် ခင်းပေးခဲ့ပါကြောင်း၊ သို့ဖြစ်၍ အဆိုပါလမ်းတစ်လျှောက်ရှိ ကျွဲတလင်းအုပ်စုပိုင်ကျေးရွာများ၊ ဆိတ်ကြီး အုပ်စုပိုင်ကျေးရွာများနှင့် ကွေ့မအုပ်စုပိုင်ကျေးရွာများမှ လုပ်သားပြည်သူတို့မှ မြို့ပြသို့ဖြစ်စေ၊ ရေနံမြေတောင်ပေါ်လမ်းအတိုင်းသွားလာသည့်အခါ လျင်မြန်လွယ်ကူစွာ သွားလာနိုင်ခဲ့သည့်အပြင် ကွေ့မကျေးရွာတွင် တည်ဆောက်ဖွင့်လှစ်ထားသည့် ဆေးရုံ၊ အ.လ.က ကျောင်း၊ အ.ထ.က ကျောင်းများ သို့လည်း ပတ်ဝန်းကျင်ကျေးရွာရှိ ကျေးရွာများမှ လူနာများ၊ ကျောင်းသားများစွာ နေ့စဉ်လွယ်ကူစွာ တက်ရောက်သွားလာနိုင်ခဲ့ကြပါကြောင်း။
ယခုအခါ အဆိုပါစွမ်းအင်ဝန်ကြီးဌာနမှ ဆောက်လုပ်ပေးခဲ့သည့် လမ်းဟောင်းကြီးသည် နှစ်များ စွာ မပြုပြင်နိုင်ခဲ့ကြ၍ များစွာယိုယွင်းပျက်စီးလျက်ရှိသည့်အတွက် ဌာနအနေဖြင့်လည်း သုံးမရ၊ ဒေသနေ ပြည်သူလူထုအတွက်လည်း အကျိုးမရှိဖြစ်နေခဲ့ပါကြောင်း၊ ယနေ့နိုင်ငံတော်အတွက် အလွန် အသုံးဝင်လျက်ရှိသည့် စွမ်းအင်ဆိုင်ရာ ရေနံ၊ သတ္တုတို့အား လွယ်ကူစွာသယ်ယူပို့ဆောင် နိုင်ရန် တည်ဆောက်ခဲ့သော အဆိုပါလမ်းကြီးသည် စွမ်းအင်ဆိုင်ရာရေနံများ သယ်ပို့ရသည့် မဟာ ဗျူဟာကျသည့် လမ်းကြီးဖြစ်သည့်အတွက် အဆင့်မြှင့်တင်ပြန်လည်ပြုပြင်ရန် အထူးလိုအပ်လျက်ရှိနေ ကြောင်း။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်သော်လည်းကောင်း၊ ကျေးရွာချင်းဆက်လမ်း ဖြစ်သည့်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့်သော်လည်းကောင်း၊ သီးခြားဖြစ်စေ၊ ပေါင်းစပ်ညှိနှိုင်း၍ဖြစ်စေ၊ ပြုပြင်ဆောင်ရွက်ပေးမည်ဆိုပါက ဒေသနေကျေးလက် ပြည်သူများအနေဖြင့် လွန်စွာကျေးဇူးတင်ဝမ်းမြောက်ပြီး ၎င်းတို့၏လုပ်အားဒါနဖြင့် ကျရာအခန်း ကဏ္ဍမှ ကူညီပေးရန် အသင့်ရှိပါကြောင်း၊ ထို့အပြင် ကွေ့မကိုသွားနိုင်သည့် တခြားကျေးလက် လမ်းများစွာ သွားလာရန်ရှိကြသော်လည်း အဆိုပါလမ်းများသည် လမ်းတာရှည်ပြီး ရာသီမရွေး သွားလာမှု မပြုနိုင်ကြသည့်အတွက် ယခုတင်ပြသည့်လမ်းကြီးကိုသာ အဓိကမှီခိုအားထားနေကြရပါ ကြောင်း၊ သို့ဖြစ်ပါ၍ မူလစွမ်းအင်ဝန်ကြီးဌာနပိုင် ရေနံမြေလမ်းဟောင်းကြီးအား သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခု သို့မဟုတ် တခြားဝန်ကြီးဌာနနှင့်ပေါင်းစပ်၍ အမာခံလမ်းအဖြစ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ်ရှိမည်ဆိုပါက ဒေသခံပြည်သူများဘက်မှလည်း မည်သို့ပေါင်းစပ်ကူညီ၊ လုပ်အားဒါနပေးရမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း က
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြည်တောင်တန်းရေနံမြေမှ ဧရာဝတီ မြစ်ဆိပ်ရှိရာ ကွေ့မအုပ်စုသို့ ယခင်စွမ်းအင်ဝန်ကြီးဌာနက ဖောက်လုပ်ခဲ့သည့် လမ်းသည် ၇ မိုင်အရှည် ရှိပါကြောင်း၊ ရေနံမြေစခန်းအမှတ်(၂)မှထွက်ရှိသော ရေနံများကို ရေနံချက်စက်ရုံများသို့ ဧရာဝတီ မြစ်ကြောင်းမှတစ်ဆင့် ရေကြောင်းဖြင့်သယ်ယူပို့ဆောင်ပေးရန်နှင့် ဌာနပိုင်လုပ်ငန်းသုံးပစ္စည်းများအား ရေကြောင်းဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ၁၉၆၆ ခုနှစ်တွင် ဖောက်လုပ်ခဲ့သော မြေသားလမ်းဖြစ် ပါကြောင်း၊ အဆိုပါကွေ့မကျေးရွာဆိပ်ကမ်းသည် ၂၀၁၀ ပြည့်နှစ်ခန့်က ဧရာဝတီမြစ်အတွင်း သောင်ထွန်း၍ မြေနုကျွန်းများဖြစ်ပေါ်လာခြင်းကြောင့် ဌာနပိုင်ရေယာဉ်များ ဆိုက်ကပ်၍မရနိုင်ပါသဖြင့်ရေနံတင်ချလုပ်ငန်းနှင့် လုပ်ငန်းသုံးပစ္စည်း တင်ချခြင်းလုပ်ငန်းများကို ကွေ့မကျေးရွာအနီးရှိ တရုတ်မှော်ကျေးရွာသို့ ရွှေ့ပြောင်းဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုအချိန်မှစ၍ ကွေ့မကျေးရွာလမ်း အား အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်ခြင်းမရှိတော့ဘဲ ၎င်းလမ်းဘေးတစ်လျှောက် သွယ်တန်း ထားသည့် ရေနံပို့လွှတ်သည့်ပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက်သာ အခါအား လျော်စွာ အသုံးပြုလျက်ရှိပါကြောင်း။
အဆိုပါ ပြည်တောင်တန်းရေနံမြေ-ကျွဲတလင်း-ကွေ့မ မြေသားလမ်းကို ပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် လမ်းဘေးဝဲယာ သစ်ပင်ခြုံနွယ်များ ရှင်းလင်းပေးခြင်း၊ ဌာနရှိ စက်ယန္တရားများ အသုံးပြု၍ မြေသားလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အဆိုပါပြည်တောင်တန်းရေနံမြေစခန်းအမှတ်(၂)နှင့် ကွေ့မသို့ ဆက်သွယ်ဖောက်လုပ် ထားသည့် မြေသားလမ်းအရှည် ၇ မိုင်ကို အကျယ် ၁၅ ပေ၊ တစ်ပေထုရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်ဆိုပါက ဒေသပေါက်ဈေးနှုန်းများဖြင့် တွက်ချက်မှုအရ ခန့်မှန်း ကျပ် ၆.၅ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါရေနံမြေသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မှ တာဝန်ယူဆောင်ရွက်နေသာ ရေနံမြေဖြစ်ပါကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှုအကျိုးရရှိစေရန် အလေးထားဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း။
ထို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှုအကျိုးရရှိစေရေး ဆောင်ရွက်နေရသော လုပ်ငန်းအနေဖြင့် ဌာန၏ လုပ်ငန်းများအတွက် အခါအားလျော်စွာသာ အသုံးပြုနေရသည့်လမ်းအား အဆင့်မြှင့်တင်နိုင်ရေး ဘတ်ဂျက်လျာထားတောင်းခံရန်ခက်ခဲပါသဖြင့် ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်း အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် လက်ရှိမြေသားလမ်း ထိန်းသိမ်းပြုပြင် ခြင်းနှင့် လိုအပ်သောနေရာများအား ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နယ်မြေခံပြည်သူများနှင့်ပူးပေါင်းပြီး အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်) က
ထိုလမ်းကြီးသည် တစ်ချိန်က နိုင်ငံတော်၏ လိုအပ်ချက်အရ စွမ်းအင်ဝန်ကြီးဌာနမှ ဖောက်လုပ်ပေးခဲ့သည့် ရေနံမြေပိုင်လမ်းအဖြစ် လူသိများခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်အခါ တွင် ဝန်ကြီးဌာန၏ အဓိက ရေနံထွက်ရှိမှုနှင့် အကျိုးရှိမှုအရ ထိုလမ်းကြီးကို ပြန်လည်ပြုပြင်နိုင်ရန် ဒုတိယဝန်ကြီးတင်ပြသွားသလို နိုင်ငံတော်မှ ဘတ်ဂျက်များစွာ ကုန်ကျမည့်လမ်းကြီးဖြစ်နေပါ ကြောင်း၊ ထို့ကြောင့် ထိုလမ်းကြီးကို ဌာနအနေဖြင့် ပြန်လည်တည်ဆောက်ပေးရန် အခြေအနေ မပေးနိုင်ဖြစ်ခဲ့ပါကြောင်း။
သို့သော် ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ အခက်အခဲဖြစ်သည့် သီးခြားဘတ်ဂျက်မရရှိမှု အပေါ် ဘာမျှအလေးမထားဘဲ မိမိတို့ဌာနအနေဖြင့် မိမိတို့တွင်ရှိသည့် စက်စွမ်းအားနှင့် မိမိတို့ တတ်စွမ်းသမျှ ဒေသခံပြည်သူများနှင့် ပေါင်းစပ်၍ ထိုလမ်းကြီး၏ ၇ မိုင်အကျယ်တွင် အဓိကပျက် သည့် လမ်းပိုင်း ၃ မိုင်ခွဲလောက်ကို ၎င်းတို့က ပြုပြင်ပေးသွားရန်အတွက် ပြည်သူများနှင့် ပေါင်းစပ်၍ ဆောင်ရွက်ပေးမည်ဟု ဖြေကြားပေးသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ နောက်တစ်ခါ ထို လမ်းကြီးနှင့်စပ်လျဉ်း၍ မိမိတို့ ယနေ့ နိုင်ငံတော်၏ အခြေအနေလည်းရှိသည့်အတွက် ဝန်ကြီးဌာန အနေဖြင့် အတတ်နိုင်ဆုံး ဒေသခံပြည်သူများ၏ အကျိုးအတွက် ရည်စူးပြီး စေတနာရှေ့ထား၍ ယခုလိုဆောင်ရွက်ပေးမှုသည် အင်မတန် ဝမ်းသာစရာဖြစ်သည့်အတွက် ထိုသတင်းကို ဒေသခံ ပြည်သူများ ကြားသိမည်ဆိုပါက ယခုလိုမျိုး ကူညီဆောင်ရွက်ပေးသည့် စွမ်းအင်ဝန်ကြီးဌာနအပေါ် အင်မတန် ကျေးဇူးတင်ဝမ်းမြောက်ကြောင်းနှင့် မိမိကိုယ်တိုင်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။