မက်မန်းမြို့တွင် အရာထမ်းအိမ်ရာတစ်လုံးနှင့် အမှုထမ်းအိမ်ရာနှစ်လုံးတို့အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရုံးစိုက်ရာ မက်မန်းမြို့တွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများအတွက် အရာထမ်းအိမ်ရာနှင့် အမှုထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိနှင့်စပ်လျဉ်းပြီး မေးမြန်းသွားမည်ဖြစ်ပါကြောင်း။
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံးစိုက်ရာ မက်မန်းမြို့သည် ‘ဂ’အဆင့် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသအဖြစ် နိုင်ငံတော်မှသတ်မှတ်ထားသည့် မြို့တစ်မြို့လည်းဖြစ်ပြီး လမ်းပန်း ဆက်သွယ်မှု၊ သွားလာရေးခက်ခ်သည့်ဒေသဖြစ်ပြီး မက်မန်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာရုံး ၂၄ ရုံး တွင် အရာထမ်း ၂၆ ဦး၊ အမှုထမ်း ၂၆၀ ဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာရုံး ၁၂ ရုံးတွင် အရာထမ်း ၂၇ ဦး၊ အမှုထမ်း ၆၆ ဦး၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့် ဌာနဆိုင်ရာရုံး ခုနစ်ရုံးတွင် အရာထမ်း ၁၀ ဦး၊ အမှုထမ်း ၂၃ ဦး စုစုပေါင်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့် ဌာနဆိုင်ရာရုံး ၄၃ ရုံး မှာ အရာထမ်း ၆၃ ဦး၊ အမှုထမ်း ၃၄၉ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာရုံး ၄၃ ရုံးဆိုသော်လည်း ဌာနအများစုသည် မြို့နယ်ရုံးနှင့် ခရိုင်ရုံးတွဲပြီး စုပေါင်းဖွင့်လှစ်ထားခြင်း၊ တချို့ရုံးများတွင် မြို့နယ်၊ ခရိုင်၊ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သုံးခုတွဲပြီး စုပေါင်း ဖွင့်လှစ်ထားရှိပါကြောင်း၊ ဌာနဆိုင်ရာရုံးများ လုံလောက်မှု မရှိသည့်အပြင် ဝန်ထမ်းများ နေအိမ်များမရှိသဖြင့် ဌာနဆိုင်ရာဝန်ထမ်းများက ရုံးများတွင်သာ စုပေါင်းနေထိုင်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေကြရပါကြောင်း၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ညွှန်ကြားရေးမှူးအဆင့်၊ ဒုတိယ ညွှန်ကြားရေးမှူး အဆင့်များဖြစ်ကြပြီး တခြားဒေသမှ လာရောက် တာဝန်ထမ်းဆောင်နေကြသူများ လည်းဖြစ်ပါကြောင်း၊ တချို့ဝန်ထမ်းများမှာ သုံးနှစ်၊ ငါးနှစ်အထိ ကြာမြင့်စွာ တာဝန်ထမ်းဆောင် ကြပြီး ဖြစ်သော်လည်း ရုံးခန်းငယ်များ၌ နေထိုင်ပြီး တာဝန် ထမ်းဆောင်နေကြရပါကြောင်း။
တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ထမ်းနေကြသည့်ဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာလိုအပ် မှုသည် အရာထမ်းများအတွက်ဆိုလျှင် ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၅၁ ခန်း၊ အမှုထမ်းအတွက် ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၁၅၇ ခန်း လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရုံးစိုက်ရာ မက်မန်းမြို့တွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများအတွက် အရာထမ်းအိမ်ရာ လေးခန်းတွဲ သုံးထပ် ၁ လုံး၊ အမှုထမ်း အိမ်ရာလေးခန်းတွဲ သုံးထပ် ၂ လုံးနှင့် စုစုပေါင်း ၃ လုံး အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အထူး အစီအစဉ်တစ်ရပ်အနေဖြင့် ဆောက်လုပ်ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ /မရှိ မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသောင်းနိုင် က
နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲ၍ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါအစိုးရအဖွဲ့များမှ ချမှတ်ပေးထားသော ရည်မှန်းချက် တာဝန်များအတိုင်း ၎င်းတို့ကွပ်ကဲမှုအောက်ရှိ ညွှန်ကြားရေးမှူးဦးစီးသော မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နှစ် အလိုက် ဘဏ္ဍာရန်ပုံငွေခွင့်ပြုမှုအရ ရှမ်းပြည်နယ်ရှိ အိမ်ရာအခက်အခဲရှိသောမြို့များကို စိစစ် ရွေးချယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ဝန်ထမ်းအိမ်ရာများကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာရှိတဲ့ မြို့ ၆ မြို့တို့မှာဆိုလျှင် ဝန်ထမ်းအိမ်ရာအဆောက်အဦ အလုံးရေ ၃၂ လုံး၊ အခန်းပေါင်း ၄၂၄ ခန်း ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း။
မက်မန်းမြို့တွင် ဝန်ထမ်းအိမ်ရာများကို စီမံဆောက်ရွက်ပေးရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မြေနေရာရရှိရေးကို ကနဦးလျာထားဆောင်ရွက်ရမည်ဖြစ်ပြီး မြေနေရာသတ်မှတ် ပြီးလျှင် နှစ်အလိုက်ခွင့်ပြုရန်ပုံငွေအပေါ် မူတည်၍ ပြည်နယ်အတွင်း မြို့အလိုက် အိမ်ရာအခက် အခဲရှိသော ဝန်ထမ်းအိမ်ရာများကို လျာထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လတ်တလော အခြေအနေအရ လျာထားဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးရန်ကျော်(မက်မန်းမဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
မက်မန်းမြို့သည် ဖွဲ့စည်းပုံအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ မပါဝင်ပါကြောင်း၊ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းလို့ သတ်မှတ်ပြီးသည့်နောက် မက်မန်းခရိုင်လို့သတ်မှတ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေးထားတာရှိပါကြောင်း၊ မိုင်းတုံနှင့် မက်မန်းသည် တစ်ဆက်တစ်စပ်တည်း မဟုတ် သည့်အတွက် မိမိတင်ပြသလို မက်မန်းမြို့တွင် အရာထမ်းက ၆၃ ဦး၊ အမှုထမ်းက ၃၄၉ ဦးရှိပြီး ယခုလိုအပ်ချက်ရှိသည့်အိမ်ရာမှ အရာထမ်းဝန်ထမ်းအိမ်ရာ ၅၁ ခန်း၊ အမှုထမ်း ဝန်ထမ်းအိမ်ရာသည် ၁၅၇ ခန်း လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရုံးလည်းအိမ်၊ အိမ်လည်းရုံး ဖြစ်နေသည့် အတွက် နိုင်ငံတော်မှပေးအပ်သည့်တာဝန်ကို ဦးလည်မသုဉ်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများကို သနားငဲ့ညှာသောအားဖြင့် ပြည်ထောင်စုရန်ပုံငွေမှ အနီးစပ်ဆုံးဘတ်ဂျက်နှစ်မှာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသောင်းနိုင် က
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တင်ပြရမည်ဆိုပါက ဘဏ္ဍာငွေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ဘတ်ဂျက်အပေါ်တွင်ဖြစ်ပါကြောင်း၊ ဆောက်လုပ် ရေး ဝန်ကြီးဌာနအနေဖြင့် အရာထမ်းတစ်ဦးအတွက် ၁,၂၀၀ Square Feet နှင့် အမှုထမ်းအတွက်က ၆၀၀ Square Feet များကို ပုံစံတွေထုတ်ပေးပြီး ကြီးကြပ်ဆောက်လုပ်ပေးသည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေမှ ပြည်နယ်နှင့် တိုင်းဒေသကြီး၏ ဘတ်ဂျက်ဖြင့်သွားသည့်ဆိုသည့် အကြောင်း ကို ရှင်းပြလိုပါကြောင်း၊ မိမိတို့ဘက်က တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ပေးရပြီး နောက်တစ်ခုမှ ဒီဇိုင်းနှင့် နေရာအကျယ်အဝန်းများနှင့် ဖန်တီးပေးသည့်လုပ်ငန်းစဉ်ကို လုပ်ရကြောင်း ငွေကြေးအပိုင်း သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေကြေးဘဏ္ဍာရရှိမှုအပေါ်တွင် ဦးစားပေး ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။