ပုဂံမြို့ရှိ ရှင်အဇ္ဇဂေါဏဂူဘုရား၏ ဘွဲ့အမည်အား မဟာသမန်းကြီးဂူဘုရားဟု ပြောင်းလဲပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ညောင်ဦးလေယာဉ်ကွင်းမှ ပုဂံမြို့သစ် သို့သွားသည့် မော်တော်ကားလမ်းသည် ကျောက်ပန်း တောင်း-ညောင်ဦး မော်တော်ကားလမ်းကိုဖြတ်ပြီးနောက် လမ်းနှစ်ခုခွဲသွားပါကြောင်း၊ လက်ယာဘက် လမ်းအနီးတွင် ဂူဘုရားအမှတ် (၅၈၈/၃၀၉-က) ရှိပါကြောင်း၊ အဆိုပါဂူဘုရားသည် ပုဂံခေတ် သေဉ် လည်ကြောင်မင်းလက်ထက် (အေဒီ ၃၄၄-၃၈၇) လေးရာစုမှ ပေါ်ပေါက်သည့် ရှင်မထီးခေါ် ရှင်အဇ္ဇ ဂေါဏအမည်ရှိ လောကီလုပ်ရပ်ဆရာကြီးနှင့် မည်သို့မျှ ပတ်သက် ခြင်းမရှိပါကြောင်း၊ သို့သော် ရှင် အဇ္ဇဂေါဏဘုရားဟု အမည်တွင်နေပါကြောင်း၊ ကျောက်စာဝန် မစ္စတာ တော်စိန်ခိုနှင့် ဖွားစောရွာသူ ကြီး ဦးထွန်းဦးတို့ ဤဂူဘုရားတံတိုင်းအတွင်းရှိ အုတ်ကျောင်းကြီးအတွင်း၌ အဂ္ဂိရတ်ထိုး သည့် လုံကွဲများ တွေ့ရှိကြသဖြင့် ရှင်အဇ္ဇဂေါဏဘုရားဟု အမည်တွင်သွားကြောင်း မှတ်သား ဖူးပါကြောင်း။
အဆိုပါ ဂူဘုရားအာရုံခံအတွင်း မဟာသမန်းကျောင်းတိုက် အနောက်တောင်ထောင့်မှ စတင်တွေ့ ရှိသည့် မဟာသမန်းလင်မယား ကျောက်စာ တစ်မျက်နှာစိုက်ထူထားပါကြောင်း၊ ထိုကျောက်စာကို မြန်မာ တိုင်းရင်းကျောက်စာများ ပထမထုပ် ပုံအမှတ် ၁၀၂ တွင် ပုဂံခေတ်အက္ခရာပုံသဏ္ဌာန်၊ ပုဂံခေတ် ရေးထုံး စာလုံးပေါင်းနှင့် ဖတ်ရှုနိုင်ပါကြောင်း၊ ရှေးဟောင်းမြန်မာ ကျောက်စာများ ဒုတိယတွဲ (သက္ကရာဇ် ၆၀၀ မှ ၆၂၂) စာမျက်နှာ ၁၅၉၊ ၁၆၀၊ ၁၆၁ တွင် ယခုခေတ် အက္ခရာပုံသဏ္ဌာန်၊ ပုဂံခေတ် ရေးထုံး စာလုံး ပေါင်းနှင့် ကျောက်စာပညာရှင် ဦးငြိမ်းမောင်ရေး ကူးထားသည် ကို ဖတ်ရှုနိုင်ပါကြောင်း၊ ကျောက်စာ တွင် စာကြောင်းရေ ၃၃ ကြောင်း ပါရှိပြီး၊ စာကြောင်းရေ ၇ နှင့် ၈ တွင် သကရာဇ် ၅၉၉ ခု အာသိန်နှစ် နတ္တဝ်လဆုတ် ၅ ရက်၊ ပုတ္တဟူနိယ်မဟာသမန် လင်မိယာ ရတနာသုံပါရည်ရုယ် ဂူ၊ က္လောင်၊ ဓမ္မသာ၊ စင်္ကြံ၊ ပ္လုရုယ်မ္လတ်ကြီ၊ မဟာကဿပ၊ ဓမ္မသီရိ၊ သင်္ဃာအားလှူသောကာဟု ပါရှိပါကြောင်း၊ လယ် ၂၀၇၂ ပယ်၊ ကျွန် ၇၆ ဦး (ယောက်ျား ၄၀ + မိန်းမ ၃၆)၊ နွား ၃၀၊ ကျွဲ ၃၀၊ ဆိတ် ၁၀ အလှူမှတ်တမ်း ဖြစ်ပါကြောင်း၊ ပုဂံကျစွာမင်း ဂြီတြိဘုဝနာဒိတျာ ပဝရပဏ္ဍိတဓမ္မရာဇာ (အေဒီ ၁၂၃၅-၁၂၄၉) လက်ထက် အမတ်ကြီးသမန္တ (မဟာသမန်းကြီး) ဇနီး မောင်နှံ၏ကောင်းမှုဖြစ်ပါကြောင်း၊ ရှင်အဇ္ဇဂေါ ဏဘုရားသည် ကျောက်စာပါ ဂူ၊ ဂူဘုရားမြောက် ဘက် ကပ်လျက်တည်ရှိသည့် နှစ်ထပ်ကုလားကျောင်း အဆောက်အအုံအမှတ် ၅၈၉ သည် ကျောက်စာပါ က္လောင် ကုလားကျောင်းအရှေ့ ဘက်ကပ်လျက်တည်ရှိသည့် အဆောက်အအုံသည် ကျောက်စာပါ ဓမ္မသာ (တရားဟောဇရပ်)၊ ဂူဘုရားနှင့် ကုလားကျောင်းဆက်သွယ်ထားသည့်လမ်းသည် ကျောက်စာပါ စင်္ကြံ ဖြစ်ရပါကြောင်း၊ ကျောက်စာနှင့် မြေပြင် ကိုက်ညီပါကြောင်း၊ ကျောက်စာအစ ပါဠိဘာသာတွင် ပါသည့် ဂြီတြိဘုဝနာဒိတျာ ပဝရပဏ္ဍိ တဓမ္မရာဇာသည် ကျစွာမင်း၏ ဘွဲ့အမည်ဖြစ်နေပါကြောင်း။
ကျစွာမင်းလက်ထက် ၁၄ ဇန်နဝါရီ ၁၂၃၈ နေ့မှ တည်ထားခဲ့သည့် ၁၃ ရာစု ဗိသုကာလက်ရာ ပုဂံဘုရားသည် လေးရာစု သေဉ်လည်ကြောင်မင်း လက်ထက်မှ ပေါ်ပေါက်ခဲ့သည့် ရှင်အဇ္ဇဂေါဏနှင့် မည်သို့မျှမသက်ဆိုင်ပါသော်လည်း၊ မူလကမရှိခဲ့သည့် ရှင်အဇ္ဇဂေါဏနှင့် ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တချို့၏ ရုပ်တုများထားရှိလာ၍ ရွှေဖြစ်ငွေဖြစ် ကိုးကွယ်လို သူများဖြင့် ဂူဘုရားတွင် လူစည်ကားနေပါကြောင်း၊ သို့ဖြစ်ပါ၍ သမိုင်းမဝင် နှုတ်ပြောရာဇဝင်တွင်သာ ထင်ရှား ပါသော ရှင်အဇ္ဇဂေါဏနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိပါဘဲလျက် ရှင်အဇ္ဇဂေါဏဟူသော ဘွဲ့အမည် တော်ကြောင့် ၁၃ ရာစုက ထေရဝါဒဗုဒ္ဓသာသနာ သန့်စင်ထွန်းကားခဲ့သော ပုဂံမြေတွင် ၂၁ ရာစု ရောက်သောအခါသရဏဂုံပျက်သော ကိုးကွယ်မှုများ ရှုပ်ထွေးလာနေပြီဖြစ်ပါသဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ရန်အလို့ငှာ ရှင်အဇ္ဇဂေါဏဟူသောဘွဲ့အမည်တော်သည် မူလကောင်းမှုရှင်၏ အမည်ဖြင့် မဟာသမန်းကြီးဂူဘုရားဟု ဘွဲ့အမည်တော်ပြောင်းလဲပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း က
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသသည် UNESCO ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် ၆-၇-၂၀၁၉ ရက်မှ အသိအမှတ်ပြုခံခဲ့ရပြီဖြစ်ပါကြောင်း၊ ပုဂံရှေးဟောင်း ဒေသသည် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံပေါင်း ၃၈၃၇ ခုတည်ရှိ၍ ပုဂံဒေသ၏ သမိုင်းကြောင်း၊ လူမှုစီးပွားရေးအခြေအနေများနှင့် ရှေးဟောင်းအဆောက်အအုံများ၏ အမည်နာမများ ကိုလည်း အမွေအနှစ် အဆောက်အအုံများရှိ ကျောက်စာ၊ မင်စာအထောက်အထားများမှတစ်ဆင့် သတ်မှတ် ထားပါ ကြောင်း၊ ရှေးဟောင်းအဆောက်အအုံအများစုသည် မူလအလှူရှင် မှတ်တမ်းတင်ထားသော ကျောက်စာများ၊ မင်စာများ မတွေ့ရှိရသည့်အတွက် အဆိုပါ ရှေးဟောင်းအဆောက်အအုံများကို မှတ်ပုံတင်အမှတ် သို့မဟုတ် ပါးစပ်ရာဇဝင်အရ ခေါ်ဝေါ်ခဲ့သောအမည်များဖြင့် ခေတ်အဆက်ဆက် သုတေသနပြု မှတ်တမ်းတင်ထားခဲ့ကြပါကြောင်း၊ ဆက်လက်၍ ရှင်အဇ္ဇဂေါဏဘုရား၏သမိုင်းကို အကျဉ်းချုပ်တင်ပြမည်ဖြစ်ပါကြောင်း။
ရှင်အဇ္ဇဂေါဏဘုရားသည် မင်းနန်သူကျေးရွာအတွင်း တည်ရှိပါကြောင်း၊ ဗိသုကာလက်ရာ အနေနှင့် အောက်ခြေခုံမြင့်ပေါ်တွင် တည်ဆောက်ထား၍ ဘုရားတည်ဆောက် မှုပုံစံ သည် အလယ်တိုင်မပါဝင်ဘဲ နံရံလေးဘက်မှ အမိုးများကိုစု၍ ပေါင်းမိုးခုံးပုံသဏ္ဌာန် တည်ဆောက် ထားပါကြောင်း၊ အလယ်တိုင်မပါဝင်သည့် တည်ဆောက်မှုပုံစံကြောင့် ပုဂံခေတ်ကာလ တည်ဆောက် ရေး၏ နည်းပညာကျွမ်းကျင်မှုကို လေ့လာ တွေ့ရှိနိုင်ပြီး ၁၂ ရာစုနှောင်းပိုင်းတွင် တည်ဆောက်ခဲ့ သည်ဟု ပညာရှင်များသည် ယူဆကြပါကြောင်း၊ နှုတ်ပြောရာဇဝင်နှင့် စာပေအထောက်အထား များအရ ရှင်အဇ္ဇဂေါဏဘုရား အမည်တွင်လာပုံကို ရှင်းလင်းတင်ပြပါလိုပါကြောင်း၊ ရှင်အဇ္ဇဂေါ ဏဘုရားကို နှုတ်ပြောရာဇဝင်အရ အမည်တွင်ပုံကို အမျိုးမျိုးပြောဆိုကြသည်ကို တွေ့ရှိရပါကြောင်း၊ အင်္ဂလိပ်လက်ထက်တွင် ဂျာမန်လူမျိုး Mr.Thoman (ထိုမန်) နှင့် Mr.Nort Wetlling (နော့ဝက်လင်း) တို့သည် ပုဂံဒေသရှိ ဘုရားပုထိုးများမှ နံရံဆေးရေးပန်းချီများကို ချိုးဖဲ့ခိုးယူနေကြသဖြင့် ဖွားစောရွာ သူကြီးဦးထွန်းဦးမှ ပခုက္ကူအရေးပိုင် မစ္စတာစကိုယ်ဘယ်ထံ တိုင်ကြားဖမ်းဆီးခဲ့ပါကြောင်း၊ ရင်းနှီးသွားကြသည့် မစ္စတာစကိုယ်ဘယ်နှင့် ဦးထွန်းဦးတို့သည် ပုဂံဘုရားများတွင် လှည့်လည် သွားလာလေ့လာရင်း လက်ရှိဘုရားတွင် လုံကွဲများ တွေ့ရှိရသည့် အတွက် ပုဂံခေတ်ကထင်ရှားခဲ့ သော အဂ္ဂိရတ်ပညာရှင် ရှင်အဇ္ဇဂေါဏဖိုထိုးခဲ့သည့် နေရာဟုသမုတ် ပြီး အဇ္ဇဂေါဏဟု အမည်တွင် စေခဲ့သည်ဟုလည်း နှုတ်ပြောရာဇဝင်ရှိပါကြောင်း။
ထို့အပြင် ၁၉၈ဝ ပြည့်နှစ်၊ သုတေသနဝန်ထောက် ဦးဗိုကေရေးသားသော ပုဂံသုတေသန လမ်းညွှန်စာအုပ် ၊ စာမျက်နှာ - ၂၈၅ မှာ အဇ္ဇဂေါဏဟူသော အမည်တွင်၍နေသနည်းဟူမူ၍ ပုဂံတွင် ကျောက်စာဝန် တော်စိန်ခိုလက်ထက်မှ ကျောက်စာဝန်သည် မိမိနှင့်ရင်းနှီး၍ ဟာသဉာဏ်ရွှင်လှသော ပညာရှိဖွားစောရွာသူကြီးဦးထွန်းဦးနှင့်အတူ ပုဂံဒေသတစ်ဝိုက် ရှေးဟောင်းအဆောက်အအုံများကို လိုက်လံကြည့်ရှုရင်း ဂူဘုရားများကိုလည်း အမည်ပေးလေ့ရှိပါကြောင်း၊ ကျောက်စာဝန်တော်စိန်ခိုနှင့် ဦးထွန်းဦးတို့ ဤဂူဘုရားတံတိုင်းအတွင်းရောက်စဉ် အုတ်ကျောင်းကြီးအတွင်း အဂ္ဂိရတ်ထိုးခဲ့သော လုံကွဲပေါင်းမြောက်များစွာတွေ့ရှိကြ၍ ဦးထွန်းဦး၏ ဟာသဉာဏ်ရွှင်သည့်အတိုင်း ပုဂံခေတ်မှ အဂ္ဂိရတ်ဆရာ ရှင်အဇ္ဇဂေါဏများ နေသွားသလားဟု ပြောဆိုရာမှစတင်၍ ဤဂူဘုရားတစ်ဝိုက်ကို အဇ္ဇဂေါဏ ဟူသောအမည် ဖြစ်ပေါ်လာခြင်း” ဖြစ်သည်ဟုဖော်ပြပါရှိပါကြောင်း။
မခင်နု (ဒဿန) ရေးသားသည့် ပုဂံဘုရား၊ ပုဂံစကား၊ ပုဂံသားစာအုပ်၊ စာမျက်နှာ ၁၇၂၊ ၁၇၃ မှာလည်း ပုဂံရာဇဝင်တွင် ရှင်အဇ္ဇဂေါဏဟူသော ပုဂ္ဂိုလ်ကြီးသည် ထင်ရှားလူသိများ သူဖြစ်ပါ ကြောင်း၊ ရှင်အဇ္ဇဂေါဏသည် ပြဒါးဝိဇ္ဇာဟုဆိုကြပါကြောင်း၊ ရှင်အဇ္ဇဂေါဏကြောင့် ပုဂံပြည်ကြီး ရွှေမိုးငွေမိုးရွာခဲ့ပါကြောင်း၊ ချမ်းသာကြွယ်ဝကြသည်စသည်ဖြင့် ပုဂံရှေးစကားကို ပြော ကြားခဲ့ ပါကြောင်း၊ ရှင်အဇ္ဇဂေါဏသည် ပုဂံသေဉ်လည်ကြောင်မင်းလက်ထက်မှ ပေါ်ထွက်ခဲ့သော နာမည် ကျော်ရှင်တစ်ပါးဖြစ်ပါကြောင်း၊ အဂ္ဂိရတ် ပညာလိုက်စား၍ ပြဒါးဝိဇ္ဇာ ဖြစ်လာသည်ဟုဆိုပါကြောင်း၊ ပြဒါးဝိဇ္ဇာဖြစ်ပြီးနောက် မျက်စိနှစ်ကွင်းအလင်းမရသော ဘဝမှဆိတ်မျက်လုံးတစ်ဖက်နှင့် နွားမျက်လုံးတစ် ဖက်ကို သပ်လိုက်ရာတွင် ရှင်အဇ္ဇဂေါဏဟူသောအမည်ကို ရရှိခဲ့ပါကြောင်း၊ ဓာတ်သတ္တုများကို သူ၏ဆေးတောင်ဝှေးဖြင့် ရွှေဖြစ်အောင် လုပ်နိုင်သည်ဆိုသော ပုဂံစကားများကို လူကြီးသူမတို့ ပြောကြားခဲ့ပါကြောင်း၊ ရိုးရာအဂ္ဂိရတ်ပညာမှ ဓာတုဗေဒဘာသာအဖြစ် တိုးတက်ထွန်းကားလာ ကြောင်းကို မှတ်သားရပါကြောင်း၊ ရှင်အဇ္ဇဂေါဏသည် ပြဒါးမှရွှေဖြစ်အောင် လုပ်နိုင်၍ ပုဂံပြည် ကြွယ်ဝချမ်းသာခဲ့ဖူးကြောင်း ရှေးလူကြီးသူမတို့ ပြောကြားခဲ့သည်များကိုလည်း မှတ်သားရပါ သည်ဟုလည်း ဖော်ပြထားပါကြောင်း၊ ထို့အပြင် Mr. Pierre Pichart (ပစ်ချတ်)မှပြုစု၍ ၁၉၉၂ ခုနှစ်မှ the United Nations Educational, Scientific and Cultural Organization မှထုတ်ဝေ ခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအကြောင်းအရာစစ်တမ်း Inventory of Monuments at Pagan တွင် အဇ္ဇဂေါဏဘုရားဟုလည်း ဖော်ပြထားပါကြောင်း။
ဆက်လက်၍ ကျောက်စာ၊ မင်စာအထောက်အထားများကို ဆက်လက် တင်ပြမည်ဖြစ်ပါ ကြောင်း၊ မိမိတင်ပြခဲ့သည့်အတိုင်း အမျိုးမျိုးရေးသားပြောဆိုနေမှုများအရ ရှင်အဇ္ဇဂေါ ဏ ဘုရားဟု အမည်တွင်လာသည်မှာ နှစ်ပေါင်း ၁ဝဝ ကျော်ရှိခဲ့ပြီဟုခန့်မှန်းရပါကြောင်း၊ ဘုရားတွင် အမတ် ကြီး မဟာသမန်းလင်မယားကောင်းမှု တစ်မျက်နှာကျောက်စာတစ်ချပ်ရှိပါကြောင်း၊ အဆိုပါ ကျောက်စာ ကို ပုဂံမြို့ငှက်ပစ်တောင်အရပ် ဝက်ကြီးအင်းချောင်းဖျားရှိ မဟာသမန်းကျောင်းတိုက် အနောက် တောင်ထောင့်မှရရှိခဲ့ပြီး ယခုအခါဘုရား၏အရှေ့ဘက်တွင် ကျောက်စာဂူဖြင့်ထိန်းသိမ်း ပြသထား ပါကြောင်း၊ ကျောက်စာပါအကြောင်းအရာများသည် မဟာသမန်းလင်မယား လှူဒါန်းခဲ့ကြောင်း အတိအကျပါရှိခြင်း၊ ဘုရား၊ ဂူ၊ ကျောင်း၊ ဓမ္မသာလ၊ မြေ၊ ကျွန်၊ လယ်လှူဒါန်းခဲ့ကြောင်း၊ ဆုတောင်းစာ များနှင့် ကျိန်စာများပါရှိပါကြောင်း၊ ကျောက်စာပါအထောက်အထားများအရလည်းကောင်း၊ ဘုရားအနီး လိလုကုန်းဂူအတွင်းရှိ ကျောက်စာအရလည်းကောင်း ထိုနေရာသည် မဟာသမန်းကြီး ကျောင်းနေရာ ဖြစ်ကြောင်း တိတိကျကျသိရှိနိုင်ပါကြောင်း။
ဘုရားအတွင်း၌လည်း နံရံဆေးရေးပန်းချီဇာတ်ကွက်များရှိ၍ ကမ္ပည်းစာများဖြင့်တကွ ဖော်ပြ ထားရာတွင် ယခုအခါ ဆေးရောင်များမှေးမှိန်လျက်ရှိပါကြောင်း၊ ဆုတောင်းကမ္ပည်းစာဖြစ်ပြီး သက္ကရာဇ် တွင် ၆ဝ၉ ခုဖော်ပြထားပါကြောင်း၊ ကမ္ပည်းစာတွင် ငါဝံသသင်ဟုပါရှိသဖြင့် ဇာတ်ကွက်နံရံ ပန်းချီများ ရေးဆွဲသူ ဖြစ်နိုင်သည်ဟုယူဆရပြီး အဆိုပါကမ္ပည်းစာနှင့် ကျောက်စာအထောက်အထားများ အရ ၅၉၉ ခုနှစ်တွင် အမတ်ကြီး မဟာသမန်းလင်မယားမှ ဂူဘုရားသည်ဆောက်လုပ်ခဲ့၍ ဆယ်နှစ်အကြာတွင် အထက်ပါ ကမ္ပည်းကို ရေးခြင်းဖြစ်နိုင်ပါကြောင်း၊ မဟာသမန်းလင်မယားသည် ဘုရားဆုတောင်း ကြောင်းနှင့် ထိုဂူကို ပြုလုပ်သော ငါဝံသသင်ကိုလည်း နိဗ္ဗာန်ဆုရစေကြောင်းဟု ဖော်ပြထား ပါကြောင်း။
အဆိုပါဂူဘုရားသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှတ်တမ်းတွင် အရှင်အဇ္ဇဂေါဏအမည်ဖြင့် စာရင်းဝင်နေပါကြောင်း၊ ပုဂံဒေသသည် UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်သည့်အတွက် ပုဂံဒေသအတွင်းရှိ ရှေးဟောင်းစေတီပုထိုးများ၏ အမည်များသည် UNESCO ၏ အချက်အလက်များတွင်ပါဝင်ပြီးဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများသည်လည်း နှုတ်ပြော ရာဇဝင်အမည်ဖြင့် ရိုးရာအစဉ်အဆက် ကိုးကွယ်လာခဲ့ကြသောကြောင့် အမည်ပြောင်းလဲလိုပါက ဒေသခံပြည်သူများ၏ သဘောထားကိုလည်း လေ့လာတောင်းခံရန်လိုအပ်မည်ဖြစ်ပါကြောင်း။
ဘုရားကို လက်ရှိထိန်းသိမ်းစောင့်ရှောက်မှုအနေဖြင့် တင်ပြရမည်ဆိုလျှင် ရှင်အဇ္ဇဂေါဏ ဘုရားတွင်စောင့်ရှောက်ရန်ထားရှိသည့် ဘုရားအစောင့်သည် ထေရဝါဒဗုဒ္ဓဘာသာနှင့် မသက်ဆိုင် သည့်လွဲမှားသော အခြားကိုးကွယ်ယုံကြည်မှုဆိုင်ရာများ ပြုလုပ်ခဲ့သောကြောင့် ဘုရားဖူး ပြည်သူများ အကြား လွဲမှားသောအယူအဆကိုးကွယ်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏အဆို၌ လည်းပါရှိပြီဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့်စပ်လျဉ်း၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ ပုဂံဌာနခွဲသည် ဘုရားအစောင့်ကို တာဝန်ပေးထားမှုမှ ဖယ်ရှားခြင်း၊ ထေရဝါဒဗုဒ္ဓဘာ သာသည် အထင်မြင်လွဲမှားစေမည့်အပြုအမူများကို တားမြစ်ခြင်းများဆောင်ရွက်ခဲ့ပြီး ဒေသခံရပ်မိရပ်ဖများ ပါဝင်သည့် ၁၂ ဦးပါ ဂေါပကအဖွဲ့ကိုလည်း ၂၀၂၆ခုနှစ် ဧပြီလအတွင်း အသစ်ပြန်လည်ဖွဲ့စည်း စီမံဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။
ဘုရားအမည်များနှင့်စပ်လျဉ်း၍ တင်ပြရမည်ဆိုလျှင် စာရင်းဝင် ၃၈၃၇ ခု အနက် နံပါတ်သာ ရှိပြီး ဘွဲ့အမည်မရှိသည်မှာ ၃၂၅၉ ခုရှိပါကြောင်း၊ ဘွဲ့အမည်အထောက် အထားရှိသည်နှင့် ပါးစပ်ရာ ဇဝင်အခေါ်ဘွဲ့အမည်များသာရှိသည့် ဘုရားစုစုပေါင်း ၅၇၈ ဆူရှိကြောင်း စိစစ်တွေ့ ရှိရပါကြောင်း၊ ဥပမာအနေဖြင့် တင်ပြရမည်ဆိုလျှင် ရွှေစည်းခုံဘုရားကြီး၏ မူလဘွဲ့အမည်သည် ဇေယျခုံ၊ သဲစဲခုံ၊စည်းခုံ အမည်မှ ယခုအခါ ရွှေစည်းခုံအမည်ဟုလည်းကောင်း၊ ထီးလိုမင်း လိုဘုရားကြီး၏ မူလဘွဲ့အမည် သည် တြိလောကမင်္ဂလာအမည်ဖြစ်သော်လည်း ယခုအခါ ထီးလိုမင်းလို ဟုလည်းကောင်း၊ အာနန္ဒာဘုရား ကြီး၏ မူလဘွဲ့အမည်သည် နန္ဒဂူကြီးအမည်ဖြစ်သော်လည်း ယခုအခါ အာနန္ဒာဟုလည်းကောင်း၊ မြစေ တီ ကျောက်စာသည် ဘာသာပြန်ပြီးနောက် မူလအလှူရှင် ၏ အမည်ဖြစ်သော ရာဇကုမာရ် ကျောက်စာ သို့မဟုတ် ဂူပြောက်ကြီးကျောက်စာဖြစ်သော်လည်း ယခုအခါ မြစေတီကျောက်စာ ဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲလျက်ရှိပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တင်ပြချက်အတိုင်း ရှင်အဇ္ဇဂေါဏဘုရားကို မဟာသမန်းကြီးဂူ ဘုရားအဖြစ် ပြောင်းလဲခေါ်တွင်မည်ဆိုလျှင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ရှေးဟောင်းစေတီ ပုထိုးများ၏ အမည်များသည် UNESCO ၏ မှတ်တမ်းအချက်အလက်များတွင် အတည်ပြုထားပြီး ဖြစ်သည့်အတွက် UNESCO နှင့် ရေရှည်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာနိုင် ပါကြောင်း၊ ထို့အပြင် ပါးစပ်ရာဇဝင်အခေါ်ဖြင့် အသိအမှတ်ပြုထားသော ဘုရား စေတီများကိုလည်း အမည်ပြောင်းလဲ ခေါ်တွင်ရန် တောင်းဆိုမှုများလည်း ရှိလာနိုင်ပါကြောင်း၊ ရှင်အဇ္ဇဂေါဏ ဘုရား ဩဝါဒါစရိယ ဆရာတော် ခုနှစ်ပါးကိုလည်း ဩဝါဒခံယူသည့်အခါ၌လည်း အလှူရှင်အမည်ကိုအစွဲပြု၍ ပြောင်းလဲခေါ်ဆိုခြင်းထက် လက်ရှိအများပြည်သူ ကြည်ညိုပူဇော်နေသည့် ရှင်အဇ္ဇဂေါဏ ဘုရားအမည် ဖြင့်သာခေါ်ဆို သင့်ပါကြောင်း ဩဝါဒပေးခဲ့ပါကြောင်း။
လက်ရှိအများပြည်သူ ကြည်ညိုပူဇော်နေသည့် ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ ဖြစ်နေသည့် အတွက် ဂူဘုရားအမည်ကို ပြောင်းလဲခြင်းမပြုတော့ဘဲ ကျောက်စာပါ အမည်အမှန်ကို ကွင်းစကွင်း ပိတ်ဖြင့် ယှဉ်တွဲဖော်ပြခြင်းနည်းလမ်းဖြင့် ဆောင်ရွက်မည်ဆိုလျှင် UNESCO သို့တင်ပြ အတည်ပြု ထားချက်နှင့် ကွဲလွဲမှုမရှိနိုင်ပါကြောင်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ဘုရားအမည် နှစ်ခုကို ပူးတွဲဖော်ပြ မည်ဆိုလျှင် ဒေသခံပြည်သူများနှင့် ဘုရားဖူးပြည်သူများ သိရှိနားလည်နိုင်ရန် အမတ်ကြီးမဟာသမန်း လင်မယားကျောက်စာပါ စာသားများကို သမိုင်း ပညာရှင်များ၊ သုတေသီများနှင့် ထပ်မံသုံးသပ် စိစစ်၍ အတည်ပြုချက်ရယူခြင်း၊ ဘုရားပရဝုဏ်အတွင်း ကျောက်စာပါအဓိပ္ပာယ် ဘာသာပြန်ဆိုချက်သည် အသိပေးဆိုင်းဘုတ်ဖြင့်ဖော်ပြခြင်း၊ သာသနာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသည် ရှင်းလင်းအသိပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။