MY EN

(ဂ)- ဒေါ်မြင့်စန္ဒာအောင်(မြောင်းမြမဲဆန္ဒနယ်)

2026-11-11
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်မြင့်စန္ဒာအောင် (မြောင်းမြ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မြောင်းမြမြို့နယ်၊ အ.မ.က(ရွှေဒါးကုန်း)ကျောင်းနှင့် အ.ထ.က(ကဝက်)ကျောင်းတို့အား ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြောင်းမြမြို့နယ်၊ မရမ်းကုန်းရပ်ကွက်၊အ.မ.က(ရွှေဒါးကုန်း)တွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူအရေအတွက်သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ၂၁ ဦးရှိပြီး ကျောင်းအုပ် အပါအဝင် ဆရာ ဆရာမ ခြောက်ဦးရှိပါကြောင်း၊  အ.မ.က(ရွှေဒါးကုန်း)ကျောင်း မြေဧရိယာ သည် ၀.၅၃ ဧကရှိပြီး အဆိုပါမြေ ပေါ်တွင် ၆၀ ပေ x ၂၄ ပေရှိ အုတ်ညှပ်သွပ်မိုးတစ်ထပ် စာသင်ဆောင် အဆောက်အဦ ဆောက်လုပ်ထားပါကြောင်း၊ အဆိုပါစာသင်ကျောင်းဆောင်ကို ၁၉၉၃ ခုနှစ်မှ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ယခု ဆိုလျှင် အဆိုပါစာသင်ကျောင်း၏သက်တမ်းသည် ၃၃ နှစ်ကြာမြင့်လာပြီဖြစ်ပါကြောင်း၊ သက်တမ်းကြာ လာသည်နှင့်အမျှ သွပ်မိုး၊ မျက်နှာကြက်များ ပေါက်ပြဲပျက်စီးခြင်း၊ ကျောင်းအုတ်နံရံများ ကွဲအက် ကွာကျခြင်း၊ ကျောင်းတိုင်နှင့် အမိုးထုတ် တန်းများ  ဆွေးမြည့်ပျက်စီးခြင်း၊ ကျောင်းပြတင်းပေါက်များ ပျက်စီးနေပါကြောင်း။

ယင်းစာသင်ကျောင်းဆောင်သည် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများအတွက် ဘေးအန္တရာယ်ရှိ ကျောင်းဆောင်ဖြစ်သော်လည်း တခြားပြောင်းရွှေ့သင်ကြားရန် စာသင်ဆောင် မရှိသည့်အတွက် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများသည် အဆိုပါစာသင်ဆောင်တွင် ပညာ သင်ကြား နေရပါကြောင်း၊ သို့ဖြစ်ပါ၍ မရမ်းကုန်းရပ်ကွက်၊ အ.မ.က(ရွှေဒါးကုန်း)ရှိ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် ပျက်စီးယိုယွင်းနေသော ၆၀ ပေ x ၂၄ ပေ အန္တရာယ်ရှိ စာသင်ကျောင်းဆောင်ဟောင်းသည် ဖျက်သိမ်းခွင့်ပြုနိုင်ပါရန်နှင့် ၆၀ ပေ x ၃၀ ပေ ရှိ RCC တစ်ထပ် စာသင်ကျောင်းဆောင်သစ်သည် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါကြောင်း။

ဆက်လက်၍ ကဝက်ကျေးရွာ၊ ကဝက်အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းဆောင် ဟောင်းနှင့်စပ်လျဉ်း၍ အ.ထ.က(ကဝက်)ကျောင်းတွင်  ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူ အရေအတွက်သည် ၃၃၂ ဦးရှိပြီး ကျောင်းအုပ် အပါအဝင် ဆရာ ဆရာမ ၂၂ ဦးရှိ ပါကြောင်း၊  ကျောင်းမြေ ဧရိယာသည် ၇.၉၅ ဧကရှိ၍ ထိုကျောင်းမြေပေါ်တွင် ဧရာဝတီဆောင်၊ ချင်းတွင်းဆောင်၊ သံလွင် ဆောင်၊ စစ်တောင်းဆောင်နှင့် ကစ္စပနဒီဆောင် စုစုပေါင်းစာသင်ဆောင် ငါးဆောင်ရှိပါကြောင်း၊ ဧရာဝတီစာသင်ဆောင်ကို ၂၀၀၃ ခုနှစ်တွင်ဆောက်လုပ်ခဲ့ပြီး ၁၈၀ ပေ x ၃၀ ပေရှိသည့် သွပ်မိုးအုတ်ညှပ်တစ်ထပ် စာသင်ဆောင်အဆောက်အဦဖြစ်ပါကြောင်း၊ ချင်းတွင်းဆောင်ကို ၂၀၀၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၉၀ ပေ x ၃၀ ပေရှိသည့် သွပ်မိုးအုတ်ညှပ်တစ်ထပ် စာသင်ဆောင် အဆောက်အဦဖြစ်ပါကြောင်း၊ သံလွင်ဆောင်နှင့် စစ်တောင်းဆောင်များကို ၂၀၀၆ ခုနှစ်တွင် ဆောက် လုပ်ခဲ့ပြီး ၉၀ ပေ x ၃၀ ပေ ရှိသည့်  သွပ်မိုးအုတ်ညှပ်တစ်ထပ် စာသင်ဆောင် အဆောက် အဦများ ဖြစ်ပါကြောင်း၊ ကစ္စပနဒီစာသင်ဆောင် ကို ၂၀၂၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၅၀ ပေ x ၃၀ ပေရှိသည့်  RCC တစ်ထပ် စာသင်ဆောင်အဆောက်အဦ ဖြစ်ပါကြောင်း။

ဧရာဝတီစာသင်ဆောင်၏ သွပ်မိုးမျက်နှာကြက် ပေါက်ပြဲပျက်စီးနေပြီး အုတ်နံရံများ ပျက်စီး ယိုယွင်းနေပါကြောင်း၊ အဆိုပါဧရာဝတီ စာသင်ဆောင်သည် အချိန်မရွေး ဘေးအန္တရာယ် ကျရောက်လာနိုင်သည့် အခြေအနေများဖြစ်ပေါ်သည့် အတွက် အန္တရာယ်ဆောင်အဖြစ်သတ်မှတ်၍ အသုံးပြုခဲ့ခြင်းမရှိသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကဝက်ကျေးရွာ၊ ကဝက်အ ခြေခံပညာအထက်တန်းကျောင်းရှိ ယိုယွင်းပျက်စီး နေသော ၁၈၀ ပေ x ၃၀ ပေရှိ အန္တရာယ်ရှိ စာသင်ကျောင်းဆောင်ဟောင်းသည် ဖျက်သိမ်းခွင့်ပြုနိုင်ပါရန်နှင့် ၁၂၀ ပေ x ၃၀ ပေရှိ တစ်ထပ်စာ သင်ကျောင်းဆောင်သစ်သည် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အန္တရာယ်ဆောင်ဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းလေးခုအပါအဝင် လုပ်ငန်း ၁၀ ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၂,၃၄၃.၃၉ သန်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရွှေဒါးကုန်းအခြေခံပညာမူလတန်းကျောင်းတွင် မူဆင့်သင်ကျောင်းသား ၂၄ ဦး ရှိပြီး ကျောင်းအုပ်တစ်ဦး၊ မူဆင့်သင်ဆရာ ငါးဦးနှင့် ရုံးဝန်ထမ်းတစ်ဦး စုစုပေါင်းဝန်ထမ်း ခုနစ်ဦးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊  ထိုကျောင်းဆောင်သည် အင်ဂျင်နီယာစိစစ်ချက် အရ ပြန်လည်ပြင်ဆင်ရန် မလွယ်ကူတော့ခြင်း၊ ပြန်လည်ဆောက် လုပ်မည်ဆိုလျှင် အသစ်ဆောက်ရန် လုပ်ငန်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော်ကုန်ကျနိုင်သည့် အန္တရာယ်ဆောင်ဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ရွှေဒါးကုန်းအခြေခံပညာမူလတန်းကျောင်း၏ မြေဧရိယာသည် ၀.၅၃ ဧက ကျယ်ဝန်း ပါကြောင်း။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရွှေဒါးကုန်းအခြေခံ ပညာမူလတန်း ကျောင်းတွင်ရှိသည့်  အန္တရာယ်ဆောင် (၆၀ x ၃၀) ပေ အုတ်ညှပ်တစ်ထပ် ကိုဖျက်သိမ်းပြီး (၆၀ x ၃၀) ပေ RCC တစ်ထပ်ဆောက်လုပ်နိုင်ရန်အတွက် နောင်လာမည့်ဘဏ္ဍာရေး နှစ်တွင်  ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍  တိုင်းဒေသကြီး၏ တန်းစီ ဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြောင်းမြမြို့နယ်၊ ကဝက်အခြေခံပညာအထက် တန်းကျောင်း၏ မြေဧရိယာသည် ၇.၉၅ ဧက ကျယ်ဝန်း ပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကဝက်အခြေခံပညာအထက်တန်းကျောင်းတွင် မူဆင့်သင် ၉၈ ဦး၊ လယ်ဆင့်သင် ၁၅၇ ဦး၊ ထက်ဆင့်သင် ၈၄ ဦးနှင့် ကျောင်းသားပေါင်း ၃၃၉ ဦး သင်ကြားသင်ယူလျက်ရှိပါကြောင်း၊ အဆိုပါကျောင်းတွင် ကျောင်းဆောင် ငါးဆောင်ရှိပြီး (၁၈၀ x ၃၀) ပေ အုတ်ညှပ်တစ်ထပ်ဆောင်သည် အင်ဂျင်နီယာစိစစ်ချက်များအရ  အုတ်တိုင်များနှင့် ကြမ်းခင်းများ ပြိုကွဲပျက်စီးခြင်း၊ အမိုး၊ ဒိုင်း၊ မြားတန်းများပျက်စီးသည်နှင့် အသစ်ဆောက် လုပ်မည်ဆိုလျှင်  တန်ဖိုး၏  ၅၀ ရာခိုင်နှုန်းကျော်ကုန်ကျနိုင်ပြီး အန္တရာယ်ဆောင် ဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ အဆိုပါအန္တရာယ်ကျောင်းဆောင်သည် လက်ရှိစာသင်ကြားနေခြင်းမရှိဘဲ Hall ခန်းဆောင်နှင့် ကျောင်းဆောင် သုံးဆောင်တွင် စာသင်ခန်း ၁၂ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စာသင်ခန်း  နှစ်ခန်းဖြင့် သင်ကြားလျက်ရှိပါကြောင်း။

ထို့ကြောင့် လိုအပ်နေသည့် စာသင်ခန်းလေးခန်းစာအတွက် အန္တရာယ်ဆောင် (၁၈၀ x ၃၀) ပေ အုတ်ညှပ်တစ်ထပ်ကိုဖျက်သိမ်းပြီး (၁၂၀ x ၃၀) ပေ RC တစ်ထပ်ဆောက်လုပ်ရန်အတွက် လာမည့် ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ တိုင်း ဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။