ကျောင်းကုန်းမြို့နယ်၊ ဆူးပဒေါင်းကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား RC တစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ကျောင်းကုန်းမြို့နယ်သည် အထက်တန်းကျောင်း ၁၂ကျောင်း၊ (ခွဲ)အ.ထ.က၁၃ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၁၄ ကျောင်း၊ အ.မ.က (ခွဲ) ၁၂၃ ကျောင်းရှိသည့် ပညာရေးအသိုင်းအဝိုင်း ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်ယနေ့ ဆူးပဒေါင်းအ.မ.က ကျောင်းဆောင်နှင့်စပ်လျဉ်းပြီး ဆူးပဒေါင်းကွင်းသည် ဇရပ်ကွင်း ကျေးရွာအုပ်စုမှာတည်ရှိပြီး ဦးပိုင်အမှတ်၊ ၃၁/၃၊ ၂၅/၆ မှာရှိတဲ့ မြေဧက ၃.၉ ဧကပေါ်တွင် ကျယ်ဝန်းစွာရှိသည့် ပင်မကျောင်းဆောင် တစ်ခုတည်ဆောက်ထားတာဖြစ်ပါကြောင်း၊ ပင်မကျောင်း ဆောင်ကြီးကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ဆောက်ပြီး (၉၀ x ၃၀)ပေ အကျယ်ရှိပြီး ယခုနှစ်ဆိုလျှင် ၃၃ နှစ် ကြာရှိပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မူလတန်းအဆင့်သင် ကျောင်းသား ဦးရေ ၇၄ ဦးကို ဆရာ ဆရာမ ငါးဦးနှင့် ပညာသင်ကြားပေးလျက်ရှိပြီး ပင်မကျောင်းဆောင်ကြီးသည် သဘာဝဘေးအန္တရာယ်ကြောင့် Foundation အက်ကွဲ လာခြင်း၊ နံရံများအက်ကွဲလာခြင်း၊ သွပ်မိုး၊ ဒိုင်း၊ မြှားပျက်စီးလာခြင်းနှင့် ရေရှည်ပြုပြင်ထိန်းသိမ်းရန် မဖြစ်နိုင်သည့်အတွက် ဆူးပဒေါင်းကွင်း အ.မ.ကကျောင်းဆောင် သစ်ကို (၁၂၀ x ၃၀) ပေ RC တစ်ထပ်ကျောင်းဆောင်သစ်အဖြစ် တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက လာမည့် ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး အနေဖြင့် ဆောင်ရွက်ပေးခြင်း အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဦးနေမျိုးလှိုင် က
ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကျောင်းကုန်းမြို့နယ်မှာ အန္တရာယ်ဆောင်ဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း နှစ်ခုအပါအဝင် စုစုပေါင်းလုပ်ငန်းလေးခုအတွက် ခွင့်ပြုရန်ပုံငွေ ၇၁၅.၈ သန်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆူးပဒေါင်းကွင်း အခြေခံပညာမူလတန်း ကျောင်း၏မြေဧရိယာ ၃.၉ ဧကကျယ်ဝန်းပြီး မူလတန်းအဆင့်ကျောင်းသား ၇၄ ဦး ရှိပြီး ဝန်ထမ်းငါးဦး တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း။
အဆိုပါကျောင်းတွင် စာသင်ခန်းသုံးခန်း တန်းခွဲခြောက်ခုဖြင့် သင်ကြားသင်ယူမှုများဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆူးပဒေါင်းကွင်း အခြေခံပညာမူလတန်းကျောင်းရှိ (၉၀ x ၃၀)ပေ အုတ်ညှပ် တစ်ထပ် ဆောင်တွင် ၎င်းအဆောင်သည် အင်ဂျင်နီယာစိစစ်ချက်အရ Foundation များ အက်ကွဲပျက်စီး နေသည့် ကျောင်းအဆောင်ကြံ့ခိုင်မှုအားနည်းနေပြီး ပြင်ဆင်ရန်မလွယ်ကူပဲ အန္တရာယ်ဆောင် ဖြစ်ကြောင်း ကိုလည်း တွေ့ရှိရပါကြောင်း။
ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဆူးပဒေါင်းကွင်း အခြေခံပညာ မူလတန်းကျောင်းတွင် လက်ရှိယာယီကျောင်းဆောင်တစ်ဆောင်တည်းဖြင့် စာသင်ကြားနေရသည့် အတွက် ၎င်းကျောင်းတွင်ရှိသည့် (၉၀x၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ကို ဖျက်သိမ်းပြီး (၁၂၀ x ၃၀)ပေ RC တစ်ထပ်ဆောက်လုပ်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းတည်ဆောက်ရေး ဘတ်ဂျက် ရရှိမှုအပေါ် တိုင်းဒေသကြီးတန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။