MY EN

(စ)-ဦးတင်ထွန်းလွင်(ကလေးဝမဲဆန္ဒနယ်)

2026-11-11
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးတင်ထွန်းလွင် (ကလေးဝ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကလေးနှင့် ကလေးဝမြို့နယ်သို့ ဆက်သွယ်ထားသည့်လမ်းနှင့် တံတားများ ပြုပြင်ထိန်းသိမ်းခြင်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကလေးဝမြို့နယ်နှင့် ကလေးမြို့နယ်သို့ဆက်သွယ်ထားသည့် လမ်းပိုင်းနှင့်တံတားများ ပျက်စီး နေမှုများ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောလျင်စွာပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုလျှင် မည်သည့်အချိန်၊ မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် ရှိ/ မရှိ ကိုသိရှိလိုပါ‌သောကြောင့် မေးမြန်းသွားမည်ဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်သည် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း၏ ဝင်ပေါက် ဖြစ်သကဲ့သို့ မုံရွာ-မန္တလေးကုန်စည်စီးဆင်းမှုတွင် အဓိကလမ်းဖြစ်ပြီး ကဘော်ချိုင့်ဝှမ်းဒေသ နှင့် မော်လိုက်ခရိုင်နှင့်လည်းကောင်း ဆက်သွယ်ရာ၌အဓိကအချက်အချာကျရာ ဒေသလည်းဖြစ်ပါကြောင်း၊ အိန္ဒိယ-မြန်မာချစ်ကြည်ရင်းနှီးမှုအထိမ်းအမှတ် တမူး-ကလေး-ကလေးဝ ချစ်ကြည်ရေး ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းနှင့် အိန္ဒိယ နယ်စပ်ဒေသလမ်းများအဖွဲ့အမှတ် ၇၆၀၊ နယ်စပ်ဒေသလမ်းများဆောက်လုပ်ရေးအထူးအဖွဲ့ ဆေးဝပ် စီမံကိန်းသို့ ပူးတွဲ၍ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဆောက်လုပ်ပြီးစီးဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ယင်းလမ်းပိုင်း၏ အစိတ်အပိုင်းဖြစ်သည့် ကလေးဝ-ကျီကုန်း-ကလေးဝလမ်းပိုင်းမှာ ၃၇ ကီလို မီတာ ၂၃ မိုင်သာရှည်လျားပါကြောင်း၊ ယခုအခါ ၎င်းလမ်းပိုင်းမှာ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေး လမ်းမကြီး၏ အစိတ်အပိုင်းအဖြစ် ပါဝင်နေသောလမ်းပိုင်းဖြစ်ပြီး ရေဦး- ကလေးဝလမ်းမှ ကလေးမြို့ သို့လည်းကောင်း၊ မော်လိုက်မြို့မှ ကလေးမြို့သို့လည်းကောင်း မုံရွာ-ရာကြီး-ကလေးဝလမ်းမှ ကလေးမြို့ နှင့် အိန္ဒိယနယ်စပ်ဂိတ်ပေါက်ဖြစ်သည့် တမူးမြို့များသို့လည်းကောင်း ချင်းတွင်းမြစ်ကြောင်း ဖြစ်သည့် မုံရွာ-ကလေးဝဆိပ်ကမ်းမှ ကလေးမြို့နှင့် တမူးမြို့များသို့ အဓိကကုန်စည်စီးဆင်းရာ ဆက်သွယ် ရေးလမ်း ကြောင်းဖြစ်ပါကြောင်း။ 

၂၀၂၅ ခုနှစ် မြစ်ရေကြီးခြင်းဖြစ်စဉ်ကြောင့် ကလေးမြို့-ကလေးဝလမ်းပိုင်းမှာ များစွာပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပြီး ယခင်က ကလေးမြို့-ကလေးဝ ၂၃ မိုင်ခရီးက မိနစ် ၄၀ ခန့်သာ သွားလာ နိုင်ခဲ့ပြီး ယခုအခါ ရာသီဥတုဆိုးဝါးသည့်အခြေအနေများကြောင့် လမ်းပျက်ဆီးမှုများရှိနေသည့်အတွက် နှစ်နာရီခန့်ကြာအောင် သွားလာနေရပါကြောင်း၊ ကလေးဝ-မင်းကင်း-မော်လိုက်မြို့နယ်တို့မှ ဒေသခံ ပြည်သူများအနေဖြင့် သာမန်ကျန်းမာရေးစောင့်ရှောက်မှုများကိုသာ မိမိတို့မြို့နယ်များတွင် ကုသမှု ခံယူနိုင်ပြီး ပြင်းထန်လူနာများအတွက်ကိုမူ ကလေးမြို့ရှိ ခုတင် ၃ဝဝ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကု သမားတော်ကြီးများကို အားကိုးနေရခြင်းဖြစ်ပါကြောင်း၊ ကလေးမြို့-ကလေးဝလမ်းပိုင်းမှာ မြစ်သာမြစ်ကမ်း နဖူးတလျှောက်တွင် ဖောက်လုပ်ထားခြင်းဖြစ်ပြီး တောင်ကျရေ ချောက်ကမ်းပါး များစွာကို ဖြတ်သန်းနေရပြီး စတင်တည်ဆောက်ချိန်မှ ယနေ့အထိ ကလေးဝလမ်းအပိုင်းရှိ တံတား အများစုမှာ ကားနှစ်စီးသွားလာနိုင်သော သံကူကွန်ကရစ် တံတားများအဖြစ်သို့ မရောက်ရှိသေးဘဲ ကားတစ်စီးချင်း စီသာသွားလာနိုင်သော ဘေလီတံတားများအဖြစ်သာ တည်ရှိနေပါ၍  ကားနှစ်စီး သွားလာနိုင်သော သံကူကွန်ကရစ်တံတားများအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် လိုအပ်နေပါကြောင်း၊ ထို့အပြင် ကလေး-ကလေးဝလမ်းအပိုင်းရှိ တချို့နေရာများတွင် ရာသီဥတုအခြေအနေကြောင့် ပျက်စီးမှုများ ရှိနေသည့်အတွက် ပြင်ဆင်ရန်လိုအပ်လျက်ရှိပါပြီး  မုံရွာ-ရေဦး-ကလေးဝ-မော်လိုက်-ကလေး-တမူးမြို့ များသို့ ကုန်စည်စီးဆင်းရာ ကလေး-ကလေးဝလမ်းအပိုင်းဖြစ်ပါကြောင်း၊ ဒေသတွင်း ကုန်စည်စီးဆင်းရာ အချက်အခြာကျပြီး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွား အားလုံး မှီခို အားထားရာလမ်းလည်း ဖြစ်ပါကြောင်း။ 

ကလေးမြို့- ကလေးဝလမ်းအပိုင်းသွားလာရန်ခက်ခဲခြင်းကြောင့် ကုန်စည်စီးဆင်းမှု မချောမွေ့ဘဲ ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ကုသမှုမခံယူနိုင်ခြင်းစသည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေရန် ကလေး-ကလေးဝ မြို့နယ် ဆက်သွယ်ထားသည့် လမ်းပိုင်းနှင့်တံတားများ ပျက်စီးနေမှုများပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့် တင်ခြင်းများကို ဆောလျင်စွာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိ နှင့် ဆောင်ရွက် ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

ကလေးမြို့နယ်နှင့် ကလေးဝ မြို့နယ်ကို ဆက်သွယ်ထားသော လမ်းပိုင်းနှင့်စပ်လျဉ်း၍ ကလေးဝ - ကျီကုန်း - တမူးလမ်း၏ ကလေးဝ - ကျီကုန်းလမ်းပိုင်း မိုင်တိုင် ၀/၀ မှ ၁၇/၄ အထိ ၁၇ မိုင် ၄ ဖာလုံနှင့် ကျီကုန်း-ကလေးလမ်း မိုင်တိုင် ၀/၀ မှ ၆/၁ အထိ ၆ မိုင် ၁ ဖာလုံ စုစုပေါင်း ၂၃ မိုင် ၅ ဖာလုံရှည်လျားပြီး ပြည်ထောင်စုမှစီမံ ခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ ကလေးဝ -ကျီကုန်းလမ်းပိုင်း ၏ လက်ရှိလမ်းအခြေအနေမှာ  ကတ္တရာကွန်ကရစ်လမ်း ၁၂ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၅ မိုင်၊ ကျီကုန်း-ကလေးလမ်း၏ လက်ရှိလမ်းအခြေအနေမှာ ကတ္တရာ ကွန်ကရစ် လမ်း ၆ မိုင်၊ ကတ္တရာလမ်း ၁ ဖာလုံ ဖြစ်ပါကြောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတွင် လမ်းမိုင်ပေါင်း ၅,၁၅၁ မိုင် ၆ ဖာလုံ ရှိပါတယ်။ အဲ့ဒီမှာ ကျောက်လမ်းက ၈၆၀ မိုင် ၃ ဖာလုံ၊ အမာခံ လမ်း ၆၉၉ မိုင်နှင့် မြေလမ်း ၁,၃၁၆ မိုင် ၅ ဖာလုံ အဆင့်မြှင့်တင်ရန် ကျန်ရှိပါသေးကြောင်း။

အဆိုပါလမ်းပိုင်းတွင် ကုန်တင်ယာဉ်ကြီးများနှင့် ကျောက်မီးသွေးတင်မော်တော်ယာဉ်ကြီးများ သွားလာမှုများပြားခြင်းတို့ကြောင့်လည်းကောင်း၊ မြစ်သာမြစ်ရေနှင့် နေရဉ္စရာမြစ်တို့၏ ရေလျှံမှုကြောင့် လည်းကောင်း၊ ရာသီဥတုအခြေအနေကြောင့် လည်းကောင်း၊ လမ်းသားပြိုကျပျက်စီးခြင်း၊ ပြတ်ကျ ခြင်းများဖြစ်ပေါ်သဖြင့် ပျက်စီးနေသော တချို့လမ်းပိုင်းနေရာများပြင်ဆင်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ရန်ပုံငွေတို့ဖြင့် ကလေးဝ-ကျီကုန်း-ကလေး လမ်းပိုင်း တွင် ၁၈ပေ အကျယ် ကတ္တရာကွန်ကရစ်လမ်း ထပ်ပိုးလွှာခင်းခြင်း ၁ မိုင် ၀.၅ ဖာလုံ၊ ကတ္တရာထပ်ပိုး လွှာခင်းခြင်း  ၃.၅ ဖာလုံ လုပ်ငန်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး လျာထားရန်ပုံငွေဖြင့် ကလေးဝ-ကျီကုန်း- ကလေးလမ်းပိုင်းတွင် ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်း ၁ မိုင် ၅.၅ ဖာလုံ၊ Box Culvert နှစ်စင်း တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 ကလေးမြို့နယ်နှင့် ကလေးဝမြို့နယ်ကို ဆက်သွယ် ထားသောလမ်းပေါ်ရှိ တံတားပိုင်းနှင့် စပ်လျဉ်းပြီး ကလေးဝ-ကျီကုန်း-တမူးလမ်း၏ ကလေးဝ-ကျီကုန်း လမ်းပိုင်းတွင် သံပေါင်ဘေလီတံတား ၂၀ စင်းနှင့် သံကူကွန်ကရစ်တံတားသုံးစင်းရှိပြီး ကျီကုန်း-ကလေး လမ်းပိုင်းတွင် သံကူကွန်ကရစ် တံတားတစ်စင်းတည်ရှိပါကြောင်း၊ သံပေါင်ဘေလီတံတား ၂၀ စင်းသည် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် ယာဉ်သွားလမ်းအကျယ် ၁၂ ပေ ၆ လက်မရှိပြီး ၁၉၉၈ ခုနှစ်တွင်တည်ဆောက်ခဲ့သည့်တံတားများ ဖြစ်ပါကြောင်း၊ ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတား ၆၉ စင်းအား အဆင့်မြှင့်တင်တည်ဆောက်ရန် နားလည်မှုစာချွန်လွှာ(MoU)ကို မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံဘက်မှ Ministry of External Affairs တို့ ၂၉-၈-၂၀၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ လက်မှတ်ရေး ထိုးခဲ့ကြပြီး အိန္ဒိယအကူအညီဖြင့် ထောက်ပံ့ပေးရန် သဘောတူညီခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် စီမံကိန်း စတင်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံဘက်မှ ကန်ထရိုက်တာ ရွေးချယ်ခဲ့သော်လည်း နှောင့်နှေးကြန့်ကြာမှု များကြောင့် အဆိုပါကန်ထရိုက်လုပ်ငန်းအား ရပ်ဆိုင်းခဲ့သဖြင့် ကန်ထရိုက်တာအသစ် ပြန်လည် ရွေးချယ် ဆောင်ရွက်လျက်ရှိပါကြောင်း။

သွားလာမှုလွယ်ကူချောမွေ့စေရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ကလေးဝ-ကျီကုန်းလမ်း ပေါ်ရှိ သံပေါင်ဘေလီတံတား ၂၀ စင်းအား ပျက်စီးနေသော (C-Channel) ကြမ်းခင်းများ၊  သံပေါင်ဘေလီများနှင့်ဆက်စပ်ပစ္စည်းများ လဲလှယ် ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ပျက်စီးနေသည့်နေရာများအား လဲလှယ်ရန် လုပ်ထားပါကြောင်း၊ ကလေးဝ-ကျီကုန်းလမ်းပိုင်းရှိ သံဘောင်ဘေလီတံတား ၂၀ စင်းအား ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျီကုန်းနှင့် တမူးလမ်းကြားရှိ တံတားငါးစင်း အား အမြဲတမ်း သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားမည်ဖြစ်ပါပြီး ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ ကျန်တံတားများကိုလည်း ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဘဏ္ဍာရေးနှစ် အလိုက် ဆက်လက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ဖြေကြားခဲ့ပါသည်။

ဦးတင်ထွန်းလွင်(ကလေးဝမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။                       

ကလေးမြို့-ကလေးဝလမ်းပိုင်းသည် မဟာမြိုင်လမ်း၊ ရေဦး-ကလေးဝ လမ်း၏ ကုန်းလမ်းတင်မကဘဲ မုံရွာမှ ကလေးဝကို ချင်းတွင်းမြစ်လမ်းကြောင်းက ကုန်စည်စီးဆင်းမှုများကလည်း ၂၄ မိုင်ရှိသည့် ကလေးမြို့လမ်းကို အားထားပြီး အသုံးပြုနေခြင်း ဖြစ်ပါကြောင်း၊ ချင်းပြည်နယ် ဒေသတစ်ခုလုံးကို တမူးနယ်စပ်၊ အိန္ဒိယနယ်စပ်အထိ ကုန်စည်စီးဆင်းမှုကို အဓိကထားရသည့် လမ်းတစ်လမ်းဖြစ်ပါ ကြောင်း၊ ၎င်းလမ်းသည် အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဓိက ကျသည့်လမ်း အစိတ်အပိုင်းဖြစ်သည့် အတွက် ပျက်စီးနေသည့် လမ်းနှင့်တံတားများတွင် ကား တစ်စီးသာ သွားလို့ရသည့်အတွက် ကားနှစ်စီး သွားလာလို့ရသည့် သံကူကွန်ကရစ်တံတားများကို တည်ဆောက်ပေးစေချင်ပါကြောင်း၊ အဓိကဖြစ်နေ သည့်လမ်းလည်းဖြစ်နေသည့်အတွက်ကြောင့် ကလေးမြို့- ကလေးဝ လမ်းတွင်ရှိသည့် သံကူကွန်ကရစ် တံတားပေါ် ကားနှစ်စီးဖြတ်နိုင်သည့် ကွန်ကရစ်တံတားများရရန်နှင့် ပျက်စီးနေသည့် လမ်းများကို လည်း ဆောက်လုပ်ရေးမှ တင်ပြတောင်းခံသည့် ရန်ပုံငွေကို အပြည့်အဝချပေးစေ လိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

          ၎င်းလမ်းပိုင်းတွင်ရှိသည့် တံတားများဆိုသည်မှ မှန်ပါကြောင်း၊ မိမိတို့ ပြန်ဆောက်မည့် တံတားများက နှစ်လမ်းသွားကွန်ကရစ်တံတားများဆောက်ပေးသွားမည်ဖြစ်ပြီး ပျက်စီးနေသည့် လမ်းများအတွက် ရန်ပုံငွေတင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိသည့် အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အပြည့်အဝဖြစ်အောင်တင်ပြတောင်းခံပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။