MY EN

(ဆ)- ဦးရယ်ဒမ်းတန်(နောင်မွန်းမဲဆန္ဒနယ်)

2026-11-11
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးရယ်ဒမ်းတန် (နောင်မွန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပူတာအို- မချမ်းဘော- နောင်မွန်းကားလမ်းရှိနောင်မွန်းမြို့အပိုင်းအားအဆင့်မြှင့်တင်ပေးရန်အစီအစဉ်  ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          မိမိအနေဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်နိမိတ်မှ နောင်မွန်းမြို့ အပိုင်း ရှိ ကျောက်ခင်းလမ်း၊ ၂၃ မိုင်အား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ မရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကြယ်ပွင့်ပြမေးခွန်းအား မေးမြန်းသွားမည်ဖြစ်ပါကြောင်း။ 

နောင်မွန်းမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိသော မြို့တစ်မြို့ ဖြစ်ပါ ကြောင်း။ နောင်မွန်းမြို့နယ်တွင် ဆယ်နှစ်ရာသီ ရေခဲဖုံးလွှမ်းနေပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံး ဖြစ်သော ပေပေါင်း ၁၉,၂၉၆ပေ ချောက်ထက်မြင့်တဲ့ ခါကာဘိုရာဇီတောင်ရှိရာ မြို့တစ်မြို့ဖြစ်ပြီးယခင်ကနိုင်ငံခြားသားများစွာ ဝင်ထွက်သွားလာ၍ စည်ကားခဲ့သော မြို့တစ်မြို့လည်းဖြစ်ပါကြောင်း။ မချမ်းဘောမြို့နယ်မှ နောင်မွန်းမြို့နယ်ရှိ ဆက်သွယ်ထားသော မချမ်းဘော- ဖရုခ- ရပ်ဘော့- နောင်မွန်းကားလမ်းပိုင်းသည် ဒေသခံပြည်သူများအတွက် အလွန်အရေးပါသော ဒေသဆက်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ပါကြောင်း။ ယခုလက်ရှိ မချမ်းဘောမြို့မှ နောင်မွန်းမြို့သို့ ဆက်သွယ်ထား သည့် လမ်းအရှည်သည် ၆၁ မိုင်ဖြစ်ပါကြောင်း။ မချမ်းဘောမြို့နယ် အစပ် ၀ မိုင်မှ နောင်မွန်းမြို့အထိ ၃၂ မိုင်ရှိရာမှ  လက်ရှိကတ္တရာလမ်းနှင့်ကွန်ကရစ်လမ်း ၉ မိုင်အား ခင်းကျင်းထား ပေးပြီးဖြစ်ပါကြောင်း။ ကျန်ကျောက်ခင်းလမ်း ၂၃ မိုင်အား ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း ခင်းပေးပါက နောင်မွန်းတစ်မြို့နယ်လုံးရှိ ဒေသခံပြည်သူများနှင့် ကျောင်းသူကျောင်းသားများသည် ပညာရေးအတွက် ပူတာအိုသို့လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပါကြောင်း။ 

ထို့ပြင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အချိန်တိုအတွင်း ခါကာဘိုရာဇီတောင်ခြေသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပြီး ရေရှည်တွင် ဒေသနှင့် မြန်မာနိုင်ငံခရီးသွားလာရေး လုပ်ငန်း အတွက်  များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း။ ၎င်းအပြင် ဒေသထွက် ဟင်းခတ်အမွှေး အကြိုင်ဖြစ်သော  စောင်ကော်နှင့် အလေ့ကျထွက်ကုန်များအား ဒေသစီးပွားရေးလုပ်ငန်းများအတွက် ကားကြီးကားငယ်များဖြင့်ပူတာအိုဘက်သို့ လွယ်ကူစွာတင်ပို့နိုင်ပြီး ဒေသအတွက်ကုန်စည်စီးဆင်းမှု အဆင်ပြေ ချောမွေ့စေနိုင်မည်ဖြစ်ပါသဖြင့် ဒေသခံပြည်သူများ၏ ဝမ်းရေးအတွက် တစ်ဖက် တစ်လမ်းမှများစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း။ အထူးသဖြင့် ဤဒေသသည် တောတောင်ထူထပ်ပြီး ဆောင်းရာသီတွင် ရေခဲများ ဖုံးလွှမ်းသည့်အပြင် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေတိုက် စား၍ လမ်းများပြိုပျက်ခြင်းနှင့် သွားလာရေး ပြတ်တောက်မှုများ နှစ်စဉ်ပေါ်ပေါက်လျက်ရှိပါ ကြောင်း။ သို့ဖြစ်ပါ၍ မချမ်းဘောမြို့နယ် နယ်နိမိတ်မှ နောင်မွန်းမြို့အထိ ကျောက်ခင်းလမ်း ၂၃ မိုင်အား ဒေသခံပြည်သူများ ရာသီမရွေးလုံခြုံစွာ သွားလာနိုင်ရေးအတွက်ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြင့် ခင်းကျင်းပေးနိုင်ရန် အစီအစဉ် ရှိ မရှိအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

 အဆိုပါလမ်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် မချမ်းဘော-ဖရုခ-ရပ်ဘော့-နောင်မွန်းလမ်းပိုင်းဖြစ်ပြီး မိုင်တိုင် ၀/၀ မှ ၆၁ ထိ စုစုပေါင်း ၆၁ မိုင် ရှိပါ ကြောင်း။ အဆိုပါလမ်းပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် နောင်မွန်းမြို့နယ်အပိုင်းသည် မိုင်တိုင် ၂၉/၀ မှ ၆၁ ထိ ၃၂ မိုင် ရှိပါကြောင်း။ ၎င်း ၃၂ မိုင်သည် လက်ရှိလမ်းအခြေအနေတွင် ကွန်ကရစ်လမ်း ၅ မိုင် ၆ ဖာလုံ ရှိပါကြောင်း။ ကတ္တရာလမ်း ၃ မိုင် ၂ ဖာလုံ ရှိပါကြောင်းနှင့် အမာခံလမ်းသည် ၂၃ မိုင် ဖြစ်ပါ ကြောင်း။

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အမာခံလမ်းပိုင်း ၂၃ မိုင် အနက်မှ ၁ မိုင် ၃.၂၅ ဖာလုံအား ကွန်ကရစ်လမ်းခင်းရန် ရန်ပုံငွေလျာထားပြီးဖြစ်ပါကြောင်း။ ကျန်ရှိနေသော လမ်းပိုင်းများအား ကွန်ကရစ်လမ်းခင်းရန် နှစ်စဉ်ဘဏ္ဍာငွေလျာထား ပေးသွားမည် ဖြစ်ပါကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေကြားခဲ့ပါသည်။