မော်လမြိုင်မြို့နယ်၊ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အဆင့်မြင့်ကင်ဆာကုထုံး စက်ကိရိယာ ထားရှိပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မွန်ပြည်နယ်သည် မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိ၍ လူဦးရေးအားဖြင့်လည်း နှစ်သန်းကျော် နေထိုင်လျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့နှင့်လည်း နယ်မြေချင်း ထိစပ်လျက်ရှိပါကြောင်း၊ မော်လမြိုင်မြို့နယ်တွင် ခုတင် ၅၀၀ ဆံ့ အထွေထွေပြည်သူ့ ဆေးရုံကြီး၊ ခုတင် ၃၀၀ ဆံ့ အမျိုးသမီးဆေးရုံ၊ ကလေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံပေါင်းများစွာရှိပါကြောင်း၊ မော်လမြိုင်မြို့သည် ပြည်နယ်၏မြို့တော်ဖြစ်သည့်အတွက် လူဦးရေ ပိုမိုများပြားလာသည်နှင့်အမျှ ရောဂါများသည်လည်း ပိုမိုများပြားလာပါကြောင်း၊ ထိုဆေးရုံများတွင် ရောဂါအလိုက်ကုသရန် ဌာန များစွာရှိသော်လည်း ကင်ဆာရောဂါဖြစ်ပွားခဲ့လျှင် ကုသရန်ဌာနရှိ၍ အဆင့်မြှင့်ကုသရန်အတွက် စက်ကိရိယာများမရှိပါသောကြောင့် ဝေဒနာခံစားနေရသောလူနာများသည် ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး စသည့်မြို့ကြီးများသို့သွားရောက်၍ ဆေးကုသခံယူနေကြရပါကြောင်း၊ ကင်ဆာရောဂါ ဆိုသည်မှာ တစ်နှစ်ချင်း၊ တစ်နှစ်ချင်း ရောဂါတိုးပွားနေသော ရောဂါဖြစ်ပါကြောင်း၊ ခန္ဓာရှိလျှင် ရောဂါရှိမည်ဖြစ်ပါကြောင်း၊ ရောဂါဖြစ်လျှင် ဆေးကုသရန် ဆေးရုံ၊ ဆေးခန်းသို့ လူနာများ အားကိုး အားထားသွားရောက်ကုသကြရပါကြောင်း။
တချို့သောဝေဒနာရှင်များသည် ကုသရန်စရိတ် မတတ်နိုင်ခြင်း၊ ခရီးဝေးလွန်းသော် ကြောင့် မသွားရောက်နိုင်ခြင်း၊ ၎င်းဆေးရုံများတွင် လူနာများ များလွန်းသော်ကြောင့် ဆေးကုသရန် ခြောက်လ၊ ရှစ်လခန့် အလှည့်စောင့်ကြရပါကြောင်း၊ အလှည့်မရောက်ခင်တွင် အသက်ဆုံးရှုံး ရသော လူနာ များလည်းတွေ့ကြုံနေကြရပါကြောင်း။
ဤကဲ့သို့သော ဝေဒနာရှင်များသည် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့၌လည်း အလားတူ ရှိနိုင်မည်ဟု ယူဆရပါကြောင်း၊ ဝေဒနာရှင်များသည် ဆေး သွားရောက်ကုသရာ၌လည်း လူနာနှင့် လူနာစောင့်အပေါ် အနည်းဆုံးနှစ်ယောက်သွားရမည်ဖြစ်ပါသောကြောင့် ခရီးစရိတ်၊ နေထိုင်တည်း ခိုစရိတ်၊ အစားအသောက်စရိတ် စသောကုန်ကျစရိတ်များစွာ ရှိပါသဖြင့် စရိတ်မတတ်နိုင်သော ဝေဒနာရှင်များ သွားရောက်ကုသရန်၌ ခက်ခဲမှုများစွာရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဤကဲ့သို့ဝေဒ နာရှင်များသည် အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာစွာ နှင့် အချိန်မီကုသနိုင်ရန် အတွက် မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကင်ဆာဌာနရှိသော်လည်း အဆင့်မြှင့်ကုသရန် စက်ကိရိယာထားရှိပေးမည်ဆိုလျှင် တိုင်းတစ်တိုင်းနှင့် ပြည်နယ်နှစ်ခု ဝေဒနာရှင်များ အချိန်မီကုသနိုင် မည်ဖြစ်သဖြင့် ရောဂါဝေဒနာသက်သာခြင်း စသောအကျိုးခံစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ ပြည်သူ့ဆေးရုံကြီး၌ ကင်ဆာရောဂါကုသရန် အဆင့်မြင့် စက်ကိရိ ယာများထား ရှိပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိလျှင် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင် ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးဦးဆောင်လမ်းညွှန်မှုနှင့်အတူ ကင်ဆာရောဂါကုသမှု အဆင့်မြှင့်တင်ရန်အတွက် မူဝါဒ၊ လုပ်ငန်းစဉ် များချမှတ်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတို့၌ ကင်ဆာဓာတ်ရောင်ခြည်ကုသ စက်များတပ်ဆင်၍ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်ကာလအတွင်း မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် တစ်လုံး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တစ်လုံး၊ အမျိုးသား ကင်ဆာကုသရေး ဗဟိုဌာနတွင် လေးလုံး တပ်ဆင်ထားရှိ၍ နေပြည်တော်တွင်လည်း စက်အသစ် တစ်လုံး တပ်ဆင် ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းစက်အသစ်ခုနစ်လုံးဖြင့် ကုသမှုများပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ကျန်းမာရေး၀န်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ပုဂ္ဂလိက ကဏ္ဍတို့ပူး ပေါင်းလျှင် ဓာတ်ရောင်ခြည်ကုသစက် စုစုပေါင်း ၂၆ လုံး၊ Brachytherapy ဓာတ်အပ်စိုက် ကိရိယာ ၉ လုံးအထိ တပ်ဆင်အသုံးပြု နိုင်နေပြီဖြစ်ပါကြောင်း။
ထိုသို့ကုသရာတွင် ဓာတ်ရောင်ခြည်ကာကွယ်မှုစနစ်များ၊ လျှပ်စစ်ဓာတ်အားနှင့် စံကိုက်အဆောက်အအုံများလိုအပ်သကဲ့သို့ ဓာတ်ရောင်ခြည်ကုသမှု ကျွမ်းကျင်ပညာရှင်များဖြစ်သည့် အထူးကု ဆရာဝန်ကြီးများ၊ ရူပဗေဒနှင့် ဓာတ်ရောင်ခြည်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း တစ်ပြိုင်နက်တည်း ဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ဓာတ်ရောင်ခြည်အန္တရာယ်ဘေးကင်းမှု၊ စက်များ၏ အရည်အသွေးအာမခံမှု၊ ပုံမှန်ပြုပြင်ထိန်းသိမ်းမှု၊ နည်းပညာဆိုင်ရာလိုအပ်ချက်များကိုလည်း ရေရှည် ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခုတင် ၅၀၀ ဆံ့ ပြည်နယ်ပြည်သူ့ ဆေးရုံကြီးကို တတိယအဆင့် လွှဲပြောင်းဆေးရုံကြီးအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရန် ရည်မှန်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကင်ဆာရောဂါကုသမှုနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် ဆေးသွင်းကုသ ခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ရှိသည့်အနက် ခွဲစိတ်ကုသခြင်း၊ ဆေးသွင်းကု သခြင်း တို့ကို သက်ဆိုင်ရာဘာသာရပ်အသီးသီး၏ ခွဲစိတ်အထူးကုဆရာဝန်များနှင့် ကင်ဆာရောဂါ အထူးကု ဆရာဝန်နှစ်ဦးတို့သည် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း။
ကင်ဆာရောဂါအများစုအတွက် ဓါတ်ရောင်ခြည်ဖြင့် ကုသပေးခြင်းသည် အရေးပေါ်ကုသမှုမျိုး မဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုပေး၍ ဆောင်ရွက်ရသော ကုသမှုပေးခြင်းဖြစ်သည့်အလျောက် တခြားနိုင်ငံများတွင် ဓာတ်ရောင်ခြည်ကုသမှုသည် သီးခြားစင်တာများဖွင့်လှစ်၍ စက်ပစ္စည်းကိရိယာ များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကင်ဆာရောဂါကုသရေး ဝန်ဆောင်မှု များကို တတ်စွမ်းသမျှ တိုးမြှင့်ဆောင်ရွက်ပေးရာတွင် လက်ရှိစက်တပ်ဆင်ထားနိုင်မှုနှင့် လူ့စွမ်းအား အရင်းအမြစ် အကန့်အသတ်များအရ အဓိကကျသောမြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များတွင် စနစ်တကျ ဗဟိုပြုကုသပေးခြင်းကို အားဖြည့်ဆောင် ရွက်၍ ရေရှည်၌ ခုတင် ၅၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးများသို့ အဆင့်ဆင့်ဖြန့်ကျက်တိုးချဲ့ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဒေါ်ဥမ္မာဌေး(မော်လမြိုင်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်-
ကုသရာ၌လည်း စက်သည်လိုအပ်သည့်အတွက်ကြောင့် စက်ကိုမည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်ကို အစီအစဉ်ရှိခဲ့ပါလျှင်လည်း မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်ကို မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က
မိမိအနေဖြင့် ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးများသည် ပြည်နယ်၊ တိုင်းဒေသကြီး မြို့တော်များ တော်တော်များများတွင် ရှိပါကြောင်း၊ ရှေ့တွင် မိမိဖြေကြားသွားသည့်အတိုင်း လတ်တလော တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးတွင် ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း၊ မော်လမြိုင်၌လည်းလိုအပ်ပါကြောင်း၊ တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၌လည်း ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးများကို ပြန်ကြည့်ပါကြောင်း၊ ထိုစက်တစ်လုံးတစ်လုံးသည် ဘီလီယံနှင့်ချီပြီးကျပါ ကြောင်း။
သိန်းကို ရာဂဏန်း၊ ထောင်ဂဏန်းမဟုတ်ပါကြောင်း၊ မိမိ တင်ပြခဲ့သည့်အတိုင်း Human Resources ဆိုသည်မှာ ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုဆရာဝန် ၎င်းတစ်မျိုးတည်းမဟုတ်ဘဲ ရူပဗေဒ(Physics) များ၊ ဓာတ်ရောင်ခြည်ကျွမ်းကျင်ပညာရှင်များ၊ နောက် စက် Maintenance နှင့်ပတ်သက်သည့်ပညာရှင်များ၊ နောက်တစ်ကြိမ် အဆောက်အဦဆောက်လျှင် လည်း သာမန်ဆေးရုံ တစ်ခုဆောက်မျှသာမကဘဲ ဓာတ်ရောင်ခြည် ပြင်ပကိုအန္တရာယ် မကျရောက်နိုင်အောင်အတွက် အုတ်နံရံဆို ဘယ်လောက်အထူ သူ့၏ Rank များရှိပါကြောင်း၊ Standard Resistance များရှိ ပါကြောင်း၊ ထိုများအတွက်ပါဆောက်ရသည့်အခါ သာမန် Building တစ်ခုဆောက်သည် နှင့်လည်း မတူပါကြောင်း၊ ယင်းသို့ လိုအပ်ချက်သည် ပုသိမ်လိုမြို့၌လည်း လိုပါကြောင်း၊ တခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း လိုပါကြောင်း၊ မိမိအနေဖြင့် ဦးစားပေးအစီအစဉ်နှင့် ၎င်းစက်များလည်း ဝယ်၍ မဝယ်ခင်ကိုလည်း မိမိတို့ ပြန်လုပ်ပြီး ၎င်း Building ကို အရင်ဆောက်ရမည်ဖြစ်ပါကြောင်း၊ သာမန် Building ထဲတွင် ၎င်းစက်ကိုသွားထည့်လိုက်သည့်အခါ မိမိတို့သည် လူနာကို ဓာတ်ရောင် ခြည်နှင့်ဆေးကု၍ ယင်းဓာတ်ရောင်ခြည်သည် ဘေးများကိုအကုန်ပျံ့ပြီး ၎င်းကုသပေးသည်လူနာ၊ ဘေးကလူများ အကုန်လုံးဓာတ်ရောင်ခြည်သင့်သည့် အန္တရာယ်များ အများကြီးရှိပါကြောင်း၊ သို့ဖြစ် ပါ၍ မိမိတို့သည် အစီအစဉ်အတိုင်းပဲ မိမိအနေဖြင့် ထိုအချိန်တွင် ဘယ်နေ့ဘယ်ကာလကို မိမိတို့ အပြီးဆောင်ရွက်ပေးပါမည်ဟု ဖြေရန်ခက်ပါကြောင်း၊ သို့ဖြစ်ပါသဖြင့် မိမိတို့အနေဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ဆောင်ရွက်သည့်အခါ ဦးစားပေးအစီအစဉ်နှင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်လျာထားမှုအခြေအနေ၊ Human Resources မွေးထုတ် ပေးနိုင်၏သည့်အခြေအနေပေါ်တွင်မူတည်၍ ဦးစားပေးဆောင်ရွက် ပေးသွားမည်ဆိုသည်မျှသာ ဖြေကြားလိုပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။