MY EN

(ဋ)-ဦးခွန်အောင်ဆန်း(လွိုင်လင်မဲဆန္ဒနယ်)

2026-11-11
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဦးခွန်အောင်ဆန်း (လွိုင်လင် မဲဆန္ဒနယ်) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ

လွိုင်လင်မြို့နယ်၊မိုင်းပွန်တိုက်နယ်ဆေးရုံအားအဆင့်မြှင့်တင်တည်ဆောက်ပေးရန်မည်သို့ ဆောင် ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းပွန်တိုက်နယ်ဆေးရုံသည်လွိုင်လင်မြို့နယ်၊ မိုင်းပွန်ကျေးရွာအုပ်စု၊ မိုင်းပွန်မြို့၊ ရပ်ကွက် (၂)တွင် တည်ရှိပြီး ၁၉၄၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ဆေးရုံဖြစ်ပါကြောင်း၊ ဆေးရုံ၏အကျယ် အဝန်းမှာ ၄.၆၅ဧကရှိပြီး အဆောက်အဦသည် ခေါင်မိုးစောက်အမေရိကန်ပုံစံတစ်ထပ်တွဲပါ အဆောက်အဦ သုံးဆောင်ဖြစ်ပြီး မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏ နွေရာသီဟော်အား ဆေးရုံအဖြစ် အသုံးချ နိုင်ရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မိုင်းပွန်တိုက်နယ်ဆေးရုံသည် မိုင်းပွန်မြို့ရှိ လူဦး‌ရေ ၈,၈၄၅ ဦးနှင့် မိုင်းပွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေလူဦးရေ ၁၁,၈၇၃ဦးတို့ အတွက် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးကိစ္စများ ဆောင်ရွက်လျက်ရှိပြီး မိုင်းပွန်ကျေးရွာအုပ်စုနှင့် ထိစပ် လျက်ရှိသော တခြားကျေးရွာနေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အားကိုးအားထားရာ ဆေးရုံတစ်ရုံလည်းဖြစ်ပါကြောင်း၊ မိုင်းပွန်တိုက်နယ်ဆေးရုံသည် စံကိုက်ဆေးရုံ အဆောက်အဦမဟုတ်သဖြင့် အတွင်းလူနာများနေရာချထားရေးနှင့် ကုသရေးများဆောင်ရွက်ရာတွင် အခက်အခဲများစွာကြုံတွေ့နေရလျက်ရှိပါကြောင်း၊ မိုင်းပွန်တိုက်နယ်ဆေးရုံ၏ အမျိုးသားလူနာခန်း သည် အကျယ်အဝန်းအားဖြင့် ၃၅၂.၈ စတုရန်းပေ၊ အမျိုးသမီးလူနာခန်းမှာ၂၉၃.၄စတုရန်းပေ၊ တိုးချဲ့လူနာခန်းတွင် ၇၅၃.၉၂ စတုရန်းပေနှင့် သားဖွားခန်းသည် ၁၆၃.၂ စတုရန်းပေမျှသာ အသီးသီး ကျယ်ဝန်းပြီး လူနာခန်းနေရာအကျယ်အဝန်း မလုံလောက်သောကြောင့် ရဟန်းသံဃာတော်များ၊ အမျိုးသားလူနာများနှင့် အမျိုးသမီးလူနာများအတွက် သီးခြားစီနေရာချထားနိုင်ရေးနှင့် သားဖွားဆိုင် ရာအရေးပေါ်အခြေအနေများ၊ မွေးကင်းစကလေး ပြုစုစောင့်ရှောက်ရေး လျင်မြန်စွာကုသမှု ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း။ 

          ထို့အပြင် ဆေးရုံ၏ နေရာမလုံလောက်မှုကြောင့် အရေးပေါ်ဌာနသီးသန့် ထားရှိနိုင်ခြင်းမရှိဘဲ ပင်မအဆောင်(၁)အတွင်းရှိ လူသွားလမ်းဧရိယာ ၁၃၀.၂၄စတုရန်းပေကိုသာ အရေးပေါ်လူနာများ အတွက် ကုသပေးရာနေရာအဖြစ် အသုံးပြုနေရပြီး အရေးပေါ်လူနာဆေးဝါးကုသမှုအတွက် အခက် အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ထို့အပြင် ကူးစက်မြန်ရောဂါရှိသောလူနာများအတွက်လည်း သီးခြားထားရှိရန်နေရာ အခက်အခဲများစွာ ကြုံတွေ့နေရလျက်ရှိပါကြောင်း၊ လူနာစောင့်များအတွက် နားနေရန် မရှိသဖြင့် ဆေးရုံ၏လျှောက်လမ်းများတွင်သာ နားနေကြရသည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုင်းပွန်တိုက်နယ်ဆေးရုံအဆောက်အဦသည် မိုင်းပွန်စော်ဘွားကြီး၏ သမိုင်းဝင် အမွေအနှစ်ဖြစ်သဖြင့် ထိုအဆောက်အဦအား နှစ်ရှည်တည်တံ့ ထိန်းသိမ်းနိုင်စေရန်အတွက် သော် လည်းကောင်း၊ အတွင်းလူနာများ၊ အရေးပေါ်လူနာများ၊ မွေးလူနာများနှင့် မွေးကင်းစကလေးများ အဆင်ပြေချောမွေ့စွာဆေးကုသမှုများ ခံယူနိုင်ရန်အတွက်သော်လည်းကောင်း၊ လူနာခန်းများတွင် လူနာများကျပ်တည်းစွာထားရှိနေရသဖြင့် ဖြစ်ပေါ်လာနိုင်သော ဆေးရုံမှကူးစက်သောရောဂါများ လျှော့ချနိုင်ရေးအတွက်သော်လည်းကောင်း၊ လူနာများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှု ပြည့်ဝစွာ ရရှိစေရေးနှင့် ဆေးရုံတက်နေစဉ် စိတ်ချမ်းသာစွာ ဆေးကုသမှုများ ခံယူနိုင်ရေးအတွက်သော် လည်းကောင်း၊ သီးခြားထားရှိရန်လိုအပ်သော လူနာများအား သီးခြားစီနေရာချထားနိုင်ရေးအတွက် သော်လည်းကောင်း၊ အရေးပေါ်ဌာနကိုလည်း စနစ်တကျ ဖော်ဆောင်နိုင်ရေးအတွက် သော်လည်း ကောင်း၊ မိုင်းပွန်တိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ် တည်ဆောက်ပေးရန် အထူးလိုအပ် လျက်ရှိပါကြောင်း။ 

          သို့ဖြစ်ပါ၍ မိုင်းပွန်တိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ်တည်ဆောက်ပေးနိုင်ရန် မည်သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ခုတင် ၂၀၀ ဆံ့ လွိုင်လင် ပြည်သူ့ဆေးရုံကြီး တစ်ရုံ၊ ၂၅ ခုတင်ဆံ့ပင်လုံဆေးရုံတစ်ရုံ၊ မိုင်းပွန်တိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံသုံးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ မိုင်းပွန်တိုက်နယ်ဆေးရုံသည် မိုင်းပွန်မြို့ရှိ လူဦးရေ ၈,၈၄၅ ဦးနှင့် မိုင်းပွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်လူဦးရေများ၊ မိုင်းပွန် ကျေးရွာ အုပ်စုနှင့် ထိစပ်လျက်ရှိသည့် တခြားကျေးရွာနေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ အတွက် အားကိုးအားထားရာ ဆေးရုံတစ်ရုံလည်းဖြစ်ပါကြောင်း၊ မိုင်းပွန်တိုက်နယ်ဆေးရုံအား ၁၉၄၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၆-၃-၂၀၁၅ ရက်တွင် အရာထမ်းနှစ်ဦး၊ အမှုထမ်း ၁၇ ဦး စုစုပေါင်း ဝန်ထမ်းအင်အား ၁၉ ဦးဖြင့် စံနှုန်းကိုက်ဆေးရုံအဖြစ် ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအရ ဝန်ထမ်း ၁၉ ဦး ခွင့်ပြုထားသော အဆိုပါဆေးရုံသည် တိုက်နယ်ဆရာဝန် ဦးဆောင် သော ဝန်ထမ်းစုစုပေါင်း ၁၀ ဦးတို့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိုင်းပွန်ဆေးရုံအား တိုက်နယ်ဆေးရုံအင်္ဂါရပ်များနှင့်အညီ ဆေးရုံအဆောက်အဦများ ပြုပြင်တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်တည်ဆောက်ခြင်း စသည်တို့ကို စိစစ်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။