ကယားပြည်နယ်သို့ပြည်လည်ဝင်ရောက်လာမည့်လူဦးရေပိုမိုများပြားလာနိုင်သည့်အတွက်ဆေးနှင့်ဆေးဝါးပစ္စည်းများတိုးမြှင့်ပံ့ပိုးပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာပြီးနောက် ကယားပြည်နယ်တွင် ယာယီနေရပ် စွန့်ခွာပြည်သူများ မိမိတို့နေရပ်ဒေသများတွင်ပြန်လည်နေထိုင်မှုများပြားလာပြီး နောက်ထပ်လည်း ပြန်လည်နေထိုင်မည့်သူများ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ ယခုအခါ ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ထူထောင်ရေးမြို့နယ်များဖြစ်သည့် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ် များအား ယာယီနေရပ်စွန့်ခွာပြည်သူများ မိမိတို့နေရပ်ဒေသတွင် အမြန်ဆုံးနေထိုင်နိုင်ရေး အားကြိုး မာန်တက်ကြိုးပမ်းအားထုတ်လျက်ရှိပါကြောင်း၊ ပြည်သူများပြန်လည်ဝင်ရောက်မှု များပြားလာသည် နှင့်အမျှ ဆေးနှင့်ဆေးပစ္စည်းလိုအပ်မည်ဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေး မြို့နယ်များသည် ယနေ့အချိန်ထိ နယ်မြေအခြေအနေအရ အချိန်မရွေးသွားလာနိုင်သည့် အခြေအနေမျိုး မရောက်သေး ပါကြောင်း၊ အခက်အခဲကြားတွသ် နိုင်ငံတာဝန်အား ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအတွက် အချိန်မီ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရန် ဆေးနှင့်ဆေးဝါး ပစ္စည်းများအချိန်မီရရှိစေရန်အတွက် တိုးမြှင့်ပံ့ပိုးပေးရန် ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား ၃၀-၅-၂၀၂၄ ရက်တွင် စတင်၍ပြန်လည်ဖွင့်လှစ် ခဲ့ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ၂၀၂၄ ခုနှစ်တွင် တစ်လလျှင် ပျမ်းမျှပြင်ပလူနာ ၈၀၀ ကျော်ခန့်နှင့် အတွင်းလူနာ ၇၀ ဦးကျော်ရှိခဲ့ပြီး ယနေ့ အချိန်အထိ အထူးကုဘာသာရပ်ပေါင်း စုစုပေါင်း ၈ ခု၊ ဆရာဝန် ၂၆ ဦး၊ သူနာပြု ၁၀၀ ဦးနှင့် အခြားဝန်ထမ်း ၆၆ ဦး စုစုပေါင်းဝန်ထမ်း ၁၉၂ ဦးဖြင့် ပြင်ပလူနာကြည့်ရှုခြင်းနှင့် အတွင်းလူနာ ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆေးဝါး ၅၇၅ မျိုး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆေးဝါး ၅၆၅ မျိုးနှင့် ၂၀၂၆ ဧပြီလမှ ယနေ့အထိ ဆေးဝါး ၃၃၂ မျိုး ထောက်ပံ့ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း။
လောဓလေးတိုက်နယ်ဆေးရုံတွင် လက်ရှိဆရာဝန်တစ်ဦး၊ သူနာပြုသုံးဦး၊ အခြားဝန်ထမ်းသုံးဦး နှင့် တစ်လလျှင် ပျမ်းမျှပြင်ပလူနာ ၁၀၀၀ ဦးခန့်၊ အတွင်းလူနာခြောက်ဦးခန့် ကြည့်ရှုကုသမှုပေးနေ ပါကြောင်း၊ လွိုင်လင်လေးတိုက်နယ်ဆေးရုံ၌ လက်ရှိဆရာဝန်တစ်ဦး၊ သူနာပြုတစ်ဦး၊ အခြား ဝန်ထမ်းနှစ်ဦးဖြင့် တစ်လလျှင် ပျမ်းမျှပြင်ပလူနာ ၄ဝဝ၊ အတွင်းလူနာခုနှစ်ဦး ကြည့်ရှုကုသ ပေးလျက်ရှိပါကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးလက်ကျန်းမာရေးဌာနခွဲကို ၁၅-၆-၂၀၂၅ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သားဖွားဆရာမနှစ်ဦးဖြင့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက်လျက်ရှိပြီး ဆေးဝါး ၂ဝ မျိုးကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။ ဒီးမော့ဆိုမြို့နယ် ပြန်လည်ထူထောင်ချိန်မှစတင်၍ ယနေ့ထိ ယာဉ်တန်းဖြင့်ဆေးမျိုးစုံ ၉၂ မျိုးကို ကိုးကြိမ် ပို့ဆောင် ပေးနိုင်ခဲ့ပါကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ပြည်သူ့ဆေးရုံအား ဒီးမော့ဆိုမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း စုပေါင်းရုံးတွင် ယာယီဖွင့်လှစ်ထားရှိပြီး ယခု ဆရာဝန် တစ်ဦးအပါအဝင် စုစုပေါင်းဝန်ထမ်း ၆ ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံရှိ အဆောက်အဦပြင်ဆင်မှုကို ပြည်နယ်အစိုးရအဖွဲ့၏ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကျပ် ၃၉၇ သန်းဖြင့် အဆောက်အဦ၊ ရေ၊ မီးများပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဘောလခဲဆေးရုံအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သူနာပြု သုံးဦး၊ အခြားဝန်ထမ်း ၁၄ ဦးဖြင့် ပြင်ပလူနာကြည့်ရှုခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘောလခဲမြို့နယ် ပြန်လည်ထူထောင်ချိန်မှစတင်၍ ယနေ့ထိ ပြည်သူများ ဆေးကုသမှုပေးနိုင်ရေး အတွက် ဆေးမျိုးစုံ ၂၉ မျိုးအား ရဟတ်ယာဉ်အကြုံဖြင့်တစ်ကြိမ်၊ ဆေးမျိုးစုံ ၁၁ မျိုးကို ယာဉ်တန်း ဖြင့်သုံးကြိမ် ပို့ဆောင်ပေးခဲ့ပြီး ယခုအခါ လေးလစာအတွက် ဆေးဝါးများကို ပထမအကြိမ် ခွဲပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘောလခဲမြို့နယ်၊ မိခင်ကလေးကျန်းမာရေးဌာနအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်းမာရေးမှူး-၁ တစ်ဦး၊ ကျန်းမာ ရေးမှူး-၂ တစ်ဦးနှင့် အမျိုးသမီး ကျန်းမာရေးဆရာမတစ်ဦးဖြင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ သံဓာတ် အားဆေးတိုက်ကျွေးခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ အာဟာရလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငါးနှစ် အောက်ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ အာဟာရများ တိုက်ကျွေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပြည်သူများအား ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘောလခဲမြို့နယ်တွင် စုစုပေါင်း ဝန်ထမ်း ကိုးဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ပြန်လည်ထူထောင်ရေးကာလမှစ၍ ယနေ့အထိ ပြည်နယ်တိုးချဲ့ကာကွယ်ဆေးထိုးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁,၇၃၀ ဦးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ၄,၇၇၉ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အသုံးပြုသော ကာကွယ်ဆေးများ ၅၉၅ လုံးကိုလည်း ဖြန့်ဝေပြီးဖြစ်ပါကြောင်း၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ECG စက်နှင့် နှလုံးနှိုးစက်အပါအဝင် စက်ပစ္စည်းကိုးမျိုး၊ ဆေးနှင့် ဆေးပစ္စည်း ၂၀၉ မျိုး၊ ကယား ပြည်နယ်ကုသရေးဦးစီးဌာနသို့ ဆေးနှင့်ဆေးပစ္စည်း ၁၄၃ မျိုး ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်း၊ ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ မိမိတို့နေရပ်ဒေသသို့ ပြန်လည် ဝင်ရောက်လာမည့်ဦးရေ ပိုမိုများပြားလာပါက လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကို ထပ်မံ ထောက်ပံ့ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။