ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် (မြောက်ပိုင်း)မြို့နယ်များရှိ ထားဝယ်ချောင်အမှိုက်ပုံကြီးအား မည်သည့်အချိန်တွင် အမြန်ဆုံးရွှေ့ပြောင်းပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ် များနှင့် နီးကပ်စွာတည်ရှိနေသော ထားဝယ်ချောင်အမှိုက်ပုံကြီးအား အမြန်ဆုံးရွှေ့ပြောင်း ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ရွှေ့ပြောင်းပေးမည်ကို သိရှိလိုသည့် အတွက် မေးမြန်းသွားမည်ဖြစ်ပါကြောင်း။
၎င်းအမှိုက်ပုံသည် အကျယ် ၇၇.၇ ဧကရှိပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အမှတ်(၅၁)ရပ်ကွက်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ အမှတ်(၁)ရပ်ကွက်၊ ငမိုးရိပ်ချောင်းကမ်းနံဘေး၊ ကျန်စစ်သားတံတားအနီး တွင် တည်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ စွန့်ပစ်သော အမှိုက်တန်ချိန် နေ့စဉ် တန် ၁,၀၀၀ ကျော်စွန့်ပစ်နိုင် စေရန် ၂၀၁၂ ခုနှစ်၊ မူလထားဝယ်ချောင် ကျေးရွာအမည်ကိုအစွဲပြု၍ ထားဝယ်ချောင်အမှိုက်ပုံအဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ခဲ့ပါကြောင်း၊ ယခုဆိုလျှင် အမှိုက်စွန့်ပစ်မှု သည် နှစ်ပေါင်း ၁၄ နှစ်ကျော် ၁၅ နှစ်ကာလသို့ တိုင်ခဲ့ပြီဖြစ်သည့်အတွက် အမှိုက်ပုံ၏အရွယ်အစား ကြီးမားကျယ်ပြန့်လာမှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်ခြေများနှင့် ၅၅ ပေခန့်မျှသာ ကွာဝေးလာသည်ကို တွေ့ရှိရပါကြောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ အမှတ်(၅၁)ရပ်ကွက်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ၊ အမှတ်(၅၀)ရပ်ကွက်ရှိ လူနေအိမ်များနှင့်ပါ နီးကပ်စွာတည်ရှိနေပါကြောင်း၊ ငမိုးရိပ်ချောင်းတစ်ဘက်ရှိ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရှိ အိမ်ရာများနှင့် လည်း မဝေးသည့်အတွက် အမှိုက်ပုံမှနေ့စဉ်ထွက်ရှိနေသည့် အနံ့ဆိုးများကို အဆိုပါမြို့နယ် ၃ မြို့နယ် နေ ပြည်သူများနေ့စဉ်ရှူရှိုက်နေရသည့်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ သွေးတိုး၊ နှလုံးရောဂါများခံစားနေကြရပါကြောင်း၊ စွန့်ပစ်အမှိုက်များကြောင့် ခြင်၊ ယင်ကောင် များလည်း ပေါများ လာသည့်အတွက် အမှိုက်ပုံအနီးရှိ ရပ်ကွက်နေပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အရေပြား ယားနာရောဂါများပါ ခံစားနေကြရပါကြောင်း၊ အမှိုက်ပုံရှိ အမှိုက်ဆွေးများကထွက်ရှိ လာသော မသန့်ရှင်းသည့်ရေဆိုးများ ငမိုးရိပ်ချောင်းအတွင်း စီးဆင်းသည့်အပြင် အမှိုက်ပုံအနီးရှိ ကျန်စစ်သား တံတားကိုစောင့်သည့် တံတားစောင့်မိသားစုနှင့် တခြားသောမိသားစုများ၊ တံတား အောက်တွင် နေထိုင်သော ပလုံကောက်သူများက အမှိုက်များကိုမဆင်မချင် ငမိုးရိပ်ချောင်းအတွင်းသို့ စွန့်ပစ်သည့်အတွက် မြစ်ချောင်းသာယာလှပရေးနှင့် သဘာဝဂေဟစနစ်များပျက်စီးစေပါတယ်။ ချောင်းကော၊ မြောင်းကောဖြစ်စေသည့်အတွက် ရေစီးရေလာပိတ်ဆို့ပြီး မြို့နယ်အတွင်းရှိရပ်ကွက်တချို့ မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုများ ခံစားကြရပါကြောင်း။
ဘုန်းကြီးကျောင်းများ၊ လူနေရပ်ကွက်များရှိ အိမ်များနှင့်လည်းအဆိုပါအမှိုက်ပုံသည် နီးကပ်စွာ တည်ရှိနေသည့်အတွက် ယခုလို ပူပြင်း ခြောက်သွေ့သောနွေရာသီတွင် မီးဘေးအန္တရာယ်ကိုလည်း စိုးရိမ်နေရပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးထိခိုက်ပျက်စီးစေသော၊ မီးဘေး အန္တရာယ်အတွက် စိုးရိမ်ရသော၊ သဘာဝဂေဟစနစ်များပျက်စီးစေသော၊ ရေကြီးနစ်မြုပ်မှုကို ဖြစ်စေသောအခြေအနေများကြောင့် မဲဆန္ဒရှင်ပြည်သူများ စိုးရိမ်ပူပန်နေရသည့် ထားဝယ်ချောင် အမှိုက်ပုံကြီးကို နေရာပြောင်းရွှေ့ရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ် တွင် ပြောင်းရွှေ့ပေးမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင် က
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁)ရပ်ကွက်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၅၁)ရပ်ကွက်တို့နှင့် နီးကပ်စွာတည်ရှိနေသည့် ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနေရာသည် ယခင်က ထားဝယ်ချောင်သုသာန်အဖြစ်အသုံးပြုခဲ့ပြီး ၂၀၀၁ ခုနှစ်တွင်စတင်ပြီး အဆိုပါနေရာအား ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံမြေနေရာ (Final Disposal Site)အဖြစ်သတ်မှတ်ကာ အမှိုက် စုပုံစွန့်ပစ်စီမံခန့်ခွဲခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမှိုက်စုပုံစွန့်ပစ် သည့် စနစ်မှာ မြေကြီး ၁ဝ ပေခန့်အနက်တူး၍ ဘေးဘက်တွင်ဘောင်တင်သည့် ရေကန်ပုံစံ ကျင်းတူးပြီး အမှိုက်များတိုက်ရိုက်သွန်ချစုပုံကာ Dozer ဖြင့်ထိုးညှိသည့် ဟင်းလင်းပွင့်စုပုံသည့်(Open Dumping)စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် ဗိုလ်တထောင်ခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်နှင့် မရမ်းကုန်းခရိုင်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ နေ့စဉ်စွန့်ပစ် သည့် အိမ်ထောင်စုထွက်အမှိုက်များ၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်များ၊ ခြံထွက်အမှိုက်များ၊ စက်မှုဇုန်များမှထွက်ရှိသောအမှိုက်များနှင့် တခြားအထွေထွေအမှိုက်များအား နေ့စဉ်တန်ချိန် ၁,၀၀၀ တန်မှ ၁,၂၀၀ တန်အထိ စုပုံစွန့်ပစ်စီမံခန့်ခွဲခြင်းအား ဆောင်ရွက်လျက် ရှိပါကြောင်း။
ယခင်က ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၏ ဘေးပတ်ဝန်းကျင်တွင် ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များနှင့် ဝန်ထမ်းအိမ်ရာများ အနည်းငယ်သာရှိခဲ့ပါကြောင်း၊ ယခုအခါ မြို့ပြဖွံ့ဖြိုးမှုရှိလာ ခြင်းကြောင့် အမှိုက်ပုံအနီးအနားသို့ ပြောင်းရွှေ့နေထိုင်သူများရှိလာပြီး လူနေထူထပ်လာတာကို တွေ့ရပါကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင် ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်စဉ်ဖြစ်ပြီး အမှိုက်ပုံများ အဆင့်မြှင့် တင်နိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဘတ်ဂျက်ဖြင့် အမှိုက်စွန့်ပစ်မှု စနစ်ကို ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ ၂ဝ၁၉ ခုနှစ်တွင် အမှိုက်ပုံအဟောင်းများပေါ်တွင် ဘေးအန္တရာယ် ကင်းစေရန်အတွက် စီမံခန့်ခွဲသည့်နည်းပညာဖြစ်သော Semi-Aerobic Landfill (Fukuoka Method) နည်းပညာအား Japan Environmental Sanitation Center(JESC), Tokyo Metropolitan Government(TMG)ထံမှရရှိခဲ့ခြင်းကြောင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အင်ဂျင်နီယာအဖွဲ့ဖြင့် Conceptual Design ရေးဆွဲပြီး ၂ဝ၂၁ ခုနှစ်မှစတင်၍ Plot ၆ ခုခွဲပြီး ယခင် Open Dumping System စနစ်မှ Semi-Aerobic Landfill (Fukuoka Method)ဖြင့် တစ်စိတ် တစ်ပိုင်းပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း။
အမှိုက်ပုံများတွင် Plot များခွဲ၍ Plot အလိုက် Layer by Layer အမှိုက်စွန့်ပစ်ရပြီး Plot ၆ ခု အနက် Plot နံပါတ်(၁)မှာ ပိတ်သိမ်းပြီးဖြစ်ပါကြောင်း၊ Plot နံပါတ်(၂)နှင့် (၅)တို့မှာ လူနေရပ်ကွက်၊ ဘုန်းကြီးကျောင်း၊ ရုံးတို့နှင့်နီးကပ်နေခြင်းကြောင့် ဆက်လက်၍ အမှိုက်စွန့်ပစ်ခြင်းမပြုတော့ဘဲ စနစ်တကျ အမှိုက်ပုံပိတ်သိမ်းသည့်နည်းစနစ် (Engineering Closure) လုပ်ငန်းစဉ်အတိုင်း၊ သတ်မှတ် ထားသည့်ထုထည်အတိုင်း မြေကြီးဖုံးအုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး Green Area များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် အမှိုက်ပုံဝန်းကျင်တွင် လေထုအရည်အသွေးနှင့်စပ်လျဉ်း၍ နေရာ ၅ နေရာသတ်မှတ်ပြီး ECOMTERK အမျိုးအစားလေထုတိုင်းတာစက် တပ်ဆင်ထားသည့် ရွေ့လျားမော်တော်ယာဉ်ဖြင့် Parameters ၁၅ မျိုးအား ပုံမှန်စောင့်ကြည့်လေ့လာလျက်ရှိပါကြောင်း၊ လေထုတိုင်းတာခြင်းမှရရှိ သည့် ရလဒ်များအား Data Inventory ပြုလုပ်၍ ရလဒ်များအပေါ် ခွဲခြမ်းစိတ်ဖြာထားရှိပါကြောင်း။
အနံ့ထွက်ရှိမှုနှင့်စပ်လျဉ်းပြီး Odor Meter စက်ဖြင့် နေရာ ၅ နေရာသတ်မှတ်၍ တိုင်းတာ ခြင်းများဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့်ရလဒ်များအား Data Inventory ပြုလုပ်၍ ရလဒ်များ အပေါ် ခွဲခြမ်းစိတ်ဖြာထားရှိပါကြောင်း၊ ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် အမှိုက်ပုံမှ အနံ့ဆိုး ထွက်ရှိမှုလျှော့ချရန်နှင့် ယင်ကောင်ပျံ့နှံ့မှုလျှော့ချရန်အတွက် အနံ့ပျောက်ဆေးများနှင့် ယင် သတ်ဆေး များကိုအသုံးပြု၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး နှင့် မီးဘေးလုံခြုံရေးအတွက် အမြင့် ၃၈ ပေ မီးကင်းစောင့်ကြည့်လင့်စင်များထားရှိခြင်း၊ ရေဂါလန် ၅ သန်းခွဲဆံ့ မီးသတ်ရေကန်များထားရှိခြင်း၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များနှင့် မီးသတ်ရေငုတ်များထားရှိခြင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများအပြင် နေ့၊ ညအလှည့်ကျမီးကင်း စောင့်ခြင်းများကို နေ့စဉ်ပုံမှန်ဆောင်ရွက်ထားရှိပြီး အမှိုက်ပုံဧရိယာ တစ်ခုလုံး အား ခြံစည်းရိုးကာရံထားပြီး အဝင်၊ အထွက်လုံခြုံရေးဂိတ်တဲများထားရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှိုက်ပုံမှ ထွက်ရှိလာသည့်အရည်များကို အမှိုက်ပုံမြေနေရာနှင့် ငမိုးရိပ်ချောင်းကြားတွင် Leachate Pond ထားရှိပြီး Primary Sedimentation Process ပုံစံအနည်ထိုင်စေပြီးနောက် လျှံကျလာသည့် အရည်များအား ငမိုးရိပ်ချောင်းအတွင်းသို့ တိုက်ရိုက်စွန့်ပစ်ပြီး ယခုအခါ သန့်စင်မှုဆိုင်ရာ ပြီးပြည့်စုံ သည့် (Waste Water Treatment Plant, Leachate Treatment Plant)ဆောင်ရွက်ရန်အတွက် Design ရေးဆွဲပြီးဖြစ်ပါကြောင်း၊ နောင်နှစ်များတွင် ဘတ်ဂျက်လျာထားပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားပြီး မြစ်ချောင်းများ၏ သဘာဝဂေဟစနစ်ပျက်စီးဆုံးရှုံးမှုကို လျှော့ချဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ အမှိုက်ပုံ၏ တချို့နေရာများမှာ မြေကြီးဖုံးအုပ်သည့်လုပ်ငန်း ဆောင်ရွက် နိုင်ခြင်း မရှိသေးတာကြောင့် အမှိုက်ပုံ၏အပေါ်မျက်နှာပြင်မှ အလိုအလျောက်ထွက်ရှိနေသော မီသိန်း ဓာတ်ငွေ့များ လေထုထဲသို့တိုက်ရိုက်ထုတ်လွှတ်နိုင်ရန်အတွက် Perforated Pipe များ တပ်ဆင် ဆောင်ရွက်ထားရှိပါကြောင်း။
ယခုအခါ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် ကိုရီးယားနိုင်ငံ Global Energy Solution Co.,Ltd(GES)နှင့် မြန်မာနိုင်ငံတွင် Hana Eco Energy Ltd တို့မှပူးပေါင်းပြီး နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတို့ရှိ အမှိုက်ဟောင်းများမှထွက်ရှိလာသော မီသိန်းဓာတ်ငွေ့များအား စုစည်း သန့်စင်၍ တခြားပါရှိသောဓာတ်ငွေ့များကို လေထဲသို့ထုတ်လွှတ်ခြင်းနှင့် သန့်စင်ပြီးမီသိန်းဓာတ်ငွေ့ များအား Generator ဖြင့်လည်ပတ်ကာ လျှပ်စစ်ဓာတ်အား 1.2 MW ထုတ်လုပ်ခြင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် BOT စနစ်နှင့် PPA စာချုပ်များချုပ်ဆိုနိုင်ရေး ဆောင်ရွက်နေဆဲဖြစ်ပါ ကြောင်း၊ ထို့အပြင် အမှိုက်မှစွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်း(Waste to Energy) စီမံကိန်း ဆောင်ရွက် ခွင့်ပြုပါရန် ကုမ္ပဏီများစွာမှတင်ပြလျှောက်ထားခြင်းများရှိသည့်အတွက် တင်ဒါစနစ်ဖြင့် ဆောင်ရွက်နိုင် ရေးအတွက် တင်ဒါခေါ်ယူရန် သတင်းစာများတွင် ထည့်သွင်းကြော်ငြာနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။
သို့ဖြစ်ပါ၍ လက်ရှိအချိန်တွင် အမှိုက်စွန့်ပစ်ရန်မြေနေရာရှားပါးလာခြင်းကြောင့် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအား ပိတ်သိမ်းနိုင်ခြင်းမရှိသေးပါကြောင်းနှင့် ပြည်သူများမှ နေ့စဉ်စွန့်ပစ် သည့် အမှိုက်တန်ချိန် ၁,၀ဝဝ မှ ၁,၂ဝဝ ခန့်အား စီမံခန့်ခွဲနိုင်ရန်အတွက် အရန်အနေဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ သရက်ပင်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအား ဘတ်ဂျက်ရရှိမှု အပေါ်မူတည် ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အမှိုက်မှစွမ်းအင်ထုတ်လုပ်ခြင်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက စနစ်တကျအမှိုက်ပုံပိတ်သိမ်းသည့်နည်းစဉ် (Engineering Closure) လုပ်ငန်းစဉ်အတိုင်း စီစဉ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါ သည်။