MY EN

(ခ)- ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)

2026-11-09
တတိယအကြိမ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
မေးခွန်း
ဦးမျိုးမြင့်သိန်း (ဝမ်းတွင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အစိုးရဘဏ်များ၌ အပ်နှံငွေများအား လိုအပ်သလောက် ထုတ်ယူခွင့်ပြုနိုင်ရေးအတွက် မူဝါဒ၊ နည်းပညာ၊ ဝန်ဆောင်မှုများကျင့်သုံးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ငွေကြေးစီးဆင်းလည်ပတ်မှုသည် နိုင်ငံတော်၏ အဓိကအသက်သွေးကြောဖြစ်ပြီး လူမှုရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်ပါကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံတွင် အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်များလည်း အောင်မြင်စွာငွေကြေးလည်ပတ်စီးဆင်းမှုကို ဝန်ဆောင်မှုပေးနေကြပါကြောင်း၊ နိုင်ငံတော်အစိုးရဘဏ်များတွင် ငွေစုဆောင်းသူများသည် မိမိအပ်နှံငွေများအနက်မှ တစ်ပတ်လျှင်ငွေကျပ် သိန်း ၂၀ သာနှင့် ကုမ္ပဏီ၊ အသင်းအဖွဲ့များအပ်နှံငွေကို ထုတ်ယူလိုပါက တစ်ပတ်လျှင်ငွေကျပ် သိန်း ၂၀၀ သာ ထုတ်ယူခွင့်ရရှိပြီး လိုအပ်သလောက် ထုတ်ယူခွင့်မရရှိပါကြောင်း၊ ယခုကဲ့သို့ မိမိအပ်ထားသော ငွေကြေးအား ပြန်ထုတ်ရန်မလွယ်ကူသော ကန့်သတ်ချက်များကြောင့် ငွေစုဆောင်းသူများသည် အစိုးရဘဏ်တွင် အပ်နှံရန် စိတ်ဝင်စားမှု နည်းလာပြီး ပုဂ္ဂလိကဘဏ်များသို့ သွားရောက်စုဆောင်းနေသည်ကို လေ့လာသိရှိရပါကြောင်း။ 

ကုမ္ပဏီနှင့် ငွေစုသူများသည် ငွေများများထုတ်ချင်လျှင် အစိုးရဘဏ်ဝန်ထမ်းများအား ရာခိုင်နှုန်း ပေးပြီး ငွေထုတ်နေကြ၍ မလိုလားအပ်သော အဂတိမှုများသည် ယခုကဲ့သို့ ငွေထုတ်ကန့်သတ်ချက် မူဝါဒကြောင့်ဟု သုံးသပ်ရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရဘဏ်နှင့်ဆက်သွယ်ငွေစုသူများ အကျိုးရှိစေရန်အတွက် အောင်မြင်နေသော ပုဂ္ဂလိကဘဏ်များနည်းတူ နည်းပညာများ၊ ဝန်ဆောင်မှု များနှင့် ကန့်သတ်ချက်ငွေထုတ်မူဝါဒများ ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင် က 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်စေရန်နှင့် ငွေပေး ချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပါ ကြောင်း၊ အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများနှင့် ဝန်ဆောင်မှုများကို နိုင်ငံတော်ပိုင် ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း။

အစိုးရအဖွဲ့အစည်းများနှင့် အများပြည်သူတို့မှ ငွေသားသုံးစွဲမှုကိုလျှော့ချပြီး အစိုးရဌာနများ၊ လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများအကြား ငွေပေးချေမှုပြုရာတွင် ဒီဂျစ်တယ်စနစ်ဖြင့် တိုးမြှင့် ဆောင်ရွက်ရန်အတွက် လိုအပ်လျက်ရှိပါကြောင်း၊ ဘဏ်များနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ငွေသားစီမံခန့်ခွဲမှုပိုမိုကောင်းမွန်စေရန်အတွက် ATM/POS မှငွေသားထုတ်ယူမှု များကို တစ်ရက်လျှင်အများဆုံး ကျပ် ၅ သိန်း၊ ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်၂၀ သိန်းနှင့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ အတွက် တစ်ပတ်လျှင်အများဆုံး ကျပ်သိန်း ၂၀၀ အဖြစ် ယာယီလိုက်နာဆောင်ရွက်သွားရန်နှင့် အစိုးရဌာနများ၊ စီးပွာရေးလုပ်ငန်းကြီးများ၏ လုပ်ခလစာများ၊ ထောက်ပံ့ကြေးငွေများ၊ ပင်စင်လစာ များအတွက် ငွေထုတ်ယူခြင်းကို အထောက်အထားများစိစစ်၍ ဘဏ်များအနေဖြင့် မိမိ၏ငွေကြေး လက်ကျန်အခြေအနေအရ သတ်မှတ်ချက်ထက်ကျော်လွန်ပါကလည်း ထုတ်ပေးရန် ၁-၃-၂၀၂၁ ရက်က ညွှန်ကြားထားရှိပြီးဖြစ်ပါကြောင်း။

COVID 19 ရောဂါပျံ့နှံ့ဖြစ်ပွားလျက်ရှိသည့် ကိုဗစ် ကာလတွင်လည်း အများပြည်သူများ Covid-19 ရောဂါကုသရာ၌ အသုံးပြုသည့်ဆေးဝါးများ၊ အောက်စီဂျင်၊ Oxygen Plant နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူခြင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် Quarantine Center များအတွက် အသုံးစရိတ် ကျခံခြင်းများအတွက် အထောက်အထားများဖြင့် တင်ပြလာပါက စိစစ်၍ ငွေထုတ်ကန့်သတ်ချက် ထက် ကျော်လွန်ဆောင်ရွက်ပေးရန်အတွက် ၂၈-၇-၂၀၂၁ ရက်တွင်လည်း ထပ်မံညွှန်ကြားခဲ့ပြီးဖြစ်ပါ ကြောင်း၊ ထို့အပြင် ဘဏ်များ၏ ငွေသားစီမံခန့်ခွဲမှုအခြေအနေ ကောင်းမွန်လာသည့်အပေါ် ဗဟို ဘဏ်မှ ဖြေလျှော့ပေးနိုင်သည့်ကိစ္စရပ်များကို စိစစ်ပြီး အများပြည်သူများ ငွေသားထုတ်ယူခြင်း ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ကျန်းမာရေးနှင့် သာသာနာရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေး ဆိုင်ရာကိစ္စရပ်များ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဘဏ်စာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင်အများဆုံး ကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း၊ အစိုးရဌာနများ၏သင်တန်းကျောင်း စရိတ်များ၊ ဆုချီးမြှင့်ငွေများ၊ ဝတ်စုံစရိတ်များ၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ငွေများ၊ ဝန်ထမ်းဆုချီးမြှင့်ငွေများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများအတွက် ငွေသား ထုတ်ယူခြင်း၊ အစိုးရဌာနအသီးသီး၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အသုံးစရိတ်များအတွက် ငွေသားထုတ်ယူခြင်း၊ စက်မှုဇုန်စက်ရုံများ၏ လုပ်ခလစာများအတွက် ကန့်သတ်ချက်မရှိထုတ်ပေးခြင်းအပြင် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် ငွေသားထုတ်ယူခြင်း ကိုလည်း တစ်ပတ်လျှင်အများဆုံး ကျပ်သိန်း ၁,၀၀၀ အထိထုတ်ယူခွင့်ပြုနိုင်ရေးကို ၁-၄-၂၀၂၂ ရက်တွင် ညွှန်ကြားဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အစိုးရဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဆုချီးမြှင့်ခြင်း၊ ထောက်ပံ့ ငွေပေးအပ်ခြင်း၊ အသုံးစရိတ်ပေးခြင်းတို့အတွက် သတ်မှတ်ချက်ထက်ကျော်လွန်၍ ငွေထုတ်ပေးရန် တင်ပြခြင်းလာများကိုလည်းပဲ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြဆောင်ရွက်ပေးလျက်ရှိကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားငွေပေးချေမှု စနစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး ငွေသားကိုင်ဆောင်မှု လျှော့ချစေရန်၊ ဒီဂျစ်တယ်ငွေပေးချေမှုများ ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဘဏ်များ အချင်းချင်းနှင့် ဘဏ်၏ဝန်ဆောင်မှုရယူသူများအကြား ပမာဏကြီးမားသော ငွေပေးချေမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် CBM-NET စနစ်ကိုလည်းကောင်း၊ ကတ်ပေးချေမှု များအတွက် မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union-MPU)ကိုလည်းကောင်း၊ ပမာဏ နည်းသောလက်လီငွေပေးချေမှုများအတွက် Myanmar Pay-MMQR ကိုလည်းကောင်း အသီးသီး အကောင်အထည်ဖော်ဆောင်ရွက်ထားလျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံအတွင်း ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုစနစ်နှင့် နည်းပညာများ အသုံးပြုမှုဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုမရ သော ကျေးလက်ဒေသများတွင် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အား အသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး ဘဏ် ၂၆  ဘဏ်သို့ အင်တာနက်ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းဘဏ်လုပ်ငန်း၊ ဘဏ် ၁၂ ဘဏ်သို့ Mobile Pay လုပ်ငန်းများ၊ ကုမ္ပဏီ ၅ ခုသို့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ကုမ္ပဏီ ၇ ခုသို့ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများကို စိစစ် ခွင့်ပြု ထားရှိလျက်ရှိပါကြောင်း။

 လက်ရှိတွင်လည်း အများပြည်သူများအနေဖြင့် အစိုးရငွေပေးချေမှုနှင့် ပုဂ္ဂလိကငွေပေးချေမှု များအတွက် လက်လီသုံးစွဲမှုများကို ဒီဂျစ်တယ်ငွေပေးချေမှုစနစ် အသုံးပြု၍ အဆင်ပြေစွာပေးချေ နိုင်ရန် ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းများ၏ ဆောင်ရွက်နိုင်မှုပမာဏများကို ၁၂-၆-၂၀၂၄ ရက်တွင် တိုးမြှင့်ပေးခဲ့ပြီး လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်း (P2P ပေးချေမှု) အတွက် တစ်ရက်လျှင် အများဆုံး ကျပ်သိန်း ၅၀၊ လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ငွေပေးချေခြင်း (P2M ပေးချေမှု ) အတွက် ရွှေဆိုင်များ၊ အီလက်ထရောနစ်ဆိုင်များသို့ ပေးချေခြင်း စသည်တို့အတွက် တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀ အထိ ပေးချေဆောင်ရွက်နိုင်ပြီး ကျပ်သိန်း ၁၀၀ အထက် ပေးချေမှုများ အတွက် CBM-NET စနစ်မှ Bank to Bank ဖြင့် ပေးချေနိုင်ပါကြောင်း၊ ထို့အပြင် နိုင်ငံပိုင်ဘဏ်များ အနေဖြင့် Customer များမှ ငွေသားထုတ်ယူရာတွင် ဘဏ်များ၏ ငွေသားလွယ်ကူမှုအပေါ်မူတည်၍ အဆင်ပြေချောမွေ့စွာ ငွေသားထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ဒီဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများနှင့် စာရင်းပြောင်းနည်းလမ်းများကို ပိုမိုအားပေးဆောင်ရွက်ရန်နှင့် မြို့နယ်ဘဏ်ခွဲများ အထိ ထိရောက်စွာ ကြပ်မတ်ကွပ်ကဲနိုင်ရေး လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း။

နိုင်ငံတော်ပိုင်ဘဏ်များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒီဂျစ်တယ်စီးပွားရေး အဆောက်အအုံသို့ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်စေရန်နှင့် ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်ထည်ဖော်နိုင်ရန်အတွက် အများပြည်သူများ အနေဖြင့် ငွေသားသုံးစွဲမှုလျှော့ချပြီး အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများ တိုးမြှင့် ဆောင်ရွက်ရေးကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ် ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးမျိုးမြင့်သိန်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံပိုင် ဘဏ်များ၏ လက်ရှိနည်းပညာစနစ်များနှင့် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရေးအတွက် သုံးစွဲ နိုင်မည့် ဘဏ္ဍာရေးအရင်းအမြစ်နှင့် လူ့စွမ်းအားအရင်းအမြစ်ပေါ်မူတည်၍ ထည့်သွင်းသုံးသပ်ကာ ဦးစားပေးလုပ်ငန်းများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ပူးပေါင်း၍ လိုအပ်ချက် အပေါ်မူတည်၍ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံပိုင် ဘဏ်များသို့ ဘဏ်များ၏ငွေသားလွယ်ကူမှု အပေါ်မူတည်၍ ငွေအပ်နှံသူများ၊ ဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်သူများအားလုံး အဆင်ပြေချောမွေ့စွာ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေး အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။