ပြည်ထောင်စုတရားရုံးချုပ်၏ ၁၈-၁၂-၁၉၉၀ ရက်စွဲပါ ညွှန်ကြားချက်အား ကျင့်သုံးဆောင်ရွက်လျက် ရှိ မရှိနှင့် မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၁၈.၁၂. ၁၉၉၀ ပြည့်နှစ်ရက်စွဲပါ စာအမှတ် ၄၀၅ / စုံ ၁၄ (ဂ) ၁၃၈ / ၉၀ ညွှန်ကြားချက်စာဖြင့် ပြည်ထောင်စုတရားရုံးချုပ်မှ ပြည်နယ် တိုင်းတရားသူကြီးအားလုံး မြို့နယ်စုရုံး၊ မြို့နယ်တရားရုံး၊ တရားသူကြီးအားလုံးထံသို့ တရားဝင်အသိပေး အကြောင်းကြားစာတစ်စောင်ကို ထုတ်ပြန်ညွှန်ကြားခဲ့ပါ ကြောင်း၊ ၎င်းသတိပေးအကြောင်းကြားစာများတွင် ပြစ်မှုဆိုင်ရာအမှုများစီရင်ပိုင်ခွင့်မရှိဘဲ စီရင်ခြင်း၊ ဥပဒေနှင့်မညီသော ပြစ်ဒဏ်ချမှတ်ခြင်း၊ ဖြောင့်ချက်ယူရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ခြင်း၊ ဝရမ်းမှုစစ်ဆေးနည်းဖြင့် စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်နိုင်သောအမှု၊ သာမန်မှုစစ်ဆေးနည်းဖြင့်စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်နိုင်သော အမှုများကို မှားယွင်းစစ်ဆေးပြစ်ဒဏ်ချမှတ်ခြင်း၊ Serious Procedural Errors ဖြစ်သည့် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်သော အမှားအယွင်းများ၊ စွဲချက်ကိုပြည့်ပြည့်စုံစုံ မရေး သွင်းခြင်း၊ တရားမမှုများကိုစီရင်ပိုင်ခွင့်မရှိဘဲစီရင်ခြင်း၊ ဒီကရီမရေးဆွဲခြင်း၊ဇာရီမှုများတွင်ပစ္စည်းအပ် ဝရမ်းထုတ်သည့်အခါ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်မညီညွတ်ခြင်းစသည့် အမှုမှားမျိုးကို သုံးကြိမ်ထက် မနည်း တွေ့ရှိရပါက သက်ဆိုင်ရာတရားသူကြီးအား အလုပ်မှထုတ်ပစ်သည်အထိအရေးယူ သွားမည် ဖြစ်ကြောင်း သတိပေးညွှန်ကြား ထားရှိခဲ့သည်ဟု မိမိအနေဖြင့် သိရှိရပါကြောင်း။
တရားစီရင်ရေးလုပ်ငန်းများတွင် ဥပဒေများ၊ ကျင့်ထုံးများ၊ တရားရုံးလုပ်ထုံးလုပ်နည်းများ တရား ရုံးလက်စွဲ၊ တရားသူကြီး၏ကျင့်ဝတ်ကျင့်စဉ်များနှင့်အညီ အမှုများကို မှန်မှန်ကန်ကန် ထိထိရောက် ရောက် ဆောင်ရွက်နိုင်မှသာလျှင် တရားရုံးလုပ်ငန်းများနဲ့ အများ ပြည်သူအတွက် အကျိုးရှိစေမည် မလွှဲဧကန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် မေးမြန်း လိုသည်မှာ ယခင် ၁၉၉၀ ပြည့်နှစ်က ပြည်ထောင်စုတရားရုံးချုပ်မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရုံးချုပ် ၁၈.၁၂. ၁၉၉၀ ပြည့်နှစ် ရက်စွဲပါ စာအမှတ် ၄၀၅ / စုံ ၁၄ (ဂ) ၁၃၈ / ၉၀ ညွှန်ကြားချက်စာဖြင့် ပြည်နယ်တိုင်းတရားသူကြီး အားလုံးမြို့နယ်စုရုံး၊ မြို့နယ်တရားရုံး၊ တရားသူကြီး အားလုံးတရားစီရင်ရာတွင် အမှုမှားမျိုးကို သုံးကြိမ် ထက်မနည်းတွေ့ရှိပါက သက်ဆိုင်ရာတရားသူကြီးအား အလုပ်မှထုတ်ပစ်သည်အထိ အရေးယူမည် ဖြစ်ကြောင်း သတိပေးအကြောင်းကြားစာအား ဆက်လက် ကျင့်သုံးဆောင်ရွက်လျက် ရှိ မရှိနှင့် ဆက်လက်ကျင့်သုံးဆောင်ရွက်ခြင်းမရှိတော့ပါက ၎င်း အကြောင်းကိစ္စသည် တရားစီရင်ရာတွင် လည်း ကောင်း၊ အများပြည်သူအတွက်လည်းကောင်း မှန်ကန်ထိရောက်ပြီးအကျိုးရှိစေမည့် အကြောင်းကိစ္စ ဖြစ်ပါ၍ အဘယ့်ကြောင့် ဆက်လက်ကျင့်သုံး ဆောင်ရွက်ခြင်းမရှိရပါသလဲကို သိရှိလိုကြောင်းဖြင့် မေးမြန်းပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး၊ ဒေါ်သင်းသင်းချို က
၂၆.၉.၁၉၈၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၂/၈၈ ဖြင့် ပြဋ္ဌာန်းခဲ့သည့် တရားစီရင်ရေးဥပဒေအရ တရားရုံးချုပ်၊ ပြည်နယ်နှင့်တိုင်းတရားရုံး၊ မြို့နယ်တရားရုံး တို့ကို ဖွဲ့စည်းခဲ့ပြီး အမြင့်ဆုံးတရားရုံးဖြစ်သည့် တရားရုံးချုပ်က တရားရုံးအဆင့်ဆင့်အား ကြီးကြပ်ကွပ်ကဲရပါ ကြောင်း၊ ထိုသို့ ကြီးကြပ်ကွပ်ကဲရသဖြင့် ထိုစဉ်က တရားရုံးချုပ်အနေဖြင့် ၁၈-၁၂-၁၉၉၀ ရက်စွဲပါ စာအမှတ်၊ ၄ဝ၅ / စု ၁၄ (ဂ) ၁၃၈ / ၉ဝ ဖြင့် အောက်ဖော်ပြပါ အမှုမှားမျိုးကို သုံးကြိမ်ထက်မနည်း တွေ့ရှိရပါကလည်းကောင်း၊ တစ်ကြိမ်တည်းနှင့် ခွင့်မလွှတ်နိုင်အောင် မှားယွင်းလျှင်လည်းကောင်း သက်ဆိုင်ရာတရားသူကြီးအား အလုပ်မှထုတ်ပစ်သည် အထိ အရေးယူမည်ဖြစ်ကြောင်း သတိပေး အကြောင်းကြားစာထုတ်ပြန်ပြီး အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ပြစ်မှုဆိုင်ရာအမှုများမှာ-
(က) စီရင်ပိုင်ခွင့်မရှိဘဲ စီရင်ခြင်း၊
( ခ ) ဥပဒေနှင့်မညီသော ပြစ်ဒဏ်ချမှတ်ခြင်း၊
( ဂ ) ဖြောင့်ချက်ယူရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ခြင်း၊
(ဃ) ဝရမ်းမှုစစ်ဆေးနည်းဖြင့် စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်နိုင်သောအမှု၊ သာမန်မှုစစ်ဆေးနည်းဖြင့် စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်နိုင်သောအမှုများကို မှားယွင်းစစ်ဆေးပြစ်ဒဏ်ချမှတ်ခြင်း၊
( င ) လုပ်ထုံးလုပ်နည်းကိုကျော်လွန်သော အမှားအယွင်းများ (Serious Procedural Errors)၊
( စ ) စွဲချက်ကို ပြည့်ပြည့်စုံစုံ မရေးသွင်းခြင်းတို့ဖြစ်ပါတယ်။
တရားမမှုများတွင်-
(က) စီရင်ပိုင်ခွင့်မရှိဘဲ စီရင်ခြင်း၊
( ခ ) ဒီကရီ မရေးဆွဲခြင်း၊
( ဂ ) ဇာရီမှုများတွင် ပစ္စည်းအပ်ဝရမ်းထုတ်သည့်အခါ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်မညီညွတ်ခြင်း၊
(ဃ) ထုတ်သင့်သောငြင်းချက်ကိုမထုတ်ဘဲ မထုတ်သင့်သောငြင်းချက်ကိုထုတ်ခြင်း၊
( င ) လုပ်ထုံးလုပ်နည်းကိုကျော်လွန်သော အမှားအယွင်းများ (Serious Procedural Errors) တို့ဖြစ်ပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများ ကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၈.၁၀.၂၀၁၀ ရက်နေ့ တွင် နိုင်ငံတော်အေးချမ်းသာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် (၂၀/၂၀၁၀) ဖြင့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) နှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ၊ ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများကို ဖွဲ့စည်းခဲ့ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့အရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးဖြစ်ပြီး၊ နိုင်ငံတော်အတွင်း မှာရှိသည့် တရားရုံးအားလုံးကိုကြီးကြပ်ကွပ်ကဲပါကြောင်း၊ တရားစီရင်ရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း ပြီး တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော်များသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန် ချက်နှင့်အညီ မိမိစီရင်ပိုင်ခွင့်အတွင်းရှိ တရားရုံးများကိုလည်းကောင်း၊ ခရိုင်တရားရုံးများသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော်၏ လမ်းညွှန်ချက် နှင့်အညီ မိမိစီရင်ပိုင်ခွင့်အတွင်းရှိ မြို့နယ်တရားရုံးများကိုလည်းကောင်း အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲပါ ကြောင်း၊ တရားစီရင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရာတွင် လက်ရှိအခြေ အနေနှင့် ကိုက်ညီမှု ရှိသည့် ယခင်တရားရုံးချုပ်က ထုတ်ပြန်ခဲ့သောညွှန်ကြားချက်များကို လိုက်နာသည့်အပြင် လိုအပ် သည့် ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ဆောင်ရွက်ပါကြောင်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် တရားသူကြီးများ၏ တရားစီရင်ရေးမှားယွင်းမှုအပြင် ကျင့်ဝတ်၊ စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ အားနည်းခြင်းတို့ကိုလည်း သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၂၅ ခုနှစ်အတွင်း ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ လုပ်ထုံးလုပ်နည်းမလိုက်နာခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်း၊ တရားစီရင်ရေးမှားယွင်းခြင်းတို့အတွက် တရားရေး အရာရှိ တရားသူကြီး ၃၀ ဦးနှင့် ရုံးဝန်ထမ်း ၁၃၄ ဦး စုစုပေါင်း ၁၆၄ ဦးတို့အား သတိပေးခြင်း၊ နှစ်တိုးလစာရပ်ဆိုင်းခြင်း၊ ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်း အဖြစ်မှ ထုတ်ပစ်ခြင်းဖြင့် အသီးသီးအရေးယူခဲ့ပါကြောင်း နှင့် ယခင် တရားရုံးချုပ်၏ ညွှန်ကြားစာအပြင် အခြားတည်ဆဲညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။