တရားရုံးများရှိ Complaint Box များမှ တင်ပြစာများကို အရေးယူဆောင်ရွက်ရန်အတွက် သီးခြား စိစစ်ရေးအဖွဲ့များဖွဲ့စည်းခြင်းကို မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် တရားရုံးများ၌ ထားရှိသော Complaint Box များထဲရှိ တင်ပြတိုင်ကြားစာ မျာ အား စိစစ်ရေးအဖွဲ့များထားရှိပြီး ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ် ရှိ /မရှိကို မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ တရားရုံးများတွင် တရားမျှတမှုရရှိရေး၊ ပြည်သူများ၏ တရားရုံးအပေါ် ယုံကြည်မှု တိုးမြှင့်လာစေရေးနှင့် တရားရုံးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တရားရုံးအသီးသီးတွင် ပြည်သူများ၏အခက်အခဲတိုင်ကြားချက်များ၊ အကြံပြုချက်များကို တင်ပြ နိုင်ရန် Complaint Box များထားရှိပေးခြင်းသည် အရေးကြီးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ သို့သော် ၎င်း Complaint Box အတွင်းသို့ ပြည်သူများက တင်ပြတိုင်ကြားထားသည့်စာများကို မည်သည့်အဖွဲ့က စနစ်တကျဖွင့်ဖောက်စိစစ်မည်၊ မည်သည့်အကြောင်းအရာများကို သက်ဆိုင်ရာ ဌာန သို့ လွှဲပြောင်းပေးမည်၊ မည်သည့်ကာလအတွင်း တုံ့ပြန်ဆောင်ရွက်ပေးမည်ဆိုသည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတိကျစွာသတ်မှတ်ထားခြင်းမရှိပါက Complaint Box ထားရှိခြင်းသည် ရည်ရွယ်ချက်ပြည့်မီရန် အခက်အခဲရှိနိုင်ပါကြောင်း၊ ပြည်သူများ လွတ်လပ်စွာတင်ပြလိုသည့်ကိစ္စရပ် များကို ပုံမှန်ဖွင့်ဖောက်စိစစ်ပြီး အရေးကြီးသည့်ကိစ္စရပ်များကို သက်ဆိုင်ရာသို့ အချိန်မီတင်ပြနိုင်ရန် အတွက် တရားရုံးအဆင့်လိုက် သီးခြားစိစစ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိပေးရန်လိုအပ်မည်ဟု ယူဆ မိပါကြောင်း၊ ၎င်းစိစစ်ရေးအဖွဲ့များဖွဲ့စည်းရာတွင် Complaint Box များကို သတ်မှတ်ကာလအလိုက် ဖွင့်ဖောက်စိစစ်ခြင်း၊ တင်ပြစာများကို အမျိုးအစားခွဲခြား၍ မှတ်တမ်းတင်ထားရှိခြင်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများထံ အချိန်မီလွှဲပြောင်းပေးခြင်း၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြန်လည် စိစစ်ခြင်း၊ ထပ်မံလိုအပ်သည့်ကိစ္စရပ်များကို အထက်အဆင့်ဆင့်သို့တင်ပြခြင်း စသည်တို့ကို စနစ်တကျ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် သက်ဆိုင်ရာပြည်ထောင်စုအဖွဲ့အစည်းအနေဖြင့် တရားရုံးအသီးသီးရှိ Complaint Box များတွင် ပြည်သူများ၏တင်ပြစာများကို ပုံမှန်ဖွင့်ဖောက်စိစစ်ပြီး လိုအပ်သည့်အရေးယူ ဆောင်ရွက်မှု ပြုလုပ်ပေးနိုင်ရန်အတွက် သီးခြားစိစစ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိပေးရန် အစီအစဉ် ရှိ /မရှိနှင့် အစီအစဉ် မရှိသေးပါက ပြည်သူများ၏တင်ပြချက်များကို ထိရောက်စွာ ဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်အတွက် အဆိုပါစနစ်ကို မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး၊ ဒေါ်သင်းသင်းချို က
တရားရုံးများတွင် တရားမျှတမှုရရှိရေး၊ တရားရုံးအပေါ် ယုံကြည်မှုတိုးမြှင့်လာစေရန်နှင့်တရားရုံးလုပ်ငန်းများ ပိုမိုထိရောက် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တရားရုံးအသီးသီးတွင် ပြည်သူများ၏ အခက်အခဲ၊ တိုင်ကြားချက်များ နှင့် အကြံပြုချက်များကိုတင်ပြနိုင်ရန် Complaint Box စုစုပေါင်း ၃၉၆ လုံး ထားရှိပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂-၆-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၄၅/၂၀၂၅) ဖြင့် တရားစီရင်ရေးဆိုင်ရာနယ်ပယ်တွင် အဂတိကင်းရှင်းစွာဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏ လိုအပ်ချက်များ ပိုမိုပြည်စုံကောင်းမွန်စွာ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရန်ရည်ရွယ်လျက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦး ပါဝင်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း။
Complaint Box ဖွင့်ဖောက်စစ်ဆေးရန်အတွက် စိစစ်ရေးအဖွဲ့ဖြင့် ပုံမှန်ဖွင့်ဖောက် စစ်ဆေးရန် ဆောင်ရွက်ထားရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (CPU) အတွင်းရေးမှူး ဦးဆောင်သည့် စိစစ်ရေးအဖွဲ့ဖြင့် Complaint Box မှတစ်ဆင့် တင်ပြလာသည့်စာများကို အပတ်စဉ်တနင်္လာနေ့တိုင်း ဖွင့်ဖောက်စစ်ဆေးပြီး ဝင်စာမှတ်ပုံတင် ရေးသွင်း၍ အဂတိငွေကြေးနှင့်ဆိုင်သောတိုင်ကြားစာ၊ ရုံးအမည်၊ တရားသူကြီး အမည်၊ ဝန်ထမ်း အမည်ဖြင့် တိုက်ရိုက်တိုင်ကြားစာ၊ ယေဘုယျတိုင်ကြားစာ၊ တရားရုံးဝန်ဆောင်မှု များနှင့်စပ်လျဉ်း သည့် အကြံပြုစာဟူ၍ အဆင့် ၄ မျိုး ခွဲခြားဆောင်ရွက်ထားပါကြောင်း၊ တင်ပြစာများကို စိစစ် ပြီးနောက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လိုအပ်ပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရှေးဦးစုံစမ်းရေးအဖွဲ့ သို့မဟုတ် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်၍ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ဆောင်ရွက်ပြီး စစ်ဆေးပေါ်ပေါက်ချက်နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စီမံခန့်ခွဲရေးကော်မတီ၏ အဆုံးအဖြတ်ခံယူဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းဒေသကြီးပြည်နယ်တရားလွှတ်တော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးအသီးသီး၌ထားရှိသော Complaint Box မှတစ်ဆင့် တင်ပြလာသည့်စာများကိုလည်း တာဝန်ပေးအပ်ထားသည့် သက်ဆိုင်ရာတရားရုံးကြီးကြပ်သူ အရာရှိ ဦးဆောင်သည့် စိစစ်ရေးအဖွဲ့က အထက်ပါအတိုင်း ဖွင့်ဖောက်စစ်ဆေးပြီး ဝင်စာမှတ်ပုံတင် ရေးသွင်းကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လိုအပ်ပါက အထက်အဆင့်ဆင့်သို့ တင်ပြလမ်းညွှန်မှုခံယူပြီး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံး အသီးသီး၌ထားရှိသော Complaint Box များမှ ပြည်သူများ၏ တင်ပြစာများကို ပုံမှန် ဖွင့်ဖောက် စိစစ်ပြီး လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါ သည်။