ကြိုးဖုန်းဆက်သွယ်မှုများ မပြတ်တောက်စေရေးစီမံပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် ဟန်းဖုန်းပေါများလာပြီးနောက် ကြိုးဖုန်းများ၏ ဆက်သွယ်မှုကဏ္ဍ မှေးမှိန် လာပြီး ကြိုးဖုန်းဆက်သွယ်မှုသည် မကြာခဏပြတ်တောက်လျက်ရှိပါကြောင်း၊ ဖုန်းဆက်နေရင်းနှင့် ဖုန်းက ပြတ်သွားပါကြောင်း၊ ထိုသို့ ပြတ်တောက်သဖြင့် Complain လုပ်လျှင် ပြန်ပြီးဆက်ပေးသော် လည်း တစ်ပတ်လောက်နေလျှင် ပြန်ပြတ်ပါကြောင်း၊ ခဏခဏပြတ်နေသဖြင့် စိတ်ညစ်သွားပြီး Customer ဖုန်းပိုင်ရှင်မှ မပြောတော့ဘဲ တဖြည်းဖြည်းကြိုးဖုန်းများက မေ့ပျောက်သလို ဖြစ်သွားပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ကြိုးဖုန်း၊ လိုင်းဖုန်းသည် ၁၈၀,၀၀၀ ကျော်လောက်ရှိသည်ဟု သိရှိရပါ ကြောင်း၊ မိမိတို့ဆိုလျှင် ဟန်းဖုန်းများမပေါ်ခင်က ကြိုးဖုန်းသည် PCO နှင့် ဆက်ရပါကြောင်း၊ ဥပမာ ရန်ကုန်ဆိုလျှင် 01၊ မန္တလေးဆိုလျှင် 02၊ တောင်ကြီးဆိုလျှင် စသည်ဖြင့် ရှေ့ကကုဒ်များကို မေ့သည့် နေအထားဖြစ်သွားပါကြောင်း၊ သို့သော် အစိုးရဌာနဆိုင်ရာရုံးများတွင် ကြိုးဖုန်းဆက်သွယ်ရေးသည် ယခုအချိန်ထိ ကောင်းမွန်လျက်ရှိသေးပါကြောင်း၊ သို့သော် တန်ဖိုးကြီးပေးပြီးဝယ်ထားသည့် အိမ်များရှိ ကြိုးဖုန်းများသည် မသုံးရသလောက်ဖြစ်နေပါကြောင်း၊ ထိုအခန်းကဏ္ဍသည် ထို Sector ကြီးတစ်ခုလုံး မေ့လျော့ခံနေရသည့် Sector ကြီးတစ်ခုလိုဖြစ်နေခြင်းသည် မသင့်လျော်ဘူးဟု မိမိမြင်ပါကြောင်း၊ ပြီးခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်တုန်းက ဟန်းဖုန်းများ ခေတ္တပြတ်တောက်သွားပါကြောင်း၊ ထိုအချိန် တွင် ကြိုးဖုန်းများသည် ထူးခြားစွာနှင့် ဆက်သွယ်လို့၍ ရနေသည်ကို တွေ့ရပါကြောင်း၊ ဆက်သွယ်ရေးကဏ္ဍသည် အရေးပါသည်ကို မိမိအနေဖြင့် တင်ပြလိုပါကြောင်း၊ ထို့ကြောင့် နိုင်ငံ တစ်ဝန်းရှိ ကြိုးဖုန်းပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်များသည် ၎င်းတို့၏ကြိုးဖုန်းများကို ဆက်သွယ်မှု ကောင်းမွန်စေရန်အတွက် မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က
တယ်လီဖုန်းကဏ္ဍနှင့်စပ်လျဉ်း၍ Alexander Graham Bell က ၁၈၇၆ ခုနှစ်တွင် တယ်လီဖုန်းကို စတင်တီထွင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၈၈၄ ခုနှစ်မှစ၍ တယ်လီဖုန်းဝန်ဆောင်မှုများ ပေးနိုင်ခဲ့ ပါကြောင်း၊ ရန်ကုန်တွင် လိုင်း ၁,၃၀၀ ခန့်ရှိခဲ့ပါကြောင်း၊ ၁၉၃၇ ခုနှစ်တွင် မြို့ ၅ဝ ကိုဆက်သွယ် နိုင်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် လိုင်းပေါင်း ၁၅,၀၀ဝ ခန့်အထိရှိလာခဲ့ပါကြောင်း၊ ၁၉၈၅ ခုနှစ်မှစတင်၍ Time Division Multiplex စနစ်သုံး ဒီဂျစ်တယ်အိတ်ချိန်းများ တိုးချဲ့ခဲ့ပါကြောင်း၊ ၁၉၈၇ ခုနှစ်တွင် အိတ်ချိန်း ၂၄၃ ခုနှင့် တယ်လီဖုန်းလိုင်း ၇၃,၀၀၀ ခန့်အထိရှိလာခဲ့ပါကြောင်း၊ ၂၀၀၅ ခုနှစ်တွင် System 12 စနစ်သုံးအိတ်ချိန်း စုစုပေါင်း ၈၄၈ ခုနှင့် တယ်လီဖုန်းလိုင်းပေါင်း ၄၈၂,၀၀၀ ခန့်အထိ ရှိခဲ့ပါကြောင်း။
၂၀၁၆ ခုနှစ်တွင် Internet Protocol(IP) စနစ်အခြေခံသည့် ဘက်စုံသုံး အိတ်ချိန်း Multi Service Access Node (MSAN) အိတ်ချိန်းများဖြင့် တယ်လီဖုန်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ထိုစဉ်က MSAN အိတ်ချိန်း ၆ ခုနှင့် တယ်လီဖုန်းလိုင်း ၂,၄၀၀ နှင့် စတင်ဝန်ဆောင်မှု ပေးခဲ့ရာ ၂၀၂၅ ခုနှစ်တွင် MSAN အိတ်ချိန်း ၁,၀၈၁ ခုနှင့် တယ်လီဖုန်း လိုင်း ၄၃၀,ဝ၀ဝ ခန့်အထိရှိလာ ခဲ့ပါကြောင်း၊ ယခုအခါ မိုဘိုင်းဆက်သွယ်ရေးစနစ်များ ပိုမိုကောင်းမွန်လာပြီး လွယ်ကူစွာ အသုံးပြု လာနိုင်သည့်အတွက် အော်တိုတယ်လီဖုန်းသုံးစွဲမှုများ သိသိသာသာ နည်းပါးလာခဲ့ပါကြောင်း၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဒီဂျစ်တယ်အော်တိုအိတ်ချိန်းကို ၂၀၁၀ ခုနှစ်တွင် စတင်တပ်ဆင် ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဘက်စုံသုံးအိတ်ချိန်း MSAN ဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ အိတ်ချိန်းမှ တယ်လီဖုန်းသုံးစွဲသူ ၁၈၄ ဦးရှိပြီး ဝန်ဆောင်မှုများကို ပေးလျက်ရှိပါကြောင်း၊ ကြေးကြိုးကေဘယ်လ်တွေသက်တမ်းသည် ၁၅ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သော ကြောင့် လျှပ်ကူးအရည်အသွေးတွေနိမ့်ကျပြီး ကြေးကြိုး၏ကြံ့ခိုင်မှုများလည်း လျော့နည်းလာခဲ့ပါ ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အော်တိုတယ်လီဖုန်းလိုင်းချို့ယွင်းမှုများကို ထိန်းသိမ်း ပြုပြင်ရာတွင် ကျွမ်းကျင်လုပ်သားရရှိနိုင်မှုနှင့် တခြားကန့်သတ်ချက်များရှိလာခဲ့ပါကြောင်း၊ တယ်လီဖုန်း လိုင်းများ ပြန်လည်ကောင်းမွန်ရန် ပြုပြင်ရာတွင် ကြန့်ကြာမှုများ တွေ့ကြုံနေရသော်လည်း ထိန်းသိမ်း ပြုပြင်ခြင်းနှင့် ဝန်ဆောင်မှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဖိုက်ဘာကေဘယ်လ်နှင့် ဒီဂျစ်တယ်စနစ်ကိုအခြေခံထားသည့် Optical Line Terminal (OLT) စနစ်သုံးတယ်လီဖုန်းလိုင်းတွင် အော်တိုတယ်လီဖုန်းလိုင်းနှင့်အတူ Fiber to the Home (FTTH)စနစ်ကိုလည်း တစ်ပြိုင်နက်အသုံးပြုလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လက်ရှိအသုံးပြုလျက် ရှိသည့် ကြေးကြိုးကွန်ရက်သုံး ဘက်စုံသုံးအိတ်ချိန်း Multi Service Access Node(MSAN)စနစ်ကို OLT စနစ်နှင့် အစားထိုးတပ်ဆင်ဆောင်ရွက်နိုင်ကြောင်းလည်း တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တွင် MSAN စနစ်အသုံးပြုထားသည့် အော်တိုတယ်လီဖုန်းစနစ်မှ ချို့ယွင်း လျက်ရှိသည့် ကြေးကြိုးကေဘယ်လ်များကို လဲလှယ်ရန် ကုန်ကျမှု OLT စနစ်ကို အပိုင်းလိုက် လဲလှယ်သွားရန်အတွက် ကုန်ကျမှုနှင့် OLTစနစ်ဖြင့် အလုံးစုံလဲလှယ်ရန်ကုန်ကျမှုတို့ကို အသေးစိတ်နှိုင်းယှဉ်တွက်ချက်ပြီး အကောင်းဆုံးနည်းလမ်း အသုံးပြု၍ အော်တိုတယ်လီဖုန်းလိုင်း ကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် အော်တိုတယ်လီဖုန်းစနစ်ကို အသုံးပြုမှုနည်းပါးလာသော်လည်း သုံးစွဲသူပြည်သူများ ဆက်သွယ်မှုအဆင်ပြေစေရန် ဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ခေတ်နှင့်အညီ ပေါ်ထွန်းလာသည့် ဆက်သွယ်ရေးနည်းပညာများ အသုံးပြုပြီး တယ်လီဖုန်း ဆက်သွယ်မှုများ မပြတ်တောက်စေရေး ပိုမိုကောင်းမွန်သည့်စနစ်များဖြင့် ဝန်ဆောင်မှု များပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။