MY EN

(စ)- ဦးစိုင်းထွန်းလင်း(မိုးနဲမဲဆန္ဒနယ်)

2026-11-06
တတိယအကြိမ်
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးစိုင်းထွန်းလင်း (မိုးနဲ မဲဆန္ဒနယ်) ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

ကျိုင်းတောင်းမြို့နှင့် မြို့ကိုဆက်သွယ်ထားသော ဆက်သွယ်ရေးကွန်ရက်များ ပိုမိုကောင်းမွန်စေရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအချက်အနေဖြင့် တင်ပြလိုသည်မှာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြိုနယ်၊ ကျိုင်းတောင်းမြို့တွင် ဆက်သွယ်ရေးဖုန်းလိုင်းများကို စတင်အသုံးပြုလာသည်မှာ ယခုဆိုလျှင် ၁၀ နှစ်ကျော်ခန့်ရှိပြီဖြစ်သောလည်း ယနေ့အချိန်အထိ ဒေသခံပြည်သူ များသည် ဆက်သွယ်ရေး လိုင်း များကို အဆင်ပြေပြေချောချောမွေ့မွေ့ အသုံးပြုနိုင်သည့်အခြေအနေ မျိုးကို မရောက်ရှိပါကြောင်း၊  လိုင်းမကြည်လင်ခြင်း၊ မကြာခဏဖုန်းလိုင်းပြတ်တောက်ခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေ ရဆဲဖြစ်ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် အင်တာနက်လိုင်းများကို ဆန်းစစ်ကြည့်မည်ဆိုလျှင် လည်း MyTel ဖုန်းလိုင်းတစ်ခုတည်းကိုသာ အသုံးပြုနိုင်သည့် အခြေအနေရှိ၍ ၎င်းလိုင်းသည် လည်း အလွန်ကိုနှေးကွေးသည့်အတွက် ဒေသခံများ၏ နေ့စဉ် ဆက်သွယ်ရေး၊ ကျောင်းသား ကျောင်းသူများ၏ Online Learning မှတစ်ဆင့် လေ့လာ သင့်ယူမှု၊ ဒေသတွင်းစီးပွားရေး လုပ်ငန်း များနှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများတွင် များစွာအဟန့်အတား ဖြစ်ပေါ်လျက်ရှိ နေပါကြောင်း။

တတိယအချက်အနေဖြင့်လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း Wifi နှင့် အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ရည်ရွယ်၍ ခိုလမ်မြို့မှ ကျိုင်းတောင်းမြို့ အထိ တူးမြောင်းငယ်လေးများတူးဖော်၍ Cable ကြိုးများကို သွယ်တန်းပြီးစီးခဲ့သော်လည်း ကိုးလကျော် ကြာမြင့်လာသည့်အထိ ဘာတစ်ခုမျှတိုးတက်ပြောင်းလဲလာသည်ကို မတွေ့ရှိဘဲ ဆက်သွယ်ရေး အခက်အခဲ များကို ကြုံတွေ့နေရဆဲပင်ဖြစ်ပါကြောင်း၊ ဒုတိယပုံမှန်အစည်းအဝေးပြီးဆုံပြီးနောက်  မိမိ၏မဲဆန္ဒ နယ်ထဲတွင် ပါဝင်သည့် ကျိုင်းတောင်းမြို့မှ ပြည်သူလူထုများနှင့် မိမိသွားရောက် တွေ့ဆုံ သည့် အချိန်တွင်  ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုအခြေအနေမှန်ကို မိမိကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပါကြောင်း၊ လက်ကိုင်ဖုန်းရှိပါလျက်နှင့် ဖုန်းလိုင်းသည်မကောင်းပါသဖြင့် ဆက်သွယ်လို့ အဆင်မပြေခဲ့ပါကြောင်း၊ ထိုကာလအတွင်း အင်တာနက်လိုင်းလည်း ပြတ်တောက် ပါသဖြင့် Facebook ၊ Viber ၊ Telegram နှင့် Youtube စသည့်  ဆက်သွယ်ရေးဆိုင်ရာ Application များကို တစ်ခုမှသုံးလုံးမရသည့်အတွက် မြို့ပေါ်တွင်နေနေရသော်လည်း ကမ္ဘာကြီးနှင့် အဆက်အ သွယ်ပြတ် ပြီး တောကြီးမျက်မည်းထဲရောက်သွားသကဲ့သို့ ဆိုးဆိုးရွားရွား ခံစားခဲ့ရပါကြောင်း။

ကျိုင်းတောင်းမြို့တွင်ရှိသည့် ပြည်သူများအတွက် အရေးကြီးသည့်ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ကောင်းမွန်မြန်ဆန်လာစေရန်အတွက် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ၊ ခိုလမ်မြို့နှင့်ကျိုင်းတောင်းမြို့ကို ဆက်သွယ်ထားသည့် Cable ကြိုးလိုင်းများမှ တစ်ဆင့် ဆက်သွယ် ရေးကွန်ရက် ပိုမိုကောင်းမွန်လာစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ၊ အကယ်၍ အစီအစဉ်ရှိမည်ဆိုလျှင် မည်သည့်အချိန်၊ မည်သည့်ကာလ၊ မည်သည့် ဘဏ္ဍာရေးနှစ်များတွင် လုပ်ငန်းစတင်ဆောင်ရွက်နိုင်မည်ကို  မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က        မိုးနဲမြို့နယ်အတွင်းရှိ ကျိုင်းတောင်းမြို့သည် မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်ရှိ၍ လူဦးရေ အားဖြင့် ၈,၆၈၇ ဦး ခန့်ရှိပါကြောင်း။

ကျိုင်းတောင်း မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းစခန်း ၁ ခု ၊ Atom မှ မိုဘိုင်းစခန်း ၁ ခု နှင့် Mytel မှ မိုဘိုင်းစခန်း ၂ ခု စုစုပေါင်း မိုဘိုင်းစခန်း ၄ ခု တည်ဆောက် တပ်ဆင်၍ဆက်သွယ်ရေးဝန်ဆောင်မှု များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးရာတွင် Mytel ၏ မိုဘိုင်းစခန်း ၂ ခုတွင် မိုက္ကရိုဝေ့ဗ် အဝေးဆက်သွယ် ရေးဆက် ကြောင်းဖြင့် ချိတ်ဆက်၍ ဆက်သွယ်ရေး၀န်ဆောင်မှုများရရှိအောင် ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း၊  မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဆက်သွယ်ရေးစခန်း ၁ ခုတွင် ဂြိုဟ်တု ဆက်သွယ်ရေးစနစ်ဖြင့် တည်ဆောက်ထား၍ တယ်လီဖုန်းခေါ်ဆိုရန်အတွက် 2.4 မီတာ C-Band အင်တာနာ ၁ ခု၊ အင်တာနက်ဝန်ဆောင်မှုအတွက် 1.2 မီတာ Ku-Band အင်တာနာ ၁ ခုတပ်ဆင်၍ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ATOM ၏ မိုဘိုင်းစခန်း ၁ ခုတွင် ဂြိုဟ်တု ဆက်သွယ်ရေးစနစ်ဖြင့် တယ်လီဖုန်းခေါ်ဆိုရန်အတွက် 2.4 မီတာ C-Band အင်တာနာ ၁ ခု တပ်ဆင်၍ ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။

Mytel အနေနှင့် မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းဖြင့် ချိတ်ဆက်ထားသည့်အတွက် တယ်လီဖုန်း ခေါ်ဆိုမှုနှင့် အင်တာနက်ဝန်ဆောင်မှုကို ရရှိအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ATOM အနေဖြင့် ဂြိုဟ်တုဆက်သွယ်ရေးဆက်ကြောင်းဖြင့် ချိတ်ဆက်အသုံးပြုထားသည့်အတွက် တယ်လီဖုန်းခေါ်ဆိုမှု ကိုသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဂြိုဟ်တုဆက်သွယ် ရေးဆက် ကြောင်းဖြင့် တယ်လီဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်ဝန်ဆောင်မှုများရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပေမယ့် နည်းပညာပိုင်းအရ 3G အဆင့်ရှိ အင်တာနက်ဝန်ဆောင်မှုကိုသာ ရရှိအသုံး ပြုနိုင်မည် ဖြစ်ပါကြောင်း၊ ရာသီဥတုဆိုးရွားသည့်အချိန်တွင်  ရံဖန်ရံခါ တယ်လီဖုန်းလိုင်း မကြည်လင်ခြင်းနှင့် ခေတ္တလိုင်းပြတ်တောက်ခြင်း များလည်း ဖြစ်ပေါ်နိုင်ပါကြောင်း။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၆ခုနှစ်တွင် ကျိုင်းတောင်းမြို့၏ မိုဘိုင်း ဆက် သွယ်မှု ရရှိရန် စတင်ဆောင်ရွက်ရာတွင် ထိုအချိန်သည် မိုက္ကရိုဝေဖ့်အဝေးဆက်ကြောင်း ဖြင့်တည်ဆောက် ချိတ်ဆက်ရန်ခက်ခဲသည့်အတွက်ကြောင့် ဂြိုဟ်တုဆက်သွယ်ရေးဆက်ကြောင်းဖြင့် ချိတ်ဆက်အသုံးပြုရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါတွင် Mytel အနေဖြင့် မိုက္ကရိုဝေ့ဗ်အ ဝေးဆက် ကြောင်းဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေရာမှ ဖိုင်ဘာကေဘယ်ဆက်ကြောင်းဖြင့် ဝန်ဆောင် မှုပေးနိုင်ရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ Mytel မှ ကျိုင်းတောင်းမြို့နယ်ရှိပြည်သူများ ဆက်သွယ်မှု ပိုမိုကောင်းမွန်စွာ ရရှိအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ခိုလမ်မှကျိုင်းတောင်းသို့ မြေအောက်ဖိုင် ဘာကေ ဘယ်လ်ဆက်ကြောင်း ၅၈ ကီလိုမီတာ ချခင်းတည်ဆောက်ခြင်းသည် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါ ကြောင်း။

အဆိုပါဆက်ကြောင်းမှ ကျိုင်းတောင်းမြို့ရှိ မိုဘိုင်းစခန်းအမှတ် (SHN0893) သို့ ဖိုင်ဘာ ဆက်ကြောင်းဖြင့် ပြောင်းလဲချိတ်ဆက်ခြင်းဆောင်ရွက်ရာ၌  ၂ဝ၂၆ ခုနှစ်၊ စက်တင်ဘာလတွင် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် အောက်တိုဘာလမှစတင်၍ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး Mytel အသုံးပြုသူများအနေဖြင့် တယ်လီဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် ဝန်ဆောင်မှုများကို ရရှိအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊  ထို့အပြင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် ATOM တို့၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကိုလည်း အပြည့်အဝရရှိစေရန် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။