မြိုတ်မြို့၊ မြို့မဈေးကြီးအား ပြန်လည်တည်ဆောက်ပေးရန်နှင့် မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းရေးစနစ်များ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တနင်္သာရီတိုင်းဒေသကြီးသည် မြိတ်မြို့၏အဓိကစီးပွားရေး ဗဟိုအချက် ဖြစ်သော မြိတ်မြို့၊ မြို့မဈေးကြီးအား ခေတ်မီအဆင့်မီဈေးကြီးအဖြစ် ပြန်လည်တည်ဆောက် ပေးရန်၊ မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းရေးစနစ်အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့်စပ်လျဉ်း၍ မေးခွန်းမေးမြန်းလိုပါကြောင်း။
ဈေးကော်မတီ၏ဖိတ်ကြားချက်အရ လွှတ်တော်နားချိန်တွင် စည်ပင်ဝန်ကြီး နှင့်အတူ မြိတ်မြို့၊ မြို့မဈေးသို့ သွားရောက်ခဲ့ပါကြောင်း၊ မြိတ်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၏ အဓိက စီးပွားရေး မြို့တော်တစ်ခုဖြစ်ပါကြောင်း၊ မြိတ်မြို့သည် မြန်မာနိုင်ငံ(တောင်ပိုင်း)၊ တနင်္သာရီတိုင်း ဒေသကြီး၏ အဓိကစီပွားရေး မောင်းနှင်အားဖြစ်ပြီး ဒေသအတွင်း သာမက တစ်နိုင်ငံလုံး အတိုင်း အတာအထိ အရေးပါသည့်စီးပွားရေး မြို့ကြီးတစ်မြို့လည်းဖြစ်ပါကြောင်း၊ မြိတ်မြို့သည် ရေလုပ်ငန်းနှင့် ပင်လယ်စာပို့ကုန် ဗဟိုကြီးလည်းဖြစ်ပြီး ငါး၊ ပုစွန်၊ ကဏန်း၊ ပြည်ကြီးငါး၊ ကျောက်ပုစွန်စသည့် ပင်လယ်စာများ သဘာဝအတိုင်းဖမ်းဆီးရရှိသည့်အပြင် ခေတ်မီ မွေးမြူရေး စနစ်အဖြစ်လည်း အကြီးအကျယ်မွေးမြူထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင်လည်း အဓိကအရေးပါသော လမ်းကြောင်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ပင်လယ် ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းမှတစ်ဆင့် ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်ပါ ကြောင်း၊ မြိတ်မြို့သည် ခရီးသွားလုပ်ငန်းအတွက် လှပဆန်းပြားပြီး သဘာဝအတိုင်း အပျက်စီးမရှိ သေးသည့် မြိတ်ကျွန်းစုသို့ဝင်ရောက်ရာ အဓိကတံခါးပေါက်မြို့ကြီးတစ်မြို့လည်းဖြစ်ပါကြောင်း။
မြိတ်မြို့၊ မြို့မဈေးကြီးကို ၁၉၃၉-၁၉၄၀ ပြည့်နှစ်ခန့်တွင် စတင်တည်ဆောက်ခဲ့ပြီး A ရုံ၊ B ရုံ၊ C ရုံ၊ အမဲသားရုံ၊ ဆိတ်သားရုံ၊ ငါးရုံများဖြင့် ဆောက်လုပ်ခဲ့ပါကြောင်း၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီး သောကြောင့် ဆက်လက်ဆောက်လုပ်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ဈေးကြီးတွင် A ရုံ၊ B ရုံတို့သည် ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရပြီး ပြည်တော်သာခေတ်ရောက်မှသာ မြူနယ်စီပယ်အဖွဲ့မှ နိုင်ငံတော် အစိုးရထံမှ ငွေ ၁၀ သိန်း ချေးပြီး ပြန်လည်ဆောင်ရွက်ခဲ့သည့်အတွက် နှစ်ပေါင်း ၈၀ ကျော် ရှိသွားပြီဖြစ်ပါကြောင်း၊ ဈေးအတွင်းဆိုင်ခန်းပေါင်း ၇၇၀ ခန့်ရှိ၍ ရောင်းချသူ ၁,၀၀၀ ကျော်ခန့်ရှိပြီး အလွန်စည်ကားသည့် ဈေးကြီးလည်းဖြစ်ပါကြောင်း၊ ဈေးကြီးသည် အလျား ၃၈၆ ပေနှင့် အနံ ၁၇၀ ပေရှိပြီး အလွန်ဟောင်းနွမ်း ပျက်စီးလျက်ရှိပါကြောင်း၊ အမိုး၊အကာများ ၊ ကြမ်းခင်းများ ပျက်စီးခြင်း၊ မီးဘေးလုံခြုံမှုအားနည်းခြင်း၊ ဈေးအတွင်း ရေဆိုးမြောင်းများပိတ်ဆို့ခြင်းများ တွေ့ရှိနေရပါကြောင်း၊ ၎င်းမြို့မဈေးကြီးသည် တနင်္သာရီမြို့၊ ကျွန်းစုမြို့၊ ပုလောမြို့၊ ဘုတ်ပြင်းမြို့ နှင့် ကော့သောင်းမြို့တို့မှ လာရောက်၍ ရောင်းသူဝယ်သူများနှင့် စည်ကားသောမြို့ ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ အဓိကစီးပွားရေးဗဟိုချက်ဖြစ်သော မြိတ်မြို့၊ မြို့မဈေးကြီးအား ခေတ်မီအဆင့်မြင့်ဈေးကြီးအဖြစ် ပြန်လည်တည်ဆောက်ပေးရန်၊ မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းရေးစနစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ /မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းဖြင့် မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးခင်မောင်လတ် က
မြိတ်မြို့၊ မြို့မဈေးကြီးသည် ဧရိယာ ၁၂၄,၉၆၀ စတုရန်းပေကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၁,၅၀၃ ခန်းရှိပြီး မြို့မဈေးအား ၁၉၃၉-၁၉၄၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ရာ အလျား ၄၁၀ ပေ၊ အနံ ၃၂၀ ပေရှိပြီး ပျက်စီးယိုယွင်းမှုကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အလျား ၃၈၄ ပေ၊ အနံ ၁၂၈ ပေ အား Steel Structure ဖြင့် အသစ်ပြန်လည်တည်ဆောက်ပေးခဲ့ပြီး ဈေးရုံပတ်လည် အပြင်ဘက်ဆိုင်ခန်းများကိုလည်း ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျန်ရှိသော ဈေးရုံများတွင် အမိုးပြုပြင်ခြင်း၊ ရေတံလျှောက်ပြုပြင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြိတ်မြို့၊ မြို့မဈေးအဆင့်မြှင့်တင်ရန် ကျန်ရှိသည့်အလျား ၃၄၇ ပေ၊ အနံ ၁၇၀ ပေ အား Steel Structure ဖြင့် ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေကျပ် ၄,၈၀၀ သန်း ကုန်ကျမည် ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်မည်ဆိုပါက အပိုင်း(၁) အလျား ၁၂၀ ပေ၊ အနံ ၁၇၀ ပေ၊ အမြင့် ၂၀ ပေ တည်ဆောက်ခြင်းအတွက် ကုန်ကျငွေကျပ် ၁,၆၆၀ သန်း၊ အပိုင်း(၂) အလျား ၁၂၀ ပေ၊ အနံ ၁၇၀ ပေ၊ အမြင့် ၂၀ ပေ တည်ဆောက်ခြင်းအတွက် ကုန်ကျငွေကျပ် ၁,၆၆၀ သန်း၊ အပိုင်း(၃) အလျား ၁၀၇ ပေ x အနံ ၁၇၀ ပေ x အမြင့် ၂၀ ပေ တည်ဆောက်ခြင်းအတွက် ကုန်ကျငွေကျပ် ၁,၄၈၀ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှ စ်တွင် လမ်းလုပ်ငန်း ၁၁ ခု၊ အခြားလုပ်ငန်း ၁၁ ခုအား စုစုပေါင်း ရန်ပုံငွေကျပ် ၂၃၇၉.၃၇ သန်းဖြင့် လျာထားရေးဆွဲပြီးဖြစ်ပါသဖြင့် ဘဏ္ဍာငွေခွဲဝေရရှိမှုအရ မြို့မဈေးကြီးအား ခေတ်မှီ အဆင့်မြှင့် ဈေးကြီးအဖြစ် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း။
မြိတ်မြို့၊ မြို့မဈေးကြီးအတွက် မီးဘေးလုံခြုံရေးစီမံချက်ရေးဆွဲထားရှိပြီး မီးဘေးလုံခြုံရေး ကော်မတီဖွဲ့စည်းထားရှိခြင်း၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာန၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ထားရှိပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ ဝန်ထမ်းများအား စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြိတ်မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ မီးဘေးလုံခြုံရေးအတွက် ဈေးအတွင်း၌ စက်ရေတွင်းတစ်တွင်း၊ ၃၀ ပေ အမြင့် ရေဂါလန် ၅,၀၀၀ ဆံ့ ကွန်ကရစ်ရေစင်တစ်ခုနှင့် ရေဂါလန် ၆၀၀ ဆံ့ မြေစိုက်အုတ်ရေလှောင်ကန်တစ်ကန် တို့အား ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း၊ ဈေးအကျိုးဆောင်အဖွဲ့မှ မီးသတ်ဆေးဘူး 25 Kg ငါးလုံးနှင့် 3 Kg ၃၃ လုံးထားရှိပြီး မီးဘေးကာကွယ်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း၊ မြိတ်မြို့၊ မြို့မဈေးသန့်ရှင်းရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်တစ်စီး၊ လုပ်သားကိုးဦးနှင့် နေ့စဉ်အမှိုက်သိမ်းဆည်းခြင်း၊ 120 Liter အမှိုက်ပုံး ၂၀ လုံးဖြင့် ယာယီအမှိုက်စွန့်ပစ်ရန် နေရာများစီစဉ်ပေးထားခြင်းနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများမရှိစေရေး ပညာပေးဆောင်ရွက်မှုများ ဆောင်ရွက်ပေးထားပြီး ဈေးအတွင်း အပြင် အမှိုက်ကင်းစင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။