MY EN

(ဇ)- ဒေါ်အေးအေးမြင့်[ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်]

2026-11-06
တတိယအကြိမ်
နေပြည်တော်ကောင်စီ
မေးခွန်း
ဒေါ်အေးအေးမြင့် (ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကျန်စစ်သားလမ်းမကြီး၊ ကုန်းဘောင်လမ်းမကြီး၊ မင်းရဲကျော်စွာ လမ်းမကြီးနှင့် အမှတ် (၇) လမ်းမကြီးတို့တွင် လမ်းမီးတိုင်များနှင့် လမ်းမီးများ တပ်ဆင်ပြုပြင်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ယခင်က ကျန်စစ်သားလမ်းမကြီး၊ မင်းရဲကျော်စွာလမ်းမကြီး၊ အနော်ရထားလမ်းမကြီး၊ အမှတ် (၂) လမ်းမကြီးနှင့် အမှတ် (၇) လမ်းမကြီးတို့တွင် လမ်းမီးများတပ်ဆင်ထွန်းညှိပေးခဲ့သည့်အတွက် မြို့နေ ပြည်သူများ အလုပ်ပြန်၊ စက်ရုံပြန်ချိန်များ၊ ညအခါ မလွှဲမရှောင် ခရီးသွားလာရချိန်များတွင် ဘေးအန္တ ရာယ်ကင်းရှင်း၍ လုံခြုံစိတ်ကျေနပ်မှုကို ရရှိစေပါကြောင်း၊ မြို့၏ကျက်သရေကိုလည်း တိုးစေခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါလမ်းမကြီးများတွင် မီးကြိုးများပြတ်တောက်နေခြင်း၊ မီးသီးများ ကျွမ်းနေခြင်း၊ Transformer ပုံးများအခိုးခံရခြင်းများကြောင့် မြို့ပြလို့ ပြောသော်လည်း အမှန်တကယ် အားဖြင့် တောနက် ကြီးတစ်ခုလိုဖြစ်နေပါကြောင်း၊  ကုန်းဘောင်လမ်းမကြီး၊ ဦးဖိုးလှိုင်လမ်းမကြီးနှင့် ကျန်စစ်သားလမ်း မ ကြီး၏အပိုင်းဖြစ်သည့် ဗိုလ်မှူးဗထူးလမ်းမှ ရွှေပေါက်ကံ တံတားအထိ လမ်းမီး တိုင်များ တပ်ဆင် ထားခြင်းမရှိသည်ကိုလည်းတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အမှောင်ထု ကို အားကိုး၍ ဒုစရိုက်မှုကျူး လွန်သူများ၏ အကြိုက်ဖြစ်စေပါကြောင်း။

ကျန်စစ်သားလမ်းမကြီးတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်နေသလို Taxi အငှားကားများ ပြန်ပေးဆွဲသတ်ဖြတ်ကျူးလွန်သူများသည် ကားလာရောက်စွန့်ပစ်မှုများ အမည်မသိအဖွဲ့များမှ လူငယ် များကိုဖမ်းဆီး၍ ကားတင်သွားခြင်းများကြုံနေကြရပါကြောင်း၊ မင်းရဲကျော်စွာလမ်းမကြီးတွင် စက်ရုံ ပြန် အမျိုးသမီးငယ်များ၏ ရွှေ၊ ငွေများ လုယက်ခံရခြင်း၊ လည်ပင်းကိုဓားနှင့်လှီးသည့်လူ့အသက် အန္တရာယ်ကို ထိပါးနှောင့်ယှက်ခံရသည်အထိ ဆိုးရွားစွာကြုံရသည့်အပြင် ဆိုင်ကယ်ဘေးတွဲများ မီးမစုံ ဘဲမောင်းနှင် ကြသည့်အတွက် ဘေးတွဲယာဉ်အချင်းချင်းတိုက်ခိုက်မှုများလည်း မကြာခဏ ဖြစ်ပေါ်လျက် ရှိပါကြောင်း။

အဆိုးရွားဆုံးသည် အမှတ် (၇) လမ်းမကြီး ဖြစ်ပါကြောင်း၊ ခြောက်လမ်းသွား လမ်းမကြီး အဖြစ်ပြုပြင်၍ ထောင်တလုတ်ရပ်ကွက်၏ စိတ်ကျန်းမာရေး ဆေးရုံရှေ့ မျက်စောင်းထိုးတွင်တည်ရှိ၍ လမ်းမီးထိုးရန် Transformer နှင့်မီးကြိုးများပင် အခိုးခံထား ရသည်ဟု သိရှိရပါကြောင်း၊ ညအချိန်တွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို လာရောက်စွန့်ပစ် ကြသည့်အတွက် အဆိုပါ အဘိုး အဘွား များသည် ကြောက်လန့်တကြား စမ်းတဝါးဝါးလမ်းလျှောက် သွားရင်း အရှိန်ပြင်းကားများ တိုက်ခြင်းကိုခံ၍ မည်သူမည်ဝါဖော်မရ တစ်စစီဖြစ်နေသည့် Dead Body များကို မြွေရေခွံအိတ် ဟောင်းများနှင့်ထည့်၍  မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ရေခဲတိုက်သို့ ပိုင်ရှင်မဲ့သေဆုံးသူများ အဖြစ် ပို့ဆောင်ပေးခဲ့ကြောင်း ပရဟိတအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့၏တင်ပြချက်အရ သိရှိရပါကြောင်း၊ အဆိုပါဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းရှိ အဓိကကျသော လမ်းမကြီးများကို လမ်းမီးများအမြန်ဆုံးတပ်ဆင်ပေးပါရန် အစီအစဉ် ရှိ မရှိကို ပြည်သူများဘေးကင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြို့သာယာလှပရေးအတွက် ပြည်သူများ၏ကိုယ်စား မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးခင်မောင်လတ် က 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၁-၄-၂၀၂၅ ရက်မှ   ၃၀-၄-၂၀၂၆ ရက်အထိ  အမှတ် (၇) လမ်းမကြီးတွင် စားဝတ်နေရေးအတွက် အလုပ်လုပ်နေရသော လူငယ်များ စက်ရုံအလုပ်ပြန်ချိန်နောက်ကျသည်ကို အခွင့်အရေးယူ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်း လူပျောက်မှုသော်လည်းကောင်း၊ အသက်ကြီးရွယ်အိုများကို အမှောင်ထုအားကိုး၍ လာရောက်စွန့်ပစ် ခြင်းကြောင့် ကားတိုက်ခံရပြီးသေဆုံးခြင်းဖြစ်စဉ်များသော်လည်းကောင်း ရဲတပ်ဖွဲ့စခန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့တို့ထံသို့  လာရောက်အမှုဖွင့်လှစ်မှုမျိုးမရှိပါကြောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ  လမ်းမကြီးဖြစ်သော ကျန်စစ်သားလမ်းမကြီးတွင် အမှတ် (၂) လမ်းဆုံမှ ကုန်းဘောင်လမ်းအထိ  လမ်းမီးဓာတ်အားလိုင်း တပ်ဆင်ထားနိုင်ခြင်းမရှိသေးပါကြောင်း၊ ကုန်းဘောင်လမ်းမှ ဗိုလ်မှူးဗထူးလမ်း အထိ လမ်းမီးဓာတ်အားလိုင်းများ ချို့ယွင်းမှုကြောင့်အကြီးစားပြုပြင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဗိုလ်မှူးဗထူးလမ်းမှ ရွှေပေါက်ကံတံတားအထိ  လမ်းမီးဓာတ်တိုင်လိုင်းများ တပ်ဆင် ထားခြင်းမရှိသေးပါကြောင်း ကျန်စစ်သားလမ်းမကြီးတစ်လျှောက် အမှတ် (၂) လမ်းဆုံမှ ရွှေပေါက်ကံလမ်း တံတားအထိ လမ်းမီးဓာတ်အားလိုင်း ၃.၈၈ မိုင် တင်ပြ၍ တည်ဆောက်သွားမည်ဖြစ်ပါကြောင်း။ 

ကုန်းဘောင်လမ်းမကြီး၊ ကျန်စစ်သားလမ်းမှ အနော်ရထာလမ်းအထိ  လက်ရှိလမ်းမီးလုံး  ၅၄ လုံး တပ်ဆင်ထားပြီး ဓာတ်အားလိုင်းပျက်စီးနေခြင်း၊ Breaker များချို့ယွင်းနေခြင်းနှင့် လမ်းမီးလုံး ချို့ယွင်းခြင်းများသည် ယခုနှစ်တွင် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ တော်စည် ပင် သာယာရေးကော်မတီမှ မင်းရဲကျော်စွာလမ်းမကြီးတစ်လျှောက် လမ်းတိုးချဲ့ခြင်း ဆောင်ရွက် လျက် ရှိရာ  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ဖြင့်မလွတ် ကင်း သော ဓာတ်အားလိုင်းတိုင်များ ရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်  မင်းရဲကျော်စွာလမ်းမကြီး ဒဂုံတက္ကသိုလ်အဝင်မှ ထန်းတပင် လမ်း ဆုံ အထိ  လမ်းမီးဓာတ်အားလိုင်း ၁ မိုင်အသစ်တည်ဆောက် တပ်ဆင်သွားမည် ဖြစ်ပါကြောင်း။

အမှတ် (၇) လမ်းမကြီး၊ အမှတ် (၂) လမ်းဆုံမှ ငမိုးရိပ်အထိ ၂.၄ မိုင်ခန့် လမ်းဦးစီးဌာနမှ လမ်းတိုးချဲ့ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ လမ်းနယ်နိမိတ်အဆုံးထိ ရွှေ့ပြောင်းခဲ့ပြီး ဖြစ်ပါကြောင်း၊  နောင်တွင် ရှစ်လမ်းသွားလမ်းအဖြစ် အဆင့်မြင့်တင်ရန်လျာထားလျက်ရှိသဖြင့် လက်ရှိ ဓာတ်အားလိုင်းတိုင်များ လမ်းမီးတပ်ဆင်ပါက လမ်းလယ်သို့အလင်းရောင်ကောင်းစွာ မရောက်ရှိနိုင်၍  လမ်းလယ်တွင် လမ်းလယ်ကျွန်းလမ်းမီးတိုင် တပ်ဆင်ထွန်းညှိနိုင်ရေး လမ်းဦးစီး ဌာနနှင့် ညှိနှိုင်း၍ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့ပါသည်။ 

ဒေါ်အေးအေးမြင့်[ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်] မှ ဆက်စပ်မေးခွန်းမေးမြန်ခဲ့ပါသည်-

နေပြည်တော် ကောင်စီဝင်ကဖြေသွားသည့်အထဲ၌ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိသည်ဟု ဖြေကြားသွားပါကြောင်း၊ အမှန်တကယ်အားဖြင့် ရဲစခန်းတွင်အမှုဖွင့်ခဲ့ သော်လည်း ၎င်းအမှုဖြစ်စဉ် များနှင့်စပ်လျဉ်း၍ လိုက်လံဆောင်ရွက်ပေးသည်ကိုမရှိခဲ့သည့်အတွက် ပြည်သူများ၏ အားကိုးယုံ ကြည်မှု အားနည်းသည်ကို တွေ့ရပါကြောင်း မေးမြန်ခဲ့ပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးခင်မောင်လတ် က 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဆက်လက်တင်ပြ၍ ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။