MY EN

(စ)- ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)

2026-11-04
တတိယအကြိမ်
တတိယ
ပြည်ထဲရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာထိန်ဝင်း (ကျောင်းကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

(စ)- ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)

ကျောင်းကုန်းမြို့နယ်၊ ရပ်ကွက် (၁)၊ (၂)၊ (၃) တို့တွင် နေထိုင်သူများအတွက် အငှားမြေဂရန်အမြန်ရရှိရေး  ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျောင်းကုန်းမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာပေါင်း ၄၁၃ ရွာနှင့် လူဦးရေပေါင်း ၁၅၀,၆၄၄ ဦးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အိမ်ခြေ ၅,၂၁၈ အိမ်၊ အိမ်ထောင်စု ၅,၄၃၆ စုနှင့် လူဦးရေ ၂၁,၄၃၂ ဦးနေထိုင်လျက်ရှိပါကြောင်း၊ မြို့ပေါ်ရပ်ကွက်ရှိ တချို့မြေယာအမျိုးအစားများသည် မြို့မြေအဖြစ်သတ်မှတ်ပြီးဖြစ်သော်လည်း လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ၊ ပလပ်မြေများ၊ စားကျက်မြေများ စသည်ဖြင့် အမျိုးအစားများ ယနေ့အထိ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းမပြုရသေး သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ တချို့မြေများသည်လည်း စားကျက်မြေပယ်ဖျက်ရေး၊ လယ်ယာမြေ အခြားအသုံးပြုရေးတွင် ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ရန်ကြန့်ကြာနေခြင်း၊ လုပ်ငန်းအဆင့်ဆင့်ခက်ခဲခြင်း၊ အကန့်အသတ်ဖြစ်နေခြင်းကိုတွေ့ရပါကြောင်း၊ မြို့ပေါ်ရပ်ကွက်တွင် နေထိုင်နေသည့် ဘိုးဘွားအစဉ်အဆက်နေထိုင်ကြသော မိဘပြည်သူများသည် ယနေ့တိုင် အိမ်ပိုင်၊ မြေပိုင်အဖြစ် တည်ရှိနေခြင်းမတွေ့ရပါကြောင်း၊ တချို့ဆိုလျှင် ယနေ့တိုင် မြေအငှားဂရန်ရရှိခြင်း မရှိသည်ကို တွေ့ရပါကြောင်း။

သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်အတွင်း ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက် (၃)၊  ရပ်ကွက်(၄)၊ ရပ်ကွက်(၅) တွင် နေထိုင်ကြသော မိဘဘိုးဘွားအစဉ်အဆက် အနေကြာသူများ၏ မြေယာပိုင်ဆိုင်မှုခိုင်မာစေရေးအတွက် လုပ်ထုံးလုပ်နည်းများကိုဖြေလျှော့၍ အထူးလုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် အငှားမြေဂရန်ရရှိရေး အမြန်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ကို ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ ၂၄-၆-၁၉၇၂ ရက်စွဲပါစာ အမှတ်၊ ၁၀၃/၁၈/စိတ်(၁) ဖြင့် ထုတ်ပြန်သည့်အမိန့်ကြော်ငြာ စာအရ မြို့အဖြစ် မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ တလုပ်ကုန်းရပ်ကွက်တို့ဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ရပ်ကွက် (၃)ခုကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၁-၃-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ပြည်ထဲရေး/ ဖ (၅၉၅)/ ရေး ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက်ဟု ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမှတ်(၄) ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ၄-၁၂-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၅၅၂/၆၆၆ -၂၀၀/အဖရ (၂၀၁၉) အရ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါကြောင်း။

ကျောင်းကုန်းမြို့ရှိ ရပ်ကွက်(၅)ရပ်ကွက်တွင် စုစုပေါင်းမြေ ၁,၈၂၄ ဧရိယာရှိပြီး မြို့မြေဧရိယာ အနေဖြင့် ရပ်ကွက်များအဖြစ် ပြောင်းလဲတိုးချဲ့ဖွဲ့စည်းခဲ့သော်လည်း အဆိုပါရပ်ကွက်များအတွင်း မြို့မြေဧရိယာ ၅၂၂ ဧကသာပါဝင်ကြောင်း၊ အမှတ်(၁) ရပ်ကွက်တွင် မြို့မြေ ဧရိယာ ၁၁၄ ဧက၊ အမှတ်(၂)ရပ်ကွက်တွင် မြို့မြေဧရိယာ ၁၈၂ ဧက၊ အမှတ်(၃) ရပ်ကွက်တွင် မြို့မြေဧရိယာ ၈ ဧကနှင့် အမှတ်(၄)ရပ်ကွက်တွင် မြို့မြေဧရိယာ ၂၁၈ ဧကရှိပြီး အမှတ်(၅) ရပ်ကွက် တွင် မြို့မြေဧရိယာအဖြစ် သတ်မှတ်ထားခြင်းမရှိသေးပါကြောင်း၊ ကျန်မြေအမျိုးအစားများမှာ လယ်ယာမြေ၊ ဥယျာဉ်မြေနှင့် စားကျက်မြေ၊ လမ်းမြေနှင့် မြေအောက်ရေစိမ့်ဝင်ပြီး ရွာမြေ အမျိုးအစားများ ဖြစ်ကြောင်း၊ အဆိုပါရပ်ကွက်များသည် မြို့မြေပြန်တမ်းများအရ ရပ်ကွက်အဖြစ် ဖွဲ့စည်းထားရှိသော်လည်း ယနေ့ အချိန်ထိ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်တို့ကိုသာ ၆၄ လက်မ ၁ မိုင်(စကေး)ဖြင့် မြို့ကွက်မြေ အဖြစ် မြေတိုင်းတာမှုများ ဆောင်ရွက်ခဲ့ပြီး အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တို့တွင် ယနေ့အချိန်ထိ မြို့မြေအဖြစ် တိုင်းတာမှုမရှိခဲ့သေးကြောင်း၊ ကွက်စိပ်တိုင်းတာပြီး သည့် မြို့ပေါ်ရပ်ကွက်များမှမြေများကို လူနေထိုင်ရန်နှင့် စက်မှု/စီးပွားဂရန်များအတွက် အမှတ်(၁) ရပ်ကွက်တွင် ၉၃ ဦး၊ အမှတ်(၂) ရပ်ကွက်မှာ ၃၁၆ ဦးနှင့်၊ အမှတ်(၃)ရပ်ကွက်တွင် ၂ ဦး စုစုပေါင်း ၄၁၁ ဦးတို့တို့ကိုလည်း ခွင့်ပြုဂရန်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ကျောင်းကုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ရပ်ကွက်တို့ကို မြို့ကွက်မြေအဖြစ် ကွက်စိတ် တိုင်းတာမှု မရှိခြင်း၊ မြို့မြေအဖြစ် သတ်မှတ်ထားပြီး တိုးချဲ့ရပ်ကွက်များအဖြစ် ဖွဲ့စည်းသတ်မှတ်ထား ရှိခဲ့သော်လည်း သက်ဆိုင်ရာမူလမြေအမျိုးအစားများကို လူနေထိုင်ရန် မြို့မြေအဖြစ် မြေအသုံးချ ခွင့်တို့ ဆောင်ရွက်ထားမှုမရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လူနေထိုင်ရန် အသုံးပြုသည့်မြေသည် လယ်ယာမြေအမျိုးအစားဖြစ်မည်ဆိုပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် အညီ မြို့မြေအဖြစ် အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိရေးအတွက်ကို သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ စိစစ်တင်ပြပြီး ခွင့်ပြုချက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အလားတူ မိမိတို့မြေများသည် လူနေထိုင်ရန်အတွက် အသုံးပြုသောမြေသည် စားကျက်မြေအမျိုးအစား ဖြစ်လျှင် မြို့မြေအဖြစ် အသုံးပြုနိုင်ရန် စားကျက်မြေပယ်ဖျက်ခွင့်ရရှိရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့်တင်ပြ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အထက်ပါလုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ မြေအမျိုးအစားအလိုက် အခြားနည်းအသုံးပြုခွင့်များ ရယူဆောင်ရွက်ပြီးမှသာလျှင် မြို့မြေကွက် တိုင်းတာခြင်း လုပ်ငန်းစီမံချက်ကိုရေးဆွဲပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်ပြီး မြို့မြေ ကွက် မြေပုံများရရှိရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် သည့်အခါ ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေမှ တင်ပြ တောင်းခံပြီး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့ပေါ်ရပ်ကွက်တွင် နေထိုင်ကြသော မိဘဘိုးဘွားအစဉ်အဆက် အနေကြာသူများအတွက် မြေယာပိုင်ဆိုင်မှုခိုင်မာစေရန်အတွက် မြို့မြေအမျိုးအစားပေါ်တွင် နေထိုင် ကြသည့် ရပ်ကွက်နေပြည်သူများမှ အငှားမြေဂရန်ရရှိရေး မြေပေးမိန့်သော်လည်းကောင်း၊ မှတ်ပုံတင် ထားသည့် အရောင်းအဝယ်စာချုပ်စာတမ်းများဖြင့်သော်လည်းကောင်း၊ တရားရုံးအမိန့်ဒီဂရီစသည် များဖြင့်လည်းကောင်း၊ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ များဖြင့် လာရောက်လျှောက်ထားပါက ဥပဒေ၊ နည်းဥပဒေ ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားဂရန်ရရှိရေးကို အချိန်နှင့်တစ်ပြေးညီ ပြီးပြတ်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့ တွင် မြေငှားဂရန်ရရှိရေးအတွက် လယ်ယာမြေ စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်၍ သော်လည်းကောင်း၊ စားကျက်မြေဆိုလျှင် စားကျက်မြေပယ်ဖျက်ခွင့်ရရှိရေး တင်ပြလျှောက်ထား၍ သော်လည်းကောင်း ဆောင်ရွက်ပြီးသည့်အခါ မြို့ကွက်မြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက် ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားပြီးဖြစ် သည့်အတွက် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် တင်ပြလျာထားပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ပြန်လည်ဖြေကြားခဲ့ပါသည်။