MY EN

(ဃ) - ဦးသက်ပိုင်ထူး(ဖားကန့်မဲဆန္ဒနယ်)

2026-11-04
တတိယအကြိမ်
တတိယ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မေးခွန်း
ဦးသက်ပိုင်ထူး (ဖားကန့် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အင်းတော်ကြီးအိုင်နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများကို ရေရှည်ထိန်းသိမ်းကာကွယ်ပေးရန် အစီအစဉ် ရှိ မရှိ  သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ကချင်ပြည်နယ်အတွင်းရှိသည့် အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသဘာဝ ရေချိုအိုင်ကြီးတစ်ခုဖြစ်ပါကြောင်း၊ ကချင် ပြည်နယ်၏ အဖိုးတန်သဘာဝအမွေအနှစ်ဖြစ်သလို နိုင်ငံ တစ်ဝန်းလုံးမှ ဝိုင်းဝန်းထိန်းသိမ်းကာကွယ် ရမည့် သမိုင်းဝင်အမွေအနှစ်လည်းဖြစ်ပါကြောင်း၊ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေတိမ်ဒေသများသည် ငါးမျိုးစိတ်များ၊ ရေပျော်ငှက်များနှင့် ရှားပါးတော ရိုင်းတိရစ္ဆာန်များစွာ၏ နေရင်းဒေသဖြစ်၍ ဒေသခံပြည်သူ များစွာ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနှင့် နေ့စဉ်ရှင်သန်ရှာဖွေစားသောက်နေထိုင်ရန် အတွက် အားထားရာ လည်း ဖြစ်ပါ ကြောင်း၊ ဤသို့ သဘာဝတန်ဖိုးများကြောင့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ် ထိန်းသိမ်း ရေးနယ် မြေများကို ၂၀၁၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အရှေ့အာရှ-ဩစတေးလျ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက်နယ်မြေအဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာအရေးပါသော ရေဝပ်ဒေသဖြစ်သည့် ရမ်ဆာနယ်မြေ အဖြစ်လည်း ကောင်း အသိအမှတ်ပြုခံခဲ့ရပါကြောင်း၊ ယူနက်စကို၏ လူသားနှင့်ဇီဝအဝန်းအစီအစဉ် အောက်မှ ဇီဝထိန်းသိမ်းရေးနယ်မြေအဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရပါကြောင်း၊ လက်ရှိတွင် ဒေသခံ များ၏ တင်ပြချက်များအရ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့် စစ်ဆေးကြပ်မတ်ရန်ခက်ခဲနေသည့် အခြေအနေများကို အခွင့်ကောင်းယူ၍ အိုင်၏ရေဝေရေလဲဒေသနှင့် အိုင်ထဲသို့စီးဝင်သည့် ချောင်းများ၊ အိုင်ပတ်လည်အနီးရှိရွာများတွင် တရားမဝင်ရွှေတူးဖော်မှုများကို အလွန်အကျွံလုပ်ဆောင်လျက် ရှိပါကြောင်း၊ ရမ်ဆာအဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း အင်းတော်ကြီးအိုင်၏ ရေဝေရေလဲ ဒေသရှိ ချောင်းများနှင့် ရွာများအတွင်း တရားမဝင်ရွှေတူးဖော်မှုများကြောင့် အင်းတော်ကြီး အိုင်၏ တောင်ပိုင်းတွင် နုန်းအနယ်ကျမှု ရေညစ်ညမ်းမှုများဖြစ်ပေါ်နေပါကြောင်း။

          ဒေသပြောင်းရွှေ့ ရှားပါးမျိုးစိတ် ငှက်မျိုးစိတ်ဖြစ်ပြီး မိုးတွင်းကာလတွင် အင်းတော် ကြီး ဒေသသည် လာရောက်ကျင်လည်ကျက်စားလေ့ ရှိပါကြောင်း၊ ယခုမြင်တွေ့နေရတာကတော့ အင်းတော်ကြီးဒေသ၏ သမိုင်းဝင်ရွှေမဉ္ဇူရေလယ် ဘုရား၏ ပုံရိပ်ပဲဖြစ်ပါတယ်။ ရေပျော်ငှက် များစွာ၏ပျော်စံရာ သဘာဝရေချိုအိုင်ကြီးတစ်ခုဖြစ်ပါကြောင်း၊ ယန္တရားများနှင့် တရားမဝင်ရွှေလုပ် ကွက် ရာပေါင်းစွာရှိနေပါကြောင်း။

          သို့ဖြစ်ပါ၍ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးအိုင်ဒေသတစ်ဝိုက်တွင် တရားမဝင် ရွှေတူးဖော် မှုများပေါ်ပေါက်လျက်ရှိပြီး မြေတူးစက်နှင့် စက်ယန္တရားများစွာအသုံးပြု၍ မြေသားများအလွန်အကျွံ တူးဖော်ခြင်း၊ သစ်တောနှင့်မြေမျက်နှာပြင်များပျက်စီးခြင်း၊ တူးဖော်ရာမှထွက်ရှိသည့် မြေစာ၊ နုန်းနှင့် ရေဆိုးများကို ချောင်းများအတွင်းသို့ စွန့်ပစ်ခြင်းတို့ကြောင့် အင်းတော်ကြီးအိုင်အတွင်း နုန်းတင်မှု များလာခြင်း၊ ရေတိမ်ကောလာခြင်းနှင့် ရေအရည်အသွေးကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိ ပါကြောင်း၊ အင်းတော်ကြီး ရေချိုအိုင်သည် ပျက်စီးပြီးမှ ပြန်လည်ကုစားရမည့်အခြေအနေသို့ မရောက်ရှိမီ တရားမဝင်ရွှေတူးဖော်မှုများကို အရေးပေါ်စစ်ဆေးတားဆီးခြင်း၊ ရေအရည်အသွေးကို သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးခြင်း၊ ပျက်စီးပြီးနေရာများကို ပြန်လည်ထူထောင်ခြင်းနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများကို ရေရှည်ထိန်းသိမ်းကာကွယ်ပေးခြင်းတို့ကို အမျိုးသားအဆင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး က           

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်း ရေးနယ် မြေအဖြစ် သတ်မှတ်လျာထားဆောင်ရွက်လျက်ရှိ၍ ယခုအခါတွင် နိုင်ငံ့ဧရိယာ၏ ၆.၅၉ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ ဧရိယာအားဖြင့် ဧက ၁၁ သန်းကျော်ကို ဖွဲ့စည်းထား၍ စနစ်တကျစီမံအုပ်ချုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာ ဝ ထိန်းသိမ်းရေးနယ်မြေကို ၉-၈-၂၀၀၄ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၃၉/၂ဝဝ၄) ဖြင့် ကန်ရေပြင်နှင့် ဆက်စပ်ရေဝပ်ဧရိယာ ၁၀၀ စတုရန်းမိုင်နှင့် ရေဝေရေလဲတောဧရိယာ ၂၀၇.၄၈ စတုရန်းမိုင်၊ စုစုပေါင်း ၃၀၇.၄၈ စတုရန်းမိုင်ကို တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ် ကြေညာခဲ့ပါကြောင်း၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဒေသများ၊ ရေဝေရေလဲဒေသများ၊ ဇီဝမျိုးစုံ၊ မျိုးကွဲများနှင့် ရေဝပ်ဒေသ ဂေဟစ နစ်များ ရေရှည်တည်တံ့စေရန်၊ သစ်တောဂေဟစနစ်များကို ထိန်းသိမ်းရန်နှင့် ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေရန် အစရှိသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါကြောင်း။

အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် သဘာဝနီးပါးရှိသည့် ထူးခြားရှားပါးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ ရေပျော်ငှက်များနှင့် မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် ဇီဝမျိုးစုံ၊ မျိုးကွဲများမှီတင်း နေထိုင်သည့်နေရာဖြစ်ခြင်း စသည့်အချက်များကြောင့် ၁၈-၁၂-၂၀၀၃ ရက်တွင် အာဆီယံအမွေ အနှစ်ဥယျာဉ် အဖြစ်လည်းကောင်း၊ ၁၅-၁၂-၂ဝ၁၄ ရက်တွင် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရ လမ်းကြောင်းရှိ အရေးကြီးရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ၂-၂-၂၀၁၆ ရက်တွင် ရမ်ဆာရေဝပ်ဒေသ အဖြစ်လည်းကောင်း၊ ၁၅-၆-၂၀၁၇ ရက်တွင် UNESCO ဇီဝအဝန်းအဝိုင်းနယ်မြေ (Men and Biosphere Reserve-MAB)အဖြစ် လည်းကောင်း၊ ၁-၄-၂၀၁၉ ရက်တွင် Wetland Link International-WLI (Asia)အဖြစ်လည်းကောင်း သတ်မှတ်ခြင်းခံခဲ့ရပါကြောင်း၊ သစ်တောဦးစီး ဌာနတွင်  သဘာဝဝန်း ကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနခွဲ ဖွဲ့စည်းထားရှိ၍ အုပ်ချုပ်ရေးမှူးရုံးကို မိုးညှင်း မြို့၌လည်းကောင်း၊ ရှေ့တန်းရုံးကို အင်းတော်ကြီးမြို့၌လည်းကောင်း၊ ဘေးမဲ့တော ပတ်ဝန်းကျင် တွင်ရှိသည့် ကျေးရွာလေးရွာတွင် ရှေ့တန်း ကင်းစခန်းများထားရှိ၍ အုပ်ချုပ်ရေးမှူး၊ ဦးစီးအရာရှိ တစ်ဦးအပါအဝင် စုစုပေါင်းဝန်ထမ်း ၂၅ ဦးဖြင့် ထိန်းသိမ်းအုပ်ချုပ် ဆောင်ရွက်လျက် ရှိပါကြောင်း။

အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်ရှိသည့် ဇီဝမျိုးစုံ၊ မျိုးကွဲများထိန်းသိမ်းရေး အတွက် ၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်အထိ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေ သများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းအစီအစဉ်(RNH)တွင် ထည့်သွင်းဆောင်ရွက် လျက်ရှိ၍ ငှက်မျိုးစိတ် များ၊ ငါးမျိုးစိတ်များ၊ နို့တိုက်သတ္တဝါများ၊ အပင်မျိုးစိတ်များ စာရင်း ကောက်ယူခြင်းနှင့် ဆန်းစစ်ခြင်း၊ တောရိုင်းတိရစ္ဆာန်ဖြတ်ကူးလမ်းကြောင်းဖော်ဆောင်ခြင်း၊ ကွက်လပ် ဖြည့်စိုက်ပျိုးခြင်း၊ တောရိုင်းတိရစ္ဆာန် များအတွက် စားပင်သီးပင်များစိုက်ပျိုးခြင်း အစရှိသည့် ထိန်းသိမ်းရေးလုပ်ငန်း ၁၆ မျိုးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် သဘာဝ ဝန်းကျင်နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲထိန်းသိမ်းကာကွယ်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရန်အတွက် ၂၀၁၈ ခုနှစ်တွင် သစ်တောဥပဒေကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း ဇီဝမျိုးစုံ၊ မျိုးကွဲနှင့်သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေကိုလည်းကောင်း၊ သတ္တုတွင်း ဦးစီး ဌာနသည် အစိုးရ၏ ဓာတ်သတ္တုသယံဇာတရေးရာမူဝါဒကို အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရန်နှင့် ဓာတ်သတ္တုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု မရှိစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၅ ခုနှစ်တွင် မြန်မာ့သတ္တုတွင်းဥပဒေနှင့် ၂၀၁၉ ခုနှစ်တွင် မြန်မာ့ သတ္ထုတွင်းနည်းဥပဒေများကိုလည်းကောင်း ပြဋ္ဌာန်း၍ စနစ်တကျ ဆောင်ရွက်လျက် ရှိပါ ကြောင်း။

အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဧရိယာအတွင်း တရားမဝင်ရွှေတူးဖော်မှုများကို အဆိုပါဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ် အ တွင်း ရွှေနှင့်ဓာတ်သတ္တုများကို တရားမဝင်တူးဖော်ထုတ်လုပ်နေမှုများကြောင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးနေမှုများ လျော့ပါးပပျောက်စေရန်အတွက်လည်း ခရိုင်၊ ရွှေနှင့်ဓာတ်သတ္တု တရားမဝင် တူးဖော်မှု ကွင်းဆင်းစစ်ဆေးဖမ်းဆီးအရေးယူရေးအဖွဲ့ကို ၂၄-၈-၂၀၂၆ ရက်တွင်ဖွဲ့ စည်းခဲ့ပြီး ဖမ်းဆီး အရေးယူမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ဧရိယာအတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်ထိ တရားခံ ၆၅ ဦး၊ ဘက်ဟိုး ၅၆ စီးနှင့် ဆက်စပ်ပစ္စည်း များကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။

နိဂုံးချုပ်အနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သဘာဝသယံဇာတအရင်းအမြစ်များ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများကို ရေရှည် ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းတော်ကြီးကန်သည် နိုင်ငံတကာအသိအမှတ်ပြုထားသည့် အရေးပါသည့်  သဘာဝထိန်းသိမ်း ရေးနယ်မြေ တစ်ခုဖြစ်သလို ကချင်ပြည်နယ်၏ အထင်ကရဒေသတစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ ကြောင့် အင်းတော်ကြီး ကန်နှင့် ရေဝေရေလဲဒေသ၏ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သည့် တရားမဝင်ရွှေသတ္တုတူးဖော်မှု များ လျော့နည်းပပျောက်စေရန်အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  ဘေးမဲ့တောဧရိယာအတွင်း တရားမဝင် ရွှေတူးဖော် မှုများကိုလည်း သက်ဆိုင်ရာ ဥပဒေများနှင့်အညီ တားဆီးအရေးယူပြီး အင်းတော် ကြီးကန်၏ဂေဟစနစ်နဲ့ ဇီဝမျိုးစုံ၊ မျိုးကွဲများ ရေရှည်တည်တံ့စေရန်အတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။