MY EN

(က)-ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်)

2026-11-04
တတိယအကြိမ်
တတိယ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးရဲထွဋ်အောင် (မင်းလှ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မင်းလှ-ဆင်တဲကုန်းလမ်းအား ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ ခွင့်ပြုချက်ဖြင့် မင်းလှမြို့နယ်နှင့် ဆင်တဲကုန်းကျေးရွာသို့ ဆက်သွယ်သည့် အရှည် ၂ မိုင် ၃ ဖာလုံ၊ အကျယ် ၁၂ ပေရှိသော ကတ္တရာလမ်းသည် ထု ၆ လက်မရှိ သော ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းအား တင်ပြမေးမြန်းသွားမည်ဖြစ်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မင်းလှမြို့နယ်မှာ ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၅၄ အုပ်စုရှိပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု စုစုပေါင်း ၆၆ အုပ်စုရှိပါပြီး ကျေးရွာခွဲ ၂၄၇ ရွာနှင့် ဖွဲ့စည်းထားရှိသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ နယ်နိမိတ်ချင်းထိစပ်နေသည့် လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်တို့နှင့်လည်းကောင်း၊ မြို့ပေါ်နှင့်ကျေးရွာအုပ်စုများသို့လည်းကောင်း ကူးလူးသွားလာနိုင်သည့် အဓိကလမ်း ၇ လမ်းရှိသည့်အနက် မင်းလှ-ဆင်တဲကုန်းလမ်းက တစ်လမ်း အပါအဝင်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ဆင်တဲကုန်းကျေးရွာ အုပ်စုမှ အိမ်ခြေ ၇၆၃ အိမ်၊ လူဦးရေ ၂,၄၃၅ ဦး၊ ကရင်တစ်အိမ်ကျေးရွာမှ အိမ်ခြေ ၁၅၇ အိမ်၊ လူဦးရေ ၅၇၀ ဦး၊အလယ်ကုန်းကျေးရွာမှ အိမ်ခြေ ၁၅၁ အိမ်၊ လူဦးရေ ၅၈၈ ဦး၊ ချောင်းဂွကျေးရွာမှ အိမ်ခြေ ၁၀၅ အိမ်၊ လူဦးရေ ၃၆၃ ဦး၊ ကန့်လန့်ကုန်းကျေးရွာမှ အိမ်ခြေ ၃၅ အိမ်၊ လူဦးရေ ၁၂၁ ဦး၊ စိန်ပုကျေးရွာမှ အိမ်ခြေ ၁၅၂ အိမ်၊ လူဦးရေ ၅၆၆ ဦး၊ စိန်ပုရွာသစ်မှ အိမ်ခြေ ၈၅ အိမ်၊ လူဦးရေ ၃၈၂ ဦး၊ ရှားကုန်းကျေးရွာမှ အိမ်ခြေ ၁၇၀ အိမ်၊ လူဦးရေ ၄၇၀ ဦး စုစုပေါင်း ကျေးရွာ ၈ ရွာမှ ၁,၆၁၈ အိမ်နှင့် လူဦးရေ ၅,၄၉၅ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် အသုံးပြုနေရသည့်လမ်း တစ်လမ်း ဖြစ်သည့်အပြင် လယ်ဧက ၁၇,၀၅၉ ဧကမှ ထွက်ရှိသည့် စပါး၊ မတ်ပဲနှင့် ရာသီပေါ်သီးနှံများနှင့် အခြားကုန်စိမ်းသီးနှံများကို နေ့စဉ်နှင့်အမျှ သယ်ပို့နေရသော် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်း အား ယခင်က ဆင်တဲကုန်းကျေးရွာမှ ဆရာတော်ဦးပညာဝံသဦးစီးပြီး မြေကြီးလမ်းမှ ဂဝံလမ်း အထိ စိန်ပုကျေးရွာမှ ဦးကျော်လွင်ဦးက ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ၃-၁-၂၀၁၅ ရက်နေ့မှစပြီး ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ခဲ့ပြီး ၂၁-၄-၂၀၁၅ ရက်နေ့တွင်ပြီးစီးခဲ့ခြင်းဖြစ်သည့်အတွက် ၁၁ နှစ်ကျော်၊ ၁၂ နှစ်တာ ကာလအတွင်း ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ နှစ်ကာလကြာမြှင့်ခြင်း၊ အသုံးပြုမှု များပြားခြင်းတို့ကြောင့် ယခုအခါ လမ်းသားများပေါက်ပြဲပျက်စီးနေပြီး သွားလာရန်ခက်ခဲသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါ ကြောင်း။ 

သို့ဖြစ်ပါ၍ မင်းလှ-ဆင်တဲကုန်းလမ်း အရှည် ၂ မိုင် ၃ဖာလုံ၊ အကျယ် ၁၂ ပေလမ်းအား ထု ၆ လက်မအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိ မင်းလှမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများကိုယ်စား သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

၎င်းလမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် ပြည်ထောင်စုကနေ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ ကတ္တရာလမ်း ၃ မိုင် ၁.၇၅ ဖာလုံ၊ မြေနီလမ်း ၆.၂၅ ဖာလုံ စုစုပေါင်းလမ်း အရှည် ၄ မိုင်ရှိပြီး ကတ္တရာလမ်း ၃ မိုင် ၁.၇၅ ဖာလုံအနက် ဝ မိုင်နှင့် ၂ မိုင် ၃ ဖာလုံကြား ၂ မိုင် ၃ ဖာလုံ လမ်းပိုင်းသည် မိုးများပြီး ရေတိုက် စားထား၍ သွားလာရခက်ခဲလျက်ရှိပါကြောင်း၊ ခက်ခဲသည့် လမ်းအပိုင်း ဝ မိုင်မှ ၃.၅ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်နိုင်ရန်  ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်လျာထားတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။