မိုးနဲမြို့နယ်၊ နောင်ဟီးကျေးရွာအုပ်စုရှိ လွယ်ဆိုင်၊ နမ့်အွန်နှင့် ပါဟာကျေးရွာများ လျှပ်စစ်မီးရရှိရေး အတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ နောင်ဟီးကျေးရွာအုပ်စုအတွင်းရှိ လွယ်ဆိုင်ကျေးရွာတွင် အိမ်ခြေ ၂၀၊ အိမ်ထောင်စု ၂၄၊ လူဦးရေ ၁၀၅ ဦး၊ နမ့်အွန်ကျေးရွာတွင် အိမ်ခြေ ၂၂၊ အိမ်ထောင်စု ၂၃၊ လူဦးရေ ၁၃၁ ဦးနှင့် ပါဟာကျေးရွာတွင် အိမ်ခြေ ၈၊ အိမ်ထောင်စု ၁၁၊ လူဦးရေ ၇၀ ဦးဟူ၍ ကျေးရွာ သုံးရွာရှိပါကြောင်း၊ အဆိုပါကျေးရွာ သုံးရွာတွင် စုစုပေါင်း အိမ်ခြေ ၅၀ အိမ်၊ အိမ်ထောင်စု ၅၈ စုနှင့် လူဦးရေ ၃၀၆ ဦးတို့ အခြေစိုက်နေထိုင်လျက်ရှိကြပါကြောင်း၊ ထိုကျေးရွာ သုံးရွာတွင် မြေပြင်အကွာအဝေးအနေအထားအရ ကျိုင်းတောင်းရေအားလျှပ်စစ် ထုတ်လုပ်သည့် စက်ရုံ နှင့် အလွန်အမင်း နီးကပ်စွာတည်ရှိနေသည့် ကျေးရွာများဖြစ်ကြသော်လည်း ယနေ့အချိန်အထိ လျှပ်စစ်မီးမရရှိသေးသည့်အတွက် ညအချိန်တွင် အလင်းရောင်အသုံးပြုနိုင်ရေး ကျောင်းသား ကျောင်းသူ များ စာကြည့်စာကျက်နိုင်ရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် ဒေသခံပြည်သူလူထုများ၏ အခြေခံ လူမှုစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရပါ ကြောင်း၊ ယင်းကျေးရွာများတွင် လျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်း၍ ကျိုင်းတောင်းမြို့ရှိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်မှူးရုံးတာဝန်ရှိသူထံမှ သိရသည်မှာ အဆိုပါကျေးရွာ များတွင် လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးအတွက်၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် လျာထားပေး နိုင်ရန် သက်ဆိုင်ရာပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း။
သို့ဖြစ်ပါ၍ ကျိုင်းတောင်းရေအားလျှပ်စစ်နှင့် မြေပြင်အနေအထားအရ နီးကပ်စွာ တည်ရှိနေ သည့် နောင်ဟီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေကို လျှပ်စစ်မီးရရှိနိုင်ရေးနှင့်စပ်လျဉ်း၍သက်ဆိုင်ရာ ဝန်ကြီးဌာနကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း-
(က) မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ နောင်ဟီးကျေးရွာအုပ်စုအတွင်းရှိ လွယ်ဆိုင်၊ နမ့်အွန် နှင့် ပါဟာကျေးရွာတွေကို လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ၊
(ခ) အကယ်၍ အစီအစဉ်ရှိမည်ဆိုလျှင် သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ဌာနမှ လျာထား တောင်းခံတင်ပြထားသည့်အတိုင်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ၊
(ဂ) သို့တည်းမဟုတ် ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်မလဲဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က
အထက်ပါမေးခွန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ပေါင်းစပ်ညှိနှိုင်း၍ ရှင်းလင်း ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ကျိုင်းတောင်းမြို့အား ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံရှိ ၁၃၂/၁၁ ကေဗွီ ၁၂.၅ အမ်ဗွီအေ ထရန်စဖော်မာ၏ ၁၁ ကေဗွီ ကျိုင်းတောင်းမြို့ဖီဒါမှ ၁၁ ကေဗွီ ဓာတ်အား လိုင်း ၂၀.၅ မိုင်ဖြင့် တည်ဆောက်ပြီး ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၅၁ လုံးဖြင့် ဓာတ်အား ဖြန့်ဖြူးပေးထားခြင်းဖြစ်ပါကြောင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ နောင်ဟီးကျေးရွာအုပ်စု အတွင်းရှိ လွယ်ဆိုင်ကျေးရွာ၊ နမ့်အွန်ကျေးရွာနှင့် ပါဟာကျေးရွာ စုစုပေါင်းကျေးရွာ ၃ ရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ကျိုင်းတောင်းမြို့ဖီဒါ ၂၀.၅ မိုင်အဆုံးမှ ၁၁ ကေဗွီ ဓာတ်အား လိုင်း ၅.၄၅ မိုင် ဆက်လက်ချိတ်ဆက်တည်ဆောက်၍ ပါဟာကျေးရွာသို့လည်းကောင်း၊ ပါဟာ ကျေးရွာမှ နမ့်အွန်ကျေးရွာသို့ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁.၉၅ မိုင် ထပ်မံတည်ဆောက်၍ လည်းကောင်း၊ နမ့်အွန် ကျေးရွာမှ လွယ်ဆိုင်ကျေးရွာသို့ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄.၉၅ မိုင် ထပ်မံတည်ဆောက်၍လည်းကောင်း စုစုပေါင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းအရှည် ၁၂.၃၅ မိုင် တည်ဆောက်၍ ဓာတ်အားရယူရမည်ဖြစ်ပြီး ပါဟာကျေးရွာအတွင်း၌ ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၀.၂၈ မိုင်၊ နမ့်အွန်ကျေးရွာအတွင်း၌ ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၀.၄၂ မိုင်နှင့် လွယ်ဆိုင်ကျေးရွာအတွင်း၌ ၁၁/၀.၄ ကေဗွီ ၁၀ဝ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ဝ.၇၇ မိုင် အသီးသီး တည်ဆောက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အဆိုပါကျေးရွာ သုံး ရွာ ဓာတ်အားရရှိရန်အတွက် ကျိုင်းတောင်းရေအားစက်ရုံ၏ ၁၁ ကေဗွီ ကျိုင်းတောင်းမြို့ဖီဒါ ဓာတ်အားလိုင်း ၂၀.၅ မိုင်အဆုံးမှ ကျေးရွာ သုံး ရွာသို့ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၂.၃၅ မိုင် ထပ်မံချိတ်ဆက်တည်ဆောက်မည်ဆိုပါက စုစုပေါင်း ၁၁ ကေဗွီ ဓာတ်အားလိုင်း အရှည်သည် ၃၂.၈၅ မိုင်ရှိသွားမည်ဖြစ်သည့်အတွက် နည်းပညာအရရှိသင့်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းမိုင် အရှည်ထက် များစွာကျော်လွန်နေပါသဖြင့် ဓာတ်အားပျောက်ဆုံးမှုနှင့် ဗို့အားကျဆင်းမှုများစွာ ဖြစ်ပေါ်မည်ဖြစ်ခြင်းကြောင့် ဆောင်ရွက်ရန် မသင့်ကြောင်း တွေ့ရှိရ ပါကြောင်း၊ သို့ပါ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ကျိုင်းတောင်းမြို့အား ကျိုင်းတောင်းမြို့ပေါ် ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံဖြင့် ဓာတ်အားပေးနိုင်ရန် လျာထားပြီးဖြစ်ပြီး အဆိုပါ ဓာတ်အားခွဲရုံတည်နေရာမှ လက်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်း အဆုံးအထိ ၂.၅ မိုင်သာ ကွာဝေးပါသဖြင့် ကျေးရွာ ၃ ရွာသို့ ၁၁ ကေဗွီ ဓာတ်အား လိုင်း ၁၂.၃၅ မိုင် ဆက်လက်ချိတ်ဆက်တည်ဆောက်မည်ဆိုပါက စုစုပေါင်း ၁၁ ကေဗွီ ဓာတ်အား လိုင်းအနေဖြင့် အရှည် ၁၄.၈၅ မိုင်သာရှိကြောင်း၊ သို့ဖြစ်ပါ၍ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ နောင်ဟီးကျေးရွာ အုပ်စုအတွင်းရှိ လွယ်ဆိုင်၊ နမ့်အွန်နှင့် ပါဟာကျေးရွာ၊ ကျေးရွာ သုံး ရွာ ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် စုစုပေါင်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၂၃၅ မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ သုံး လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁.၄၇ မိုင်အား ရှမ်းပြည် နယ်အစိုးရ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေး ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ် မူတည်၍ ရွာစဉ် အလိုက် ဆက်လက် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။