ကျောင်းကုန်းမြို့နယ်၊ဂုံမင်းကျေးရွာလျှပ်စစ်မီးလင်းရေးနှင့်၆၆ကေဗွီခွဲရုံတည်ဆောက်ပေးရန်မည်သည့် ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောင်းကုန်းမြို့နယ်၊ ဂုံမင်း ကျေးရွာသည် ပုသိမ်-မုံရွာလမ်းမပေါ်၌လည်းကောင်း၊ ပုသိမ်-ရန်ကုန်လမ်းမကြီးဘေးရှိကျေးရွာကြီး တစ်ရွာဖြစ်ပါကြောင်း၊ အိမ်ခြေအားဖြင့် ၆၄၇အိမ်၊ အိမ်ထောင် စုအားဖြင့် ၆၆၈ ခုနှင့် လူဦးရေ ၂,၇၈၀ဦး နေထိုင်လျက်ရှိပါကြောင်း၊ ကျေးရွာ၌ဂုံမင်း အ.ထ.က ကျောင်းရှိပြီး ကျောင်းသားဦးရေသည် အထက်တန်း၊ အလယ်တန်း၊ မူလတန်းစုစုပေါင်း ၈၈၂ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ ကျေးရွာသူ ကျေးရွာသား များ၏ အဓိက စီးပွားရေးလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေးဖြစ်၍ မိုးစပါး၊ ဆောင်းသီးနှံဧက ၂,၀၂၀ စိုက်ပျိုး လျက်ရှိပြီး မိမိတို့ မြို့နယ် အတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အားထားရသည့် ကျေးရွာ တစ်ရွာ ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာ လျှပ်စစ်မီးလင်းရန်အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် ယခင်အစိုးရလက်ထက်ကလျာထားခဲ့သည့် ၆၆ကေဗွီဓာတ်အားခွဲစက်ရုံတည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်သို့ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးကျော်က
ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာဓာတ်အားရရှိရန်အတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် ၆၆ ကေဗွီ ကျောင်းကုန်း (လှည်းဆိပ်) ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးလျှင် ထိုဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားရယူ၍ ၁၁ ကေဗွီဓာတ်အားလိုင်း ၅.၂ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးတည်ဆောက်၍ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ၆၆ ကေဗွီ ကျောင်းကုန်း(လှည်းဆိပ်) ဓာတ်အားခွဲရုံ တည်ဆောက် နိုင်ရန် အတွက် ခွဲရုံမြေနေရာသည် အခြားနည်းသုံးစွဲခွင့်ရရှိရန်အတွက် ဆောင်ရွက် ဆဲဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက နီးစပ်ရာဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ သို့ဖြစ်ပါ၍ ၆၆ ကေဗွီ ကျောင်းကုန်း (လှည်းဆိပ်)ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးလျှင် ဂုံမင်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရန်အတွက် ၁၁ကေဗွီဓာတ်အားလိုင်း ၅.၂ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ခွဲဝေ ရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဂုံမင်းကျေးရွာဓာတ်အား ရရှိရန်အတွက် သီးခြား ၆၆ ကေဗွီ ဓာတ်အားခွဲရုံအား ထပ်မံလျာထားဆောင်ရွက်ရန် မလိုအပ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။