ဥပဒေပညာဘာသာရပ်ကိုအခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်းများတွင်သင်ကြားနိုင်ရေးမည်သည့်နှစ်မှစတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဥပဒေပညာဆိုသည်မှာ နိုင်ငံတော်၏ အုပ်ချုပ်ရေးဥပဒေ၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍအသီးသီးအပြင် အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို တရားဥပဒေနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဓိကလိုအပ်သည့် ပညာရပ်တစ်ရပ်ဖြစ်သည်ဟု ယုံကြည်ယူဆမိပါကြောင်း၊ ထိုဥပဒေပညာကို အခြေခံပြည်သူလူထုပါ တတ်သိနားလည်ရန် အထူး လိုအပ်ပါကြောင်း၊ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့်ဥပဒေပြဋ္ဌာန်းချက်များ နှင့် ပုဒ်မများကို ကောင်းကောင်းနားလည်သိရှိနိုင်ရန်အတွက် အခြေခံပညာအလယ်တန်းအဆင့် Grade 8၊ Grade 9၊ အထက်တန်းအဆင့် Grade 10၊ Grade 11၊ Grade 12 များတွင် ဥပဒေ ဘာသာရပ်ကို ထည့်သွင်းပြဋ္ဌာန်း သင်ကြားပေးသင့်ပါကြောင်း၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်များတွင် ဥပဒေပညာကို ပြဋ္ဌာန်းသင်ကြားပေးရမည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ အတွင်းရှိ ကျေးရွာအုပ်စုအသီးအသီးတွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ ကို လွယ်လွယ်ကူကူ တက်ရောက်နိုင်ကြသဖြင့် ကျောင်းသား ကျောင်းသူအများစုအနေနှင့် ဥပဒေအသိပညာကို ငယ်စဉ်ကတည်းက လွယ်ကူစွာ ရယူဆည်းပူးနိုင်စေချင်၍ဖြစ်ပါကြောင်း၊ အခြေခံပညာအထက်တန်းအောင်မြင်ပြီးနောက် ကျောင်းသား ကျောင်းသူများသည် မိမိတို့ဝါသနာ ပါရာတက္ကသိုလ်အသီးသီးတွင် တက်ရောက်ကြသော်လည်း မူလအခြေခံပညာအဆင့်တွင် ဥပဒေ ဆိုင်ရာအသိပညာပေးမှုများကို မသင်ကြားခဲ့ရလျှင် ဥပဒေပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ အတွေး အခေါ်များ အားနည်းကျန်ရစ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ကျောင်းသား ကျောင်းသူအများစုသည် အခြေခံပညာအလယ်တန်းအဆင့်၊ အထက်တန်းအဆင့် အောင်ကြသော်လည်း မြို့နှင့် ကျေးလက်နေ ဒေသအသီးသီး၏ လူမှုစီးပွားအခြေအနေ အကြောင်းကြောင်းကြောင့် တက္ကသိုလ်အဆင့်သို့ ဆက်၍ မတက်ရောက်နိုင်ကြသူများရှိပါကြောင်း၊ ထို့ကြောင့် ကျေးလက်တောရွာတွေနှင့် မြို့နေပြည်သူလူထုတစ်ရပ်လုံး အသိပညာ၊ဗဟုသုတ ကြွယ်ဝလာစေရန်၊ ဥပဒေ၏အဆုံးအမနှင့် စည်းကမ်းများကို ပိုပြီးသိရှိနားလည်လာစေရန်၊ အကြောင်းအကျိုး ဆင်ခြင်နိုင်စေရန်နှင့် လူမှုဘဝတွင် ယဉ်ကျေးလိမ္မာစွာနှင့် တရားဥပဒေ ဘောင်အတွင်း ကျင့်ကြံနေထိုင်တတ်စေရန်အတွက် ဥပဒေပညာကို အခြေခံပညာကျောင်းများတွင် သင်ကြားပေးရန် အလွန်အရေးကြီးပါကြောင်း၊ ဥပဒေပညာကို အလယ်တန်း၊ အထက်တန်း အဆင့်တွင် သင်ရိုးပြဋ္ဌာန်း၍ သင်ကြားပေးမည်ဆိုလျှင် နောင်အနာဂတ် လူငယ်များအတွက် မကောင်းသည့် အပြုအမူမှန်သမျှကို ဥပဒေပညာ၏ရရှိလာသည့်အသိက အမြဲတမ်း နှိုးဆော် သတိပေးနေမည်ဖြစ်သည့်အတွက် လူငယ်အားလုံး လူကောင်းလူတော်များဖြစ်လာကြမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းသား ကျောင်းသူများ ဥပဒေပညာကို ကျယ်ကျယ်ပြန့်ပြန့် ဆည်းပူးလေ့လာနိုင်ရေးအတွက် အခြေခံပညာအလယ်တန်းအဆင့်၊ Grade 8၊ Grade 9၊ အထက် တန်းအဆင့် Grade 10၊ Grade 11 နှင့် Grade 12 တွေမှာ ဥပဒေဘာသာရပ်ကို ထည့်သွင်းပြဋ္ဌာန်းပြီး သင်ကြားပေးနိုင်ခြင်း ရှိ မရှိနှင့် ရှိပါက မည်သည့်ပညာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးကို Grade 2၊ Grade 3၊ Grade 4၊ Grade 5၊ Grae 6 တွင်ပြည်သူနီတိဘာသာရပ်၌ ဥပဒေပညာနှင့်စပ်လျဉ်း၍ အသိပညာပေးသည့် သင်ခန်းစာများကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ သင်ရိုးဝင်အုပ်စု(ခ)ဘာသာရပ်များဖြစ်သည့် စာရိတ္တနှင့် ပြည်သူ့ နီတိ ဘာသာရပ်၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ အနုပညာပန်းချီ၊ ဂီတ၊ ကာယပညာ၊ ဒေသသင်ရိုးများကိုလည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် Grade 8၊ Grade 9၊Grade 10၊ Grade 11 များတွင် ဥပဒေဆိုင်ရာ အခြေခံသဘောတရား၊ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများကို စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ် အခန်း(၃)တွင်စည်းကမ်းနှင့်ဥပဒေဆိုသည့် သင်ခန်းစာခေါင်းစဉ်နှင့် ထည့်သွင်းသင်ကြားပေးလျက်ရှိပါကြောင်း။
Grade-11 နှင့် Grade 12 အတန်းများတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူ များသည် အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်များဖြစ်ပြီး Grade 12 ပြီးသွားလျှင် အသက်အရွယ်အရ မဲပေးရန် အကျုံးဝင်သူများ ဖြစ်လာနိုင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေအပါအဝင် သိသင့်သိထိုက်သည့် ဥပဒေတို့နှင့်စပ်လျဉ်း၍ ဥပဒေ ရေးရာဝန်ကြီးဌာနမှ ပြုစုထားသည့် ဥပဒေအသိပညာပေးစာအုပ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ ဆရာ ဆရာမများကို ဥပဒေဆိုင်ရာသင်တန်းများပေးခဲ့ပြီး Grade 11 နှင့် Grade 12 ကျောင်းသား ကျောင်းသူများကို တစ်နှစ်လျှင် ၂၄ ချိန် သင်ကြားပေးနိုင်ရေးအတွက် ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများထဲမှ အခန်း(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၂) မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို Grade 10၊ အခန်း(၃) ရာဇသတ်ကြီး၊ အခန်း(၄) လောင်းကစားဥပဒေနှင့် အခန်း(၅) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ Grade 11၊ အခန်း(၆)အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း(၇) ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေနှင့် အခန်း(၈) ပြည်သူ့စစ်မှုထမ်းဥပဒေတို့ကို Grade 12 တွင် အတန်းအလိုက် သင်ခန်းစာခေါင်းစဉ်များခွဲပြီး သင်ကြားပို့ချပေးလျက်ရှိပါကြောင်း။
ထိုသို့ လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိသည့်အတွက် ဆရာ ဆရာမများကိုလည်း ဥပဒေ အသိပညာစာအုပ်ကို ကိုးကားပြီး TOT သင်တန်းများကျင်းပ၍ တစ်နှစ်တွင် စာသင်ချိန် ၂၄ ချိန်ဖြင့် ကျွမ်းကျင်စွာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာအလယ်တန်းဆင့် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်တွင်ပါဝင်သည့် ဥပဒေဆိုင်ရာသင်ခန်းစာများ ဆွေးနွေးပွဲဗဟို အဆင့်ကိုလည်း နေပြည်တော်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ပြီး ဆင့်ပွားသင်တန်းများဖြင့်လည်း တက်ရောက်စေလျက်ရှိကြောင်း၊အဆင့်မြင့်ပညာဦးစီးဌာန ဖြင့်လည်း တက္ကသိုလ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအပါအဝင် သိသင့်သိထိုက်သည့် ဥပဒေတို့နှင့်စပ်လျဉ်းသည့် ဥပဒေပညာအသိပညာပေး အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အခြေခံပညာအလယ်တန်းအဆင့် Grade 8၊ Grade 9 စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်များတွင် သင်ကြားပို့ချလျက်ရှိပါကြောင်း၊ အခြေခံပညာ အထက်တန်းအဆင့်တွင် Grade 10၊ Grade 11 နှင့် Grade 12 တွင် စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်များတွင် သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် ဥပဒေရေးရာဝန်ကြီးဌာနမှ ပြုစုထားသည့် ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ သင်ကြား ပို့ချပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ကလေးသူငယ်များ၏ ဥပဒေ နှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိသင်ကြားနိုင်ရန်အတွက် အလေးထားလမ်းညွှန်မှာကြားထားရှိပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးစိုးဝင်း(မြို့သစ်မဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
အလယ်တန်းအဆင့်တွင် ပါဝင်သည့် ဥပဒေပညာကို ထည့်သွင်းသင်ကြားပေးရန်ဆိုသည်မှာ ကျောင်းနေအရွယ်တိုင်းသည် အလယ်တန်းအဆင့်တွင် ကျောင်းနေအရွယ်ရာနှုန်းပြည့်နီးပါး တက်ရောက်နေသည့် အချိန်အခါဖြစ်ပါကြောင်း၊ အထက်တန်းအဆင့်တွင်လည်း Grade 12 ၏ အရည်အချင်းသုံးသပ်ချက်နှင့် တက္ကသိုလ်အဆင့်မီမည့် စာမေးပွဲနှင့် ဖြတ်လိုက်သည့်အခါ အထက် တန်းအဆင့်တွင်လည်း ကျောင်းသားများသည် အောင်၊ ရှုံးနှင့် အရပ်နယ်မြေဘက်တွင် ရောက်ရှိ လာသည်မှာ အများကြီးရှိလာပါကြောင်း၊ အထက်တန်းအဆင့် အောင်သွားပြီး မိမိတို့ကြိုက် နှစ်သက်သည့်ဘာသာရပ်ကို ယူသွားသည့်အတွက် ဥပဒေပညာတွင် အသိနည်းတာကို တွေ့ရှိရပါ ကြောင်း၊ မိမိဆိုလိုသည့် အဓိပ္ပာယ်မှာ စာရိတ္တနှင့် ပြည်သူ့နီတိဆိုသည်မှာ လိမ္မာရေးခြားရှိရန် အတွက် အဓိကသင်ကြားနေသည်ကို မိမိလက်ခံပါကြောင်း၊ သို့သော်အရပ်မြေပြင်တွင် ကျောင်းသား များသည် မည်သည့်ဥပဒေ၊ ပုဒ်မနှင့် အနီးစပ်ဆုံး သူ့အရွယ် Grade 8 နှင့် Grade 9 မှ ထွက်ပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်ခဲ့လျှင် ဥပဒေပညာကိုမသိဘဲ အခြေခံအချက်အလက်၊ ပုဒ်မအနေဖြင့်မသိလျှင် ဥပဒေအရ ဘာလုပ်ရင် ဘာဖြစ်တတ်တယ်ဆိုသည့် အပိုင်းလေးများပါဝင်ပြီး ဥပဒေ၏အတိမ်အနက်၊ ဆုံးမမှု၊ အပြစ် များများရှိကြောင်း၊ အပြစ်မှ လွတ်တယ်ဆိုတာလေးတွေ သိလာအောင်အထိ ပြဋ္ဌာန်းပေးနိုင်သည့် အရည်အချင်းလေးများကို များများသိလာမှ အပြင်ရောက်ကျောင်းသားများ၊ ပြည်သူများသည် ယဉ်ကျေးလိမ္မာလာလိမ့်မည်၊ ပိုပြီး ပြဿနာများ နည်းလာလိမ့်မည်ဟု ယူဆသည့်အတွက် ဥပဒေကို ပုဒ်မနှင့်အညီ အတိုင်း အတာတစ်ခု၏ ခံရမှု၊ စံရမှုအတိုင်းအတာလေးများ ပေါ်လွင်အောင် ပြဋ္ဌာန်းပြီး သင်ကြားပို့ချ ပေးနိုင်ပါရန် ထပ်ဆင့်အကြံပြုလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က
မိမိတို့အနေဖြင့်လည်း ထိုဥပဒေနှင့်စပ်လျဉ်း၍ အသေးစိတ်ဆိုလျှင် ဥပဒေ၊ ပုဒ်မများ အားလုံးသည် အရမ်းလေးနက်ပါကြောင်း၊မူရင်းအဓိပ္ပာယ်ကိုလည်း သင်ကြားရန်၊ သင်ယူရန် ခက်ပါကြောင်း၊ ကလေးများအားလုံးသည် ဥပဒေကိုအခြေခံအားဖြင့် သိရှိနိုင်ရန်ဆိုလျှင် ထိုဥပဒေနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် သေသေချာချာနားလည်ရန် သင်ကြား ပို့ချပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ ဆရာမများကို စ၍ Train လုပ်ပြီး ဆရာ ဆရာမများ နားလည်မှဆက်၍ ကလေးများအတွက် သင်ကြားနိုင်ရန်အတွက် လုပ်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ ဆရာမများကိုလည်း အလေးအနက်ထားပြီး သင်ကြားနေပါကြောင်း၊ သင်ကြားပြီးသည့် အကြောင်းအရာများကိုလည်း ကလေးများလက်ထဲရောက်သွားအောင်၊ ခေါင်းထဲအသိထဲရောက်သွား အောင် ထပ်ပြီး သင်ကြားပေးပါကြောင်း၊ ထိုအပေါ်တွင်လည်း မိမိတို့ဆန်းစစ်ပြီး ကလေးများ ဘယ်လောက်နားလည်သလဲဆိုသည်ကိုလည်း စောစောက မိမိဖြေကြားခဲ့သလို လေ့လာဆန်းစစ် အဖွဲ့မှ Team နှင့် လိုက်လံ၍ ဆန်းစစ်ချက်များ ထုတ်ပါကြောင်း၊ ထိုအပေါ် မူတည်၍ ကလေးများ အပေါ် သင်ကြား၊ သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိုအပေါ်တွင်လည်း ကလေးများ၏ လိုက်နာနိုင်မှု၊ အားထည့်နိုင်သည့်အပေါ် မူတည်၍ ရနိုင်သလောက် အနေအထား ပဲရကြခြင်းဖြစ်ပါကြောင်း၊ ထိုသို့အကြံပေးသည့်အပေါ် မိမိတို့ ထဲထဲဝင်ဝင် လိုက်ပြီး ဆန်းစစ်ချက်များ ထုတ်သည့်အချိန်တွင် နားလည်မှု ရှိ မရှိ ဆက်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ သင်ကြားမှု၊ သင်ယူမှုများကိုလည်း အလေးအနက်ထားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။