MY EN

(ဇ)- ဒေါ်ဥမ္မာဌေး (မော်လမြိုင်မဲဆန္ဒနယ်)

2026-10-28
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်ဥမ္မာဌေး (​မော်လမြိုင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မော်လမြိုင်မြို့နှင့်နေပြည်တော်သို့ ဆက်သွယ်သောမီးရထားအား မည်သည့်အချိန်တွင် စတင် ပြေးဆွဲ မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မွန်ပြည်နယ်သည် မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိပြီး လူဦးရေအားဖြင့်လည်း နှစ်သန်းကျော် နေထိုင်လျက်ရှိကြောင်း၊ မော်လမြိုင်မြို့သည် ပြည်နယ်၏မြို့တော်ဖြစ်ပြီး ပြည်နယ်အစိုးရရုံးစိုက်ရာ နေရာလည်းဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့နှင့်လည်း နယ်မြေချင်း ထိစပ်လျက်ရှိပါကြောင်း၊ ပြည်နယ်၏ဒေသထွက်ကုန်များမှာ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရာဘာ စသည် တို့ထွက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအားဖြင့် ကားလမ်း၊ မီးရထားလမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်းတို့ ရှိပါကြောင်း၊ ပြည်သူများ၏ နေ့စဉ်ကုန်စည်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဓိကထားသွားသောလမ်းမှာ မီးရထားလမ်းနှင့် ကားလမ်းဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အားဖြင့်လည်း ကရင် ပြည်နယ်- ဘားအံ-  ကော့ကရိတ်- မြဝတီသို့သွားသောကားလမ်း တနင်္သာရီတိုင်း- ရေး- ထားဝယ်- မြိတ်မြို့သို့သွားသောကားလမ်း မော်လမြိုင်မှရန်ကုန်မြို့သို့ မီးရထားလမ်းနှင့်ကားလမ်း၊ မော်လမြိုင်မြို့မှနေပြည်တော်သို့ မီးရထားလမ်းနှင့်ကားလမ်း စသောဆက်သွယ်ထားသော လမ်းများ ရှိကြပါကြောင်း။

ယခုအခါ မော်လမြိုင်မြို့နယ်သည် နယ်မြေဒေသအရအေးချမ်း၍ လမ်းပန်း ဆက်သွယ်သွား လာရ လွယ်ကူသောဒေသလည်းဖြစ်ပါကြောင်း၊ နေပြည်တော် မော်လမြိုင်ရထားသည် ၂၀၀၇ ဧပြီလ ၂၂ ရက် မှ စတင်ဖွင့်လှစ်ပြီး ၂၀၁၉ အောက်တိုဘာလအထိသာ မီးရထားပြေးဆွဲခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအခါ မော်လမြိုင်မြို့မှ နေပြည်တော်သို့ကားလမ်းတစ်ခုတည်းသာ သွားလာနေ သည်ကိုတွေ့ရှိရပါကြောင်း၊ လက်ရှိအချိန်ကာလတွင် စက်သုံးဆီနှင့်ကုန်ဈေးနှုန်းများ ကြီးမြင့်လာ သောကြောင့် ဒေသခံပြည်သူများ ခရီးသွားလာရာတွင် များစွာခက်ခဲလှပါကြောင်း၊ နေ့စဉ်ခရီးသွား များမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် နိုင်ငံ့ဝန်ထမ်းများ အလုပ်ကိစ္စဖြင့် ခရီး သွားလာ ရခြင်းများရှိသော်လည်း ဤကဲ့သို့ခရီးသွားပြည်သူများသည် မီးရထားဖြင့်သွားလာရာတွင် ခရီးစရိတ် သက်သာခြင်း၊ သက်တောင့်သက်သာသွားလာရခြင်းစသော အကျိုးကျေးဇူးများ ခံစားရမည် ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့်လည်း နိုင်ငံတော်ဝင်ငွေရရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံ ပြည်သူများခရီးသွားလာရာတွင် အဆင်ပြေသက်သာစေရန်အတွက်မော်လမြိုင်မြို့နှင့် နေပြည်တော် သို့ ဆက်သွယ်ထားသော မီးရထားလမ်းအား ပြန်လည်ပြေးဆွဲပေးရန် အစီအစဉ် ရှိ မရှိနှင့်  ရှိခဲ့ပါ လျှင်လည်း မည်သည့်အချိန်တွင်ပြေးဆွဲပါမည်ကို သိရှိလိုပါ ကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင် က

မော်လမြိုင်မြို့နှင့် နေပြည်တော်သို့ ဆက်သွယ်ထားသော နေပြည်တော်-တောင်ငူ-အိမ်ခြေ လေးဆယ်-ဆတ်သွားကုန်း-မော်လမြိုင် ရထားလမ်းပိုင်းတွင် ၂၁-၄-၂၀၀၇ ရက်မှစ၍ အမှတ် ၁၆၊ ၁၅ နေပြည်တော်-မော်လမြိုင်ရထားနှင့် အမှတ် ၁၈၊ ၁၇မော်လမြိုင်-နေပြည်တော်ရထားများ ပြေးဆွဲ ပေးခဲ့ပြီး ခရီးသည် စီးနင်းမှုနည်းပါးသည့်အတွက် နိုင်ငံတော်မှ အရှုံးခံပြေးဆွဲ၍ ဝန်ဆောင်မှု ပေးခဲ့ပကြောင်း၊ ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင် ခြင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်စဉ်တွင် စီမံကိန်းလုပ်ငန်းများ  အဆင် ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၁-၁၀-၂၀၁၉ ရက်မှစ၍ အဆိုပါ လမ်းပိုင်း ရထား ပြေးဆွဲခြင်းကို ယာယီပိတ်သိမ်းခဲ့ပါကြောင်း။

လက်ရှိတွင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားလမ်းပိုင်းတွင် DEMU ရထားများကို    ၂၈-၂-၂၀၂၅ ရက်မှစ၍လည်းကောင်း၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းတွင် DEMU ရထားများကို ၁-၇-၂၀၂၆ ရက်မှစ၍ လည်းကောင်း စတင်ပြေးဆွဲခဲ့ပါကြောင်း၊ မော်လမြိုင်-နေပြည်တော်-မော်လမြိုင် ရထားလမ်းပိုင်းအတွက် တိုက်ရိုက်ရထားပြေးဆွဲခြင်း မရှိသေးပါ ကြောင်း၊  သို့သော်လည်း နေပြည်တော်-မော်လမြိုင် တိုက်ရိုက်ရထားများ ပြေးဆွဲပေးခြင်း မရှိသေး သော်လည်း ရန်ကုန်-ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းနှင့် ရန်ကုန်-ပဲခူး-တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်းတို့တွင် ခေတ်မီ DEMU ရထားတွဲဆိုင်းများနှင့် ပုံမှန်အမြန်ရထားများ၊ ခရီးတို ရထားများအဖြစ် RBE, BEMU များနှင့် ပဲခူး-တောင်ငူ-နေပြည်တော် လမ်းပိုင်းတွင် အစုန်၊ အဆန် ပြေးဆွဲပေးလျက် ရှိသည့်အတွက် မော်လမြိုင်မှ ပဲခူး၊ ပဲခူးမှ နေပြည်တော် အထိအဆင်ပြေ ချောမွေ့ စွာ ချိတ်ဆက်၍ ခရီးသွားလာနိုင်ပါကြောင်း။

ထို့ကြောင့် မော်လမြိုင်မှ နေပြည်တော်သို့ တိုက်ရိုက်ရထားများ ပြေးဆွဲပေးရန်နှင့်စပ်လျဉ်း၍ တိုက်ရိုက်ရထားပြေးဆွဲပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် ရထားခရီးစဉ်များ ကို အာရုံစိုက်၍ တိုးချဲ့ပြေးဆွဲပေးလျက်ရှိပါကြောင်းနှင့် ရုံးပိတ်ရက်ရှည်များတွင် ခရီးသွားပြည်သူ များနှင့် ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီး စဉ်များကို လည်း တိုးချဲ့ပြေးဆွဲ ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဒေါ်ဥမ္မာဌေး(မော်လမြိုင်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်-

မော်လမြိုင်မှ ရန်ကုန်သို့နေ့စဉ်သွားသော မီးရထားလမ်းရှိပါကြောင်း၊ အလားတူ ရန်ကုန်မှနေပြည်တော်သို့၊ နေပြည်တော်- မန္တလေးသို့သွားသောမီးရထားလမ်းလည်း ရှိပါကြောင်း၊ အဆိုပါမီးရထားလမ်းနှစ်ခုသည် ပဲခူးဘူတာ၌ စုံရပ်ဖြစ်ပါကြောင်း၊ မော်လမြိုင်မှ နေပြည်တော်သို့ ပဲခူးလမ်းခွဲမှသွားမည်ဆိုလျှင် BEMU ရထားဖြင့်သွားမည်ဆိုလျှင် အချိန်ကုန် သက်သာမည်၊ ခရီးသွားပြည်သူများလည်းသက်တောင့်သက်သာ ရှိမည်ဖြစ်ပါကြောင်း၊ BEMU ရထားသည် ယခင်ရထားထက် အဆင့်အများကြီးမြင့်သည့်အတွက်ကြောင့်လည်း ခရီးသွားပြည်သူများအနေဖြင့် ပိုပြီး အဆင်ပြေလိမ့်မည်ဟု ထင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အကျိုး နိုင်ငံ့အကျိုးကို ရှေးရှုပြီးပြန်လည်စိစစ်ပေးရန် တောင်းဆိုချင်ပါကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက မည်သည့်အချိန်တွင် ပြန်လည်ပေးဆွဲပေးနိုင်မည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က 

Main လမ်းတွင် ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းရှိပါကြောင်း၊ ရန်ကုန်- ပြည် ရထားလမ်းပိုင်းရှိပါကြောင်း၊ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းရှိပါကြောင်း၊ ရန်ကုန်- မန္တလေးတွင်လည်း BEMU ရှိပါကြောင်း၊ တစ်နေ့ကို အသွား ငါးစင်း၊ အပြန် ငါးစင်း စုစုပေါင်း ၁၀ စင်းလောက်ရှိပါကြောင်း၊ ရန်ကုန်-ပြည်တွင်လည်း BEMU အသွား တစ်စင်း၊ အပြန် တစ်စင်းပြေး ပါကြောင်း၊ ရန်ကုန်- မော်လမြိုင် လည်းပြေးပါကြောင်း၊ သာမာန်အမြန်ရထား လည်းပြေးပါကြောင်း၊ ၎င်းသုံးနေရာတွင် နေ့စဉ်နှင့်အမျှ ရထားစီးနင်းမှုကို အမြဲတမ်းစောင့်ကြည့်ပြီး စိစစ်လျက်ရှိ ပါ ကြောင်း၊ ပထမအများဆုံးမှာ ရန်ကုန်- မန္တလေးဖြစ်ပါကြောင်း၊ ဒုတိယအများဆုံးမှာ ရန်ကုန်- ပြည် ဖြစ်ပါကြောင်း၊  တော်တော်စီးကြပါကြောင်း၊ စီးနင်းမှုအနည်းဆုံးမှာ ရန်ကုန်- မော်လမြိုင်ဖြစ်ပါ ကြောင်း၊  BEMU ရထားပြေးဆွဲပေးသည်ဆိုသည်မှာ ထိုင်ခုံပြည့်ရုံသာသာလေးပဲရှိပါကြောင်း၊ ခရီး သည် အတက်အဆင်းနှင့်ပြေးဆွဲမှုနည်းနေသေးပါကြောင်း၊ မြန်မာ့မီးရထားသည် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့ စောစောကပြောသလို ဝန်ဆောင်မှုဆိုသော်လည်းပဲ စီးပွားရေးတွက်ချေကိုက်ရန် ယခုပြေးဆွဲပေးမည့်ရထားများသည် ဆီဖိုးကျေရုံသာပြေးဆွဲပေးနေခြင်း ဖြစ်ပါကြောင်း၊ ဆီဖိုးကျေရုံသာ လက်မှတ်ခများ သတ်မှတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းဖြစ်သည့်အတွက် ဝန်ဆောင်မှုဆိုသော်လည်းပဲ စီးပွားရေးတွက်ချေ ကိုက်မည့် ခရီးစဉ်စီးနင်းမှုရှိလျင် စီစဉ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားလိုပါကြောင်း၊  ၎င်းအတွက်ကို မိမိတို့ လမ်းကြံ့ခိုင်မှုတွေပြန်စစ်ပါ့မည်၊ သံလမ်းနှင့် သံလမ်းကလစ်များ ပျောက်ဆုံးနေသည့် Fishplateများ ၎င်းတို့ပြန်စိစစ်ပြီးတော့မှ စီးနင်းမှုရှိမည်ဆိုလျင် စီးနင်းမှုများလာ မည်ဆိုလျင်  စဉ်းစားဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။