မိုင်းခတ်မြို့နယ်၊ မိုင်းနုန်းကျေးရွာ၊ နမ့်နုန်းချောင်း၊ ခမ်းနွဲ့ရေလွှဲဆည် ချောင်းဘေးကမ်းပါးပြိုကျ ပျက်စီးမှုနှင့် ကျန်ရှိသည့်ကျောက်စီရေသွယ်မြောင်းအား မည်သည့်အချိန်တွင် တည်ဆောက် ပေး မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိုင်းခတ်မြို့နယ် အနေဖြင့် ယခင်စိုက်ပျိုးမြေ ၂၆,၅၁၄ ဧကရှိပြီး ယင်းတို့အနက် လယ်ဧကမှာ ၁၂,၆၅၉ ဧက စိုက်ပျိုး လုပ်ကိုင်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် နွေစပါး၊ မိုးစပါး ၂၃,၂၅၀ ဧကကျော် စိုက်ပျိုးနိုင်ပြီး မြို့နယ်အနေဖြင့် ရေအရင်းအမြစ်များစွာရှိသော်လည်း စိုက်ပျိုးရေး ကို အထောက်အကူပြုသောဆည်များမှာ ဖိုက်တင်းဆည်အကျိုးပြုဧက ၁၅၀၊ နောင်လျှန့်ဆည် အကျိုး ပြု ဧက မိုး ၃၅၀၊ နွေ ၂၅၀၊ နမ့်ဟူး ဆည်အကျိုးပြုဧက မိုး ၄၀၊ နွေ ၄၀ ဧကရှိပါတယ်။ ယခု ခမ်းနွဲ့ ဆည်သည် အကျိုးပြုဧက မိုး၊ နွေ ၂၂၀ ဧကတို့ဖြစ်ပါကြောင်း၊ ၎င်းဆည်ကို အဓိကထားပြီး အသုံးပြု သော ကျေးရွာများမှာ ဝမ်အာန်ကျေးရွာ၊ ခမ်းနွဲ့ကျေးရွာ၊ ပါကန်ကျေးရွာ၊ ယန်းလုံကျေးရွာ နှင့် တပ်မိုင် ကျေးရွာတို့ဖြစ်ကြကြောင်း၊ ယခုနှစ် စပါးစိုက်ပျိုးရာသီအတွင်း မိုးများပြီး တောင်ကျချောင်း များပေါများသည့်အတွက် ရေကြီးရေလျှံ ဖြစ်၍ ခမ်းနွဲ့ရေလွှဲဆည် ချောင်းဘေးကမ်းပါး ပေ ၂၀ ခန့် ရေတိုက်စားသွားပြီး ကမ်းပါးပြိုကျပျက်စီးသွားခဲ့ရပါကြောင်း၊ ထိုသို့ ပြိုကျပျက်စီးသွားခြင်း ကြောင့် ရေစီးလမ်းကြောင်းလည်းပြောင်းလဲသွားပြီး တောင်သူများ ဆည်ရေမ ရရှိတော့သည်ကို တွေ့ရှိရပါ ကြောင်း၊ ၎င်းနောက် တောင်သူများစုပေါင်း အားဖြင့် ယခုလောလောဆယ် ဆည်ရေများရရှိအောင် မျောတိုင်များ၊ ဝါးလုံးများဖြင့် လက်ရိုက်ဆည် ပြုလုပ်ပြီး ဆည်ရေရယူလျက်ရှိပါကြောင်း၊ ဆည်ရေ များရရှိမှသာ ယခုနှစ်စိုက်ပျိုးထားသောစပါးများ အောင်ရေရရှိမည်ဖြစ်ပြီး စပါးအထွက်နှုန်း ပန်းတိုင် လည်းရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဆက်လက် တည်ဆောက်ပေးရန်ကျန်ရှိသည့် ကျောက်စီ ရေသွယ်မြောင်းအပိုင်းကိုလည်းဆက်လက်တည်ဆောက်ပေးရန်လိုအပ်နေသေးသည်ကို တွေ့ရှိရ ပါကြောင်း၊ ခမ်းနွဲ့ရေလွှဲဆည်အား ပြန်လည်ပြုပြင်တည်ဆောက် ပေးမည်ဆိုပါက စပါးစိုက်ဧက ၂၂၀ အတွက် အကျိုးပြုမည်ဖြစ်ပါကြောင်း။
မိုင်းခတ်မြို့နယ်၊ မိုင်းနုန်းကျေးရွာအုပ်စု၊ နမ့်နုန်းချောင်း၊ ခမ်းနွဲ့ရေလွှဲဆည်အား (၁) ရေလွှဲဆည် ချောင်းဘေးကမ်းပါးပြိုကျပျက်စီးမှုကို ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ၊(၂) ဆက်လက်တည်ဆောက်ပေးရန် ကျန်ရှိသည့်ကျောက်စီ ရေသွယ်မြောင်းအပိုင်းအား ဆက်လက် တည်ဆောက်ပေးရန် အစီအစဉ် ရှိ /မရှိ၊ ရှိလျှင် မည်သည့် အချိန်တွင် တည်ဆောက် ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က
နမ့်နုန်းချောင်းသည် ပျမ်းမျှအကျယ် ၁၀ဝ ပေခန့်ရှိပြီး ချောင်းအလျား ၁၃ မိုင်ခန့် ရှည်လျား ၍ နမ့်လွေချောင်းအတွင်းသို့ စီးဝင်သောချောင်းဖြစ်ပါကြောင်း၊ မိုင်းနုန်းကျေးရွာအုပ်စု၊ ခမ်းနွဲ့ ကျေးရွာအနီး နမ့်နုန်း ချောင်းပေါ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ပြည်နယ်ရန်ပုံငွေဖြင့် ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခမ်းနွဲ့ကျောက်စီကွန်ကရစ်ရေလွှဲဆည်နှင့် ရေပေးတူးမြောင်းအား တည်ဆောက်ပေးခဲ့ပြီး ကျေးလက်ဆည်ကော်မတီသို့ လွှဲပြောင်းပေးအပ်၍ ထိန်းသိမ်း စေခဲ့ပါကြောင်း၊ ဒေသခံတောင်သူများသည် နမ့်နုန်းချောင်းရေကို ခမ်းနွဲ့ရေလွှဲဆည်၏ ရေပေးမြောင်းမှ တစ်ဆင့် သွယ်ယူပြီး လယ်မြေဧရိယာ ၂၂၀ ဧကအား စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါကြောင်း၊ ခမ်းနွဲ့ကျောက်စီကွန်ကရစ်ရေလွှဲဆည်မှ ရေသွယ်ယူသည့် ရေပေး မြောင်း အလျား ၁၂,ဝဝဝ ပေခန့် ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၁,၃၄၀ ပေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အလျား ၃၆၀ ပေခန့် စုစုပေါင်း အလျား ၁,၇ဝဝ ပေအား ကျောက်စီ ရေမြောင်းအဖြစ် တည်ဆောက်ပေးခဲ့ပါကြောင်း၊ ၁ဝ-၇-၂ဝ၂၆ ရက်နေ့တွင် မိုင်းခတ်မြို့နယ်အတွင်း မိုးရေချိန် ၃.ဝ၄ လက်မအထိ မိုးရွာသွန်းမှု များပြားခြင်းကြောင့် တောင်ကျရေများနှင့်အတူ မျောပါ လာသော သဲနုန်း နှင့်အမှိုက်များပို့ချပြီး နမ့်နုန်းချောင်းကြမ်းပြင်မြင့်တက်ပြီး ချောင်းဘောင်မှ ရေလျှံတက်ကာ ရေလွှဲဆည် အထက်ဘက်ရှိ ချောင်းဘောင်ရေတိုက်စားခံရ၍ အကျယ်ပေ ၂ဝ ခန့် ကျိုးပေါက်ကာ ချောင်းလမ်းကြောင်း ပြောင်းလဲစီးဆင်းခဲ့ပါကြောင်း၊ စတင်ဖြစ်ပွားစဉ်က ချောင်းဘောင် အလျား ပေ ၂ဝ ခန့် ကျိုးပေါက်ခဲ့သော်လည်း ၂၇-၉-၂ဝ၂၆ ရက်နေ့တွင် ချောင်းရေ တိုက်စားမှုကြောင့် ချောင်း ဘောင်အလျား ပေ ၆ဝ ခန့် ထပ်မံကျိုးပေါက်ခဲ့ပါကြောင်း။
ချောင်းဘောင်ကျိုးပေါက်၍ ချောင်းလမ်းကြောင်းပြောင်းသွားပြီး ရေလွှဲဆည် အထက်ဘက် တွင်အမှိုက်များနှင့်သဲနုန်းများ ပို့ချလျက်ရှိသည့်အတွက် တောင်သူများသည် ရေလွှဲဆည်၏ အထက်ဘက် တွင် မျော၊ ဝါးများဖြင့် လက်ရိုက်ဆည်ပြုလုပ်ကာ ဆက်သွယ်ရေပေးမြောင်း အသစ် တူးဖော်ပြီး ယခင်တည်ဆောက်ထားသည့် ရေပေးမြောင်းနှင့်ချိတ်ဆက်၍ လတ်တလော စိုက်ပျိုးရေ ရယူလျက် ရှိပါကြောင်း၊ အလားတူ ရေပေးမြောင်း ပေတိုင် ၃၀၀ ခန့်တွင် တူးမြောင်းအထက်ဘက်ရှိ ဟွေဆပ်ရိုး မှ ရေများသည် ရေပေးမြောင်းအား ဖြတ်သန်းစီးဆင်းမှုကြောင့် ရေပေးမြောင်းအလျား ၁၅ ပေခန့် ကျိုးပေါက်ပျက်စီးပြီး ရေပေးမြောင်းအတွင်းသို့ သဲနုန်းများပို့ချ တိမ်ကော လျက်ရှိပါ ကြောင်း၊ မိုင်းခတ်မြို့နယ်၊ နမ့်နုန်းချောင်း၊ ခမ်းနွဲ့ရေလွှဲဆည်နှင့် ရေပေးမြောင်းသည် ခမ်းနွဲ့ ရေလွှဲဆည် အထက် ဘက်ရှိ ချောင်းလမ်းကြောင်း ပြောင်းလဲစီးဆင်းသွားပြီး မိုင်းခတ်မြို့နယ်၊ ခမ်းနွဲ့ ရေလွှဲဆည် ရေပေး မြောင်းပေတိုင်၃၀၀ နှင့် ဟွေဆပ်ရိုးမှရေဆိုးနှင့်သဲနုန်းများ ဖြတ်သန်း စီးဆင်းခြင်းကြောင့် တူးမြောင်းဘောင်ကျိုးပေါက် ပျက်စီးသွားသည့်ကိုတွေ့ရှိရပါကြောင်း။
နမ့်နုန်းချောင်း ရေလမ်းကြောင်းပြောင်းလဲစီးဆင်းနေမှုအား ပြန်လည်ပိတ်ဆို့ခြင်း၊ ချောင်း အတွင်း ပို့ချလျက်ရှိသည့် သဲနုန်းများအားတူးဖော်၍ ချောင်းဘောင်ဆင့်ခြင်း၊ ရေပေးမြောင်း ထပ်မံထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ရေပေးမြောင်းပေတိုင် ၃၀၀ ပေ ဟွေဆပ်ရိုးတည်ရှိသည့် နေရာတွင် သဲထုတ်ရေတံခါးနှင့် ရေဆိုးထုတ်မြောင်းတည်ဆောက်ခြင်းနှင့် တူးမြောင်းအား သဲနုန်း တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပြီးဆောင်ရွက်ရန်ကျန်ရှိသည့် ရေပေး မြောင်း စုစုပေါင်းအလျား ၁၀,၃ဝဝ ပေအား ကျောက်စီရေပေးတူးမြောင်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဆိုပါက ကုန်ကျစရိတ်များပြားခြင်းနှင့် ကုန်ကျစရိတ်နှင့်အကျိုးအမြတ်ရရှိနိုင်မှု အခြေအနေ ကိုက်ညီမှုမရှိခြင်းကြောင့် တူးမြောင်းပုံစံကျ တူးဖော်ခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သင့်ပါကြောင်း။
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းတွင်ပါရှိသည့် လုပ်ငန်းများဖြစ်သည့် ရေလွှဲဆည်ချောင်းကမ်းပါးပြိုကျပျက်စီး၍ချောင်းလမ်းကြောင်းပြောင်းလဲသည့်နေရာအား ပြန်လည် ပိတ်ဆို့ခြင်းနှင့် သဲနုန်းတူးဖော် ဘောင်ဆင့်ခြင်းလုပ်ငန်း၊ ရေပေးမြောင်းတွင် သဲထုတ် ရေတံခါး၊ ရေဆိုးထုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် တူးမြောင်းပုံစံကျ ပြန်လည်တူးဖော်ခြင်းလုပ်ငန်း တို့ကို ဆောင်ရွက်နိုင်ရန်အတွက် အနီးစပ်ဆုံး သင့်လျော်သည့်ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း နှင့် လုပ်ငန်းများဆောင်ရွက် ပြီးစီးပါက မိုင်းနုန်းကျေးအုပ်စုရှိ ဒေသခံတောင်သူ များ၏ လယ်မြေ ၂၂၀ ဧကအား အောင်ရေရရှိ သည်အထိ စိုက်ပျိုးရေ လုံလောက်စွာ ရရှိနိုင် မည် ဖြစ်ပြီး ဒေသအတွက် စီးပွားရေးအကျိုးအမြတ်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးဆိုင်ရာ အကျိုးအမြတ် များ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပြန်လည် ဖြေကြားခဲ့ပါသည်။