နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၈-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
MY EN

(ဏ)- ဦးမောင်ရွှေ(လွိုင်ကော်မဲဆန္ဒနယ်)

2026-10-28
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မေးခွန်း
ဦးမောင်ရွှေ (လွိုင်ကော် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မိုးဗြဲရေကာတာမှ မှုံပြာကျေးရွာအထိ မြောင်းတစ်လျှောက် ကျောက်စီမြေထိန်းနံရံပြုလုပ်ပေးရန်နှင့် ရေမိုင်နာမြောင်းများ ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 ရှမ်းပြည်နယ်မှ မိုးဗြဲရေကာတာ သည် ၁၉၆၇ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၉၇၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ၁၉၆၈ ခုနှစ်မှစ၍ လက်ဝဲမြောင်းမကြီးကို တူးဖော်ခဲ့ရာတွင် မိုးဗြဲရေကာတာမှစ၍ လွိုင်ကော်မြို့၊ မှုံပြာကျေးရွာအထိ မိုင်ပေါင်း ၁၀ မိုင်ခန့် ရှည်လျားသဖြင့် ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ပြီးစီးခဲ့သည်ကို သိရှိရပါကြောင်း၊ လွိုင်ကော်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော ကုန်းသာ၊ နိုးကိုး၊ ဒေါပေါ်ကလဲနှင့် မှုံပြာကျေးရွာရှိ တောင်သူဦးကြီးများ၏ လယ်ဧက ၉,၀၀၀ ဧကကို လက်ဝဲမြောင်းမကြီးမှ ရေများရယူ၍ စိုက်ပျိုး လုပ်ကိုင် လျက်ရှိကြ ကြောင်း၊ အဓိက အားထားရသော လက်ဝဲမြောင်းမကြီး တစ်ခုဖြစ်ပါကြောင်း။

လက်ဝဲမြောင်းမကြီးသည် ယခု ဆိုလျှင် နှစ်ပေါင်း ၅၀ ကျော်ရှိလာပြီဖြစ်ပါကြောင်း၊ အကြီးစားပြုပြင်ရန် လိုအပ်လျက်ရှိလာပြီ ဖြစ်ပါကြောင်း၊ ရေများ အလေအလွင့်နည်း ပါးစေရန် အတွက် ပျက်စီးနေသော ရေမိုင်နာမြောင်း များပြုပြင်ရန် လိုအပ်လာပါကြောင်း၊  မိုးဗြဲရေလှောင် တမံမှ စိုက်ပျိုးရေအသုံးပြုရန်အတွက် ဘီလူး ချောင်း၏အရှေ့ဘက်နှင့်အနောက်ဘက် နှစ်ခြမ်း ခွဲ၍ အရှေ့ဘက်မြောင်းမကြီးမှ ရေများကို လွိုင်ကော်မြို့နယ်ဘက်ခြမ်းရှိ လယ်များမှ အဓိကထား စိုက်ပျိုးရေအဖြစ် အသုံးပြုနေကြရပါကြောင်း၊ အဓိကအားကိုးအားထားရသော လက်ဝဲမြောင်း မကြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ဝဲမြောင်းမကြီးတစ်လျှောက် ကျန်ရှိနေသော မြေသား မြေထိန်းနံရံသည် ကွန်ကရစ်ကျောက်စီမြေထိန်းနံရံပြုလုပ်ပေးရန်နှင့် ရေမိုင်နာမြောင်းများ သည် အကြီးစားပြုပြင်ပေးနိုင် ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေမှ နှစ်  အလိုက် ပြုလုပ် ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က 

မိုးဗြဲရေလှောင်တမံသည် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအနီးတွင် တည်ရှိပြီး လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးတို့မှတစ်ဆင့် ဆည်ရေသောက်ဧရိယာ ၁၇,၉၁၇ ဧကကို အကျိုးပြုလျက်ရှိပါကြောင်း၊ လက်ဝဲမြောင်းမကြီးသည် အလျား ၅၆,၂၃၄ ပေရှိပြီး လက်တံသုံး ခုရှိပြီး၊ အကျိုးပြုဧရိယာ ၇,၈၅၇ ဧကနင့် လက်ယာမြောင်းမကြီးသည် အလျား ၇၇,၉၅၀ ပေရှိပြီး အကျိုးပြု ဧရိယာ ၁၀,၀၆၀ ဧက ဖြစ်ပါကြောင်း၊ အဆိုပါ လက်ဝဲမြောင်းမကြီးမှနေ၍ ယခုနှစ်မိုး ရာသီတွင် မိုးစပါး ၃,၃၆၅ ဧကကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေလျက်ရှိပြီး လာမည့် နွေရာသီတွင် နွေစပါး ၂,ဝ၄၅ ဧကကို စိုက်ပျိုးရေပေးဝေရန် လျာထားလျက် ရှိပါကြောင်း၊ မြေသားရေပေးမြောင်းများ ဖြစ်သဖြင့် သဲနုန်းပို့ချမှုကြောင့်လည်းကောင်း၊ စိုက်ပျိုးရေပေး ဝေရာတွင် ဖို့မြေအမြင့်များသော မြောင်းဘောင်အပိုင်းများနှင့် မြောင်းအကွေ့ နေရာများတွင် ရေတိုက်စားခြင်းကြောင့်လည်းကောင်း၊ မြောင်းဘောင်ကြံ့ခိုင်မှုရှိစေရန်၊ ရေအလေ အလွင့်နည်းပါး၍ ထိရောက်အကျိုးရှိစွာ ရေပေးဝေနိုင်ရန် အတွက် ရေပေးမြောင်းပုံစံ ကျတူးဖော် ခြင်းလုပ်ငန်းနှင့် ကွန်ကရစ်လိုင်နင်စီခြင်းလုပ်ငန်းများကို ရရှိသည့် ရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေး အပိုင်းအလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး မိုးဗြဲတမံမှ မှုံပြာရွာ အထိ လက်ဝဲမြောင်းမကြီးအလျား ၅၆,၂၃၄ ပေတွင် လိုအပ်သည့်နေရာများ၌ အပိုင်းလိုက် အလျား ၁,၈၀ဝ ပေခန့်ကို ကွန်ကရစ်လိုင် နင်စီ ထားပြီးဖြစ်ပါကြောင်း။

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လက်ဝဲမြောင်းမကြီးမှ သဲနုန်းတူးဖော်ရန် လိုအပ်သည့် အပိုင်းအလိုက် အလျား ၂ဝ,၂၅ဝ ပေသည် မြောင်းပုံစံကျတူးဖော်ခြင်း၊ လက်တံ(၁)မြောင်းမှ လိုအပ်သည့်အပိုင်းအလိုက် အလျား ၂,၅ဝဝ ပေသည် မြောင်းပုံစံကျတူးဖော်ခြင်းနှင့် ကွန်ကရစ် လိုင်နင်စီခြင်း၊ လက်တံ(၂)မြောင်းမှ လိုအပ်သည့်အပိုင်းအလိုက် အလျား ၂,၆၀၀ ပေသည် မြောင်း ပုံစံကျ တူးဖော်ပြုပြင်ခြင်းနှင့် ကွန်ကရစ်လိုင်နင်စီခြင်း၊ လက်တံ(၃)မြောင်းမှ လိုအပ်သည့် အပိုင်း အလိုက် အလျား ၁,၄၀၀ ပေသည် မြောင်းပုံစံကျတူးဖော်ပြုပြင်ခြင်းနှင့် ကွန်ကရစ်လိုင် နင်စီခြင်း လုပ်ငန်းများကို ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးဗြဲလက်ဝဲ မြောင်းမကြီး၊ လက်တံမြောင်းများ မြောင်းပုံစံကျသဲနုန်းတူးဖော်ပြုပြင်ခြင်းနှင့် ကွန်ကရစ် လိုင်နင်စီခြင်း လုပ်ငန်းများမှ ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ယခုနှစ်ဆောင်ရွက်သည့် လုပ်ငန်းများသည် တင်ပြထားခြင်း ဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ မိုးဗြဲဆည်ရေသောက်စနစ်အတွင်း ရေပေးမြောင်းများ ရေရှည်တည်တံ့ပြီး ထိရောက်အကျိုးရှိစွာ စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့်အပိုင်း အလိုက်လျာထား၍ မြောင်းပုံစံကျသဲနုန်းတူးဖော်ခြင်းနှင့် ကွန်ကရစ်လိုင် နင်စီခြင်းလုပ်ငန်းများသည် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လျာထားစီမံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။