မချမ်းဘောမြို့တွင်းလမ်းပိုင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ်၊ ပိုတာအိုခရိုင်၊ မချမ်းဘောမြို့သည် ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့နယ်များနှင့် ဆက်သွယ်သွားလာသည့် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိသော မြို့ဖြစ်ပါကြောင်း၊ မြို့ပေါ်ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၃၂၇ အိမ်၊ လူဦးရေ ၂,၂၄၆ ဦး ရှိပါကြောင်း၊ ဌာနဆိုင်ရာရုံး ၂၈ ရုံး၊ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်း နှစ်ကျောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံများ တည်ရှိပါကြောင်း၊ ယခုအခါ မော်တော်ယာဉ်ကြီး/ငယ် ပေါများလာသည်နှင့်အမျှ ယာဉ်မတော်တဆ မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြို့ပေါ်ရှိ မဲဆန္ဒရှင်မိဘပြည်သူများလည်း လမ်းချဲ့ ပေးရန် မကြာခဏ တောင်းဆိုလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယာဉ်မတော်တဆမှု လျော့ပါးစေရန် မချမ်းဘော မြို့တွင်း ကတ္တရာလမ်း ၃ မိုင်အား အကျယ် ၁၂ ပေမှ အကျယ် ၁၈ ပေတိုးချဲ့ပေးပါရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းသော အဆိုပါလမ်းသည် မချမ်းဘောမြို့ တွင်းလမ်းများ စုစုပေါင်း ၃ မိုင်ရှိသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါ ကြောင်း၊ လက်ရှိ လမ်းအခြေအနေတွင် ၁၈ ပေအကျယ် ကတ္တရာ လမ်း ၆ ဖာလုံနှင့် ၁၂ ပေအကျယ် ကတ္တရာလမ်း ၂ မိုင်၊ ၂ ဖာလုံ ဖြစ်ပါကြောင်း၊ လမ်းများသည် ၃ မိုင်မှာ တစ်လမ်း တည်းမဟုတ်ဘဲ လမ်းအစုံ ပေါင်းလိုက်လျှင် ၃ မိုင်ရှိပါကြောင်း။
မချမ်းဘောမြို့တွင်းလမ်း၏ ကတ္တရာလမ်း ၃ မိုင်တွင် ၁၈ ပေအကျယ်လမ်းချဲ့ပြီး ၆ ဖာလုံရှိပါကြောင်း၊ ၁၈ ပေအကျယ်ချဲ့ရန် ကျန် ၂ မိုင်၊ ၂ ဖာလုံအတွက် လမ်းခင်းပစ္စည်းများ သယ်ယူ နိုင်မည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။