MY EN

(ဂ)-ဦးကျော်ကျော်အောင်(ဝိုင်းမော်မဲဆန္ဒနယ်)

2026-10-28
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးကျော်ကျော်အောင် (ဝိုင်းမော် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဗလမင်းထင်တံတားအဆင်းမှ ဝိုင်းမော်မြို့နယ် နောင်တာလောရွာအထိလမ်းအား နိုင်လွန်ကတ္တရာ သို့မဟုတ် ကတ္တရာထပ်ပိုးလွှာခင်းပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဝိုင်းမော်မြို့နယ်အတွင်းရှိ မြစ်ကြီးနား- ဗန်းမော်သွားလမ်းမကြီး၏ ဗလမင်းထင်တံတားအဆင်း နောင်တာလောရွာ AC ကတ္တရာလမ်း ခင်းထားသည့်နေရာအထိ အလျား ၁ မိုင် ၂ ဖာလုံမှာ ချိုင့်ခွက်များ နှင့်ပြည့်နှက်နေပြီး ကား၊ ဆိုင်ကယ်များ၊ ဌာနဆိုင်ရာကားများ၊ တရုတ်ပြည်သို့ တင်ပို့ကုန်သွယ်သည့် တစ်ရှူးငှက်ပျောကားများ၊ ကုန်ပစ္စည်းတင်ကားများ၊ ဖြတ်သန်းသည့်နေရာဖြစ်ပါကြောင်း၊ ချိုင့်ခွက် များကိုရှောင်ကွင်းပြီး အချိန်ကြာမြင့်စွာ သွားလာနေကြရပါကြောင်း၊ အဆိုပါပျက်စီးနေသော လမ်းပိုင်း နေရာသည် ဝိုင်းမော်မြို့အဝင် ကျက်သရေဆောင် လမ်းမကြီးဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်စစ်ကြောင်းကြီးများ နေ့စဉ်နီးပါးဖြတ်သန်းရာနေရာဖြစ်ပြီး မြစ်ကြီးနား မြို့နှင့် တခြားမြို့နယ်များသို့ ကုန်စည် စီးဆင်းမှုဆောင်ရွက်သည့် အဓိကလမ်းမကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ နေ့စဉ်ကား၊ ဆိုင်ကယ်အစီးရေ စုစုပေါင်း ၁,၀၀၀ ကျော်ခန့်ဖြတ်သန်းနေသည့် လမ်းဖြစ်ပြီး လမ်းပေါ်တွင် မိုင်းနား အ.ထ.က ကျောင်းကြီးရှိပြီး အလွန်စည်ကားရှုပ်ထွေးရာဖြစ်၍ ချိုင့်ခွက်များကိုရှောင်မောင်း၊ လမ်းကောင်းရွေးရင်း မကြာခဏယာဉ်မတော်တဆမှုဖြစ်ပြီး အန္တရာယ် များပါကြောင်း။ 

          ယခုအခါ တရုတ်ပြည်မှ အဝင်ကုန်ပစ္စည်းများ၊ မြန်မာပြည်မှထွက်သည့် တစ်ရှူးငှက်ပျော၊ ရာဘာများ တင်ပို့မှုတို့အတွက် မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေး စခန်းအား မိုင်းနားကျေးရွာ အတွင်း ၂၇-၈-၂၀၂၆ ရက်နေ့တွင် ပြည်နယ်အစိုးရဝန်ကြီးချုပ်ကြီးမှ ဖွင့်လှစ်ပေးခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ၎င်းကုန်စစ်ဆေးရေးစခန်းသည် ဗလမင်းထင်တံတားမှ ၁ မိုင် ၃ ဖာလုံ အကွာ လမ်းခွဲ မှဝင်သွားရသည့် မိုင်းနားရွာအတွင်းမှာရှိပါကြောင်း၊ ချိုင့်ခွက်များနှင့် ပျက်စီးနေသည့်လမ်းကို ဖြတ်သန်းသွားရပါကြောင်း၊ နိုင်ငံအတွက် ကုန်သွယ်ခွန် ဝင်ငွေများစွာ ရရှိစေမည့်လုပ်ငန်းကို အထောက်အကူပြုနေသည့် လမ်းပိုင်းတစ်ခုလည်းဖြစ်နေပါ၍ ကတ္တရာခင်း ပြုပြင်ပေးရန် လိုအပ်ပါ ကြောင်း၊ ၎င်းလမ်းပိုင်းအား နှစ်စဉ်ပြုပြင်ထိန်းသိမ်းနေမှုပုံစံမှာ ချိုင့်ခွက်များ အတွင်း ကျောက်မှုန် များ၊ သဲများခင်းဖြည့်ခြင်း၊ တစ်ခါတရံ အင်္ဂတေကိုင်ဖြည့်ခြင်း၊ အုတ်ခဲကျိုးကို ချိုင့်ခွက်ထဲထည့်ခြင်း များ ကိုတွေ့ရသလို ပွင့်လင်းရာသီတွင် ကျောက်ခဲကြိတ် ကတ္တရာခပ်ပါးပါး လောင်းပြီး လမ်းဖာတာကို တွေ့ရပါကြောင်း၊ ထိုသို့ ကတ္တရာခပ်ပါးပါးလောင်း လမ်းဖာပြီး ကားကြီးများပြန်ဖြတ်၍ ပျက်နေ သည့်သံသရာလည်မှုအား ပြည်သူလူထုကမကြိုက်ကြပါကြောင်း၊ ယခုနှစ်တွင်လည်း ၄ ဖာလုံကို လမ်းဖာရန်သာ လုပ်ပေးမည်ဟု ဆိုင်ရာများကပြောဆိုနေကြ၍ ထပ်ပိုးကတ္တရာခင်းပေးနိုင်ရေးတင်ပြ ပေးပါရန် ကူညီတောင်းခံလာသဖြင့် ပြည်သူ့ဆန္ဒကိုတင်ပြခြင်းဖြစ်ပါကြောင်း၊ မြို့ကျက်သရေဆောင် အဝင် ဗလမင်းထင်ကုန်းဆင်းနေရာတစ်ခုသာ ပျက်နေပြီး ကျန်သည့် နောင်တာလောရွာ၊ နန့်မြင်း ခချောင်း၊ အမှတ်(၁)ရပ်ကွက်အားလုံးနီးပါးမှာ AC ကတ္တရာများ၊ ထပ်ပိုးကတ္တရာများ ခင်းပြီးဖြစ်နေပါပြီး ၎င်းနေရာကို ကွက်ချန်ထားသလိုဖြစ်နေကြောင်း ပြည်သူများကပြောပြကြပါကြောင်း။ 

        မိုင်းနားကျေးရွာ ကုန်စစ်ဆေးရေးစခန်းကလည်း အောက်တိုဘာလလယ်အထိ ကုန်သွယ် ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၃၆ သန်းရရှိအောင် နိုင်ငံတော် အတွက်ရှာ‌ဖွေပေးခဲ့ပြီးဖြစ်ကြောင်း၊  ဗလမင်းထင်တံတားအဆင်း မှာ နောင်တာလောရွာ AC ကတ္တရာခင်းထားသည့်နေရာအထိ အလျား ၁ မိုင် ၂ ဖာလုံ၊ အကျယ်ပေ ၃၀ ရှိ မြစ်ကြီးနား-ဗန်းမော်သွားလမ်းမကြီးအပိုင်းအား AC နိုင်လွန် ကတ္တရာ သို့မဟုတ် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းအား အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ / မရှိ နှင့် အစီအစဉ်ရှိပါက အနီးစပ်ဆုံး မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ကို သိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

အဆိုပါလမ်းပိုင်းသည် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသော မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း၊ ဝိုင်းမော်မြို့နယ်အပိုင်း မိုင်တိုင် ၄၂၇/၄ မှ ၄၇၇/၀ အထိ   ၄၉ မိုင် ၄ ဖာလုံရှိသည့် လမ်းပိုင်းတွင်ပါဝင်နေပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ  ကတ္တရာကွန်ကရစ် လမ်း ၃၃ မိုင်၊ ကတ္တရာလမ်း ၁၃ မိုင် ၇ ဖာလုံနှင့်ကျောက်လမ်း ၂ မိုင် ၅ ဖာလုံဖြစ်ပါကြောင်း၊ ကချင် ပြည်နယ်တွင် လမ်းမိုင်ပေါင်း ၂,၆၃၅ မိုင်နှင့် ၅ ဖာလုံရှိပါကြောင်း၊ ကတ္တရာလမ်း၊ ကွန်ကရစ် လမ်းမခင်းရသေးသည့် ကျောက်ခင်းလမ်းက ၂၆၉ မိုင်နှင့် ၁ ဖာလုံ၊ အမာခံလမ်းက ၄၂၁ မိုင် ၂ ဖာလုံနှင့် မြေသားလမ်းက ၇၃၂ မိုင် ၂ ဖာလုံဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်း ထားသည့် အဆိုပါလမ်းပိုင်းသည် ဝိုင်းမော်မြို့နယ်အတွင်းရှိ နောင်တာလောကျေးရွာ မိုင်တိုင် အမှတ် (၄၇၃/၄)မှ ဗလမင်းထင်တံတားအဆင်း မိုင်တိုင်အမှတ် ၄၇၇/၀ အထိ အရှည် ၃ မိုင် ၄ ဖာလုံရှိသည့် လမ်းပိုင်းဖြစ်ပြီး လက်ရှိလမ်းအမျိုးအစားမှာ ၃၀ ပေအကျယ် ကတ္တရာလမ်း ဖြစ်ပါ ကြောင်း။

အဆိုပါလမ်းပိုင်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုင်တိုင် ၄၇၃/၄ မှ ၄၇၇/၀ အတွင်း ၃ ဖာလုံအား ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသော ၃ မိုင် ၁ ဖာလုံအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ၃ ဖာလုံ ထပ်မံ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ၂ မိုင် ၆ ဖာလုံ ကတ္တရာကွန်ကရစ် ဆောင်ရွက်ရန် အတွက် ရန်ပုံငွေ လျာထားပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ဦးကျော်ကျော်အောင်(ဝိုင်းမော်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။ 

ယခုလို ပြည့်စုံစွာဖြေကြားပေးသည့် ဒုတိယဝန်ကြီးကိုလည်း အထူးပင်ကျေးဇူးတင် ပါကြောင်း၊ မိမိမေးမြန်းလိုသည်မှာ ဗလမင်းထင်တံတားကနေပြီး ကြိုဆိုပါ၏ မုဒ်ဦးကြီး ရှိသည့်နေရာအထိလမ်းမှာ အလျား ၃ ဖာလုံသာရှိပါကြောင်း၊ ၎င်းနေရာတွင် လုံခြုံရေးစစ်ဆေးရေးဂိတ်များ၊ တခြားလမ်းခွဲများ ရှုပ်ထွေးစွာရှိပြီး လမ်းကလည်း အတော်ဆိုးဆိုးရွားရွားပေါက်ပြဲပျက်စီးနေပါကြောင်း၊ ၎င်း ၃ ဖာလုံ သည် အရေးပေါ်လိုအပ်နေခြင်းဖြစ်ပါကြောင်း၊အမြန်ဆုံး ကတ္တရာထပ်ပိုးလွှာခင်းပေးရန် အစီအစဉ်  ရှိ၊ မရှိ  မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၎င်း ၃ ဖာလုံအား ကတ္တရာကွန်ကရစ် AC ပြန်ခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခုနလည်း ပြန်လည်ဖြေကြားထားပါကြောင်း၊ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။