လေရှီး-ပန်ဆပ်-ဆွမ္မရာလမ်းသည် လေရှီးမှ ဆွမ္မရာမြို့မတိုင်မီ ပန်ဆပ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၅ ရွာကို အဓိကဆက်သွယ်ထား သောလမ်းဖြစ်ပြီး လူဦးရေအားဖြင့် ၂၂,၀၀၀ ကျော်ခန့်ရှိပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများအတွက် အဓိကအားထားရာ လမ်းကြောင်းတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် မိုင်အားဖြင့် ၄၁ မိုင်၊ ၆ ဖာလုံရှိပြီး လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းလည်း ဖြစ်ပါကြောင်း၊ မိုးရာသီကာလများတွင် မြေပြိုကျခြင်း၊ ကားလမ်းများ ပြိုကျခြင်း၊ လမ်းများ ရေတိုက်စားခြင်းများကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်လုနီးပါးဖြစ်နေ၍ မိဘပြည်သူများ ခက်ခဲစွာ သွားလာနေကြရပါကြောင်း။
ယခုလမ်းပိုင်းမှာ မိုးရာသီတွင် ခက်ခက်ခဲခဲသွားလာရသည့်လမ်းပိုင်းဖြစ်ပါကြောင်း၊ ခရီးသွား ပြည်သူများ ကိုယ်ထူကိုယ်ထနှင့် စုပေါင်းလုပ်အားဖြင့် ခက်ခက်ခဲခဲလုပ်ပြီး အသုံးပြုနေသည့် ပုံဖြစ်ပြီး၊ ယခုပြထားသည့် ပုံတွင် လမ်းလုံးဝပျက်စီးပြီး ကားသွားလာမရသဖြင့် ပြည်သူများက ကုန်စည်များကို မိမိတို့ကိုယ်တိုင်ထမ်း၍ ခက်ခက်ခဲခဲသွားလာ နေကြရပါကြောင်း၊ ပျက်စီးနေ သည့် တံတားဖြင့် ပြည်သူများ လုံးဝသွားလာ၍ မရသည့်အခါ ခက်ခက်ခဲခဲ ပြည်သူလူထုအင်အားကို သုံးပြီး အသုံးပြုနေရပါကြောင်း။
ယခုလို လမ်းပိုင်းပျက်စီးနေရခြင်းမှာ မိုးများသောဒေသတစ်ခုဖြစ်၍ ရေမြောင်းများ၊ ရေထုတ် မြောင်းများ စနစ်တကျဆောင်ရွက်ထားမှုမရှိခြင်း၊ မြေပြိုကျနိုင်သောနေရာများတွင် မြေထိန်း နံရံများ ဆောင်ရွက်ထားမှုမရှိခြင်း၊ အတက်အဆင်းမတ်လွန်းသောနေရာ များတွင် ကွန်ကရစ် လမ်း များ ခင်းထားပေးမှုမရှိခြင်းတို့ကြောင့်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ယခု ဘဏ္ဍာရေးနှစ်တွင်လည်း ဆောင်ရွက်နေခြင်းမရှိသကဲ့သို့ လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်လည်း လုပ်ငန်းထည့်သွင်း လျာထားခြင်းမရှိသည်ကို သိရှိရပါကြောင်း၊ အဆိုပါလမ်းသည် မိဘပြည်သူများက ကိုယ်ထူကိုယ်ထ လုပ်အားဖြင့် စုပေါင်းဆောင်ရွက်၍ ခက်ခဲစွာအသုံးပြုနေရပါကြောင်း၊ ထို့ကြောင့် အဆိုပါ လမ်းပိုင်း အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဆိုပါက ဒေသတွင်းပြည်သူများ ကုန်စည် စီးဆင်းမှုမြန်ဆန်ခြင်း၊ စီးပွားရေးတိုးတက်လာခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင်ပြေ ချောမွေ့ လာပြီး ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်း များလည်း မြင့်မားလာမည် ဖြစ်ပါ ကြောင်း၊ သို့ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လေရှီးမြို့နယ် အတွင်းရှိ လေရှီး-ပန်ဆပ်-ဆွမ္မရာလမ်းပိုင်းအား နွေမိုးဆောင်း ရာသီမရွေး သွားလာနိုင်ရေး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က
မေးမြန်းထားသည့်လမ်းပိုင်းသည် ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ္မရာ လမ်း၏ လမ်းအစိတ် အပိုင်း ဖြစ်ပြီး မိုင်တိုင် ၄၁/၀ မှ ၈၀/၆ အထိ ၃၉ မိုင်နှင့် ၆ ဖာလုံအရှည်ရှိ၍ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ၅ မိုင် ၁၂ ပေအကျယ် ကျောက်လမ်း ၃၄ မိုင် ၆ ဖာလုံ စုစုပေါင်း ၃၉ မိုင် ၆ ဖာလုံဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် လမ်းမိုင်ပေါင်း ၅,၁၅၁ မိုင် ၆ ဖာလုံရှိပြီး ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းမဖြစ်သေးသည့် လမ်းများနှင့် ကျောက်လမ်း ၈၆ဝ မိုင် ၃ ဖာလုံ၊ အမာခံလမ်း ၆၉၉ မိုင်၊ မြေလမ်း ၁,၃၁၆ မိုင် ၅ ဖာလုံ ဖြစ်ပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လေရှီး မြို့နယ် အတွင်း ကျောက်လမ်းပြုပြင်ခြင်း ၇ ဖာလုံ၊ မြေသားရေမြောင်းတူးခြင်း ၄ မိုင် ၄ ဖာလုံ၊ ကျောက်စီ ကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ရန်ပုံငွေဖြင့် လေရှီးမြို့နယ်အတွင်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁.၅ ဖာလုံ၊ ကျောက်ချော လမ်းခင်းခြင်း လုပ်ငန်း၊ တံတားချဉ်းကပ်လမ်းနေရာများအား ကျောက်တောင်မိုင်းခွဲ လမ်းချဲ့၍ ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်း၊ ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် ကြမ်းခင်း တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ရန်ရှိပါကြောင်း။
ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ္မရာ လမ်း၏ လေရှီးနှင့် ဆွမ္မရာအကြား ရာသီမရွေး သွားလာ နိုင်ရေး လမ်းအဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ ၂၀၃၁-၂၀၃၂ ဘဏ္ဍာရေးနှစ် အထိ ၅ နှစ် စီမံချက်ရေးဆွဲထားပြီး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းပျက်စီးမှု များပြားသောနေရာများတွင် လမ်းချောမွေ့စွာသွားလာနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း၊ လမ်း အတက်အဆင်း မတ်စောက်သောနေရာများတွင် ကွန်ကရစ်ခင်းခြင်း၊ လိုအပ်သောနေရာများတွင် ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတားများ တည်ဆောက်ခြင်း၊ ကျောက်စီ ရေမြောင်းနှင့် မြေထိန်းနံရံများ တည်ဆောက်ခြင်းလုပ်ငန်းများအား ရန်ပုံငွေလျာထား သွားမည် ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည် ဖြေကြားခဲ့ပါသည်။
ဦးဗွီးဆန်း(လေရှီးမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ယခုလက်ရှိ တိုင်းဒေသကြီး၏ဘဏ္ဍာရေး ရေးဆွဲထားမှု ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်အတွင်းတွင်လည်း အဆိုပါ လမ်းပိုင်းမပါဝင်ပါကြောင်း၊ ထမံသီမှ လေရှီးမရောက်ခင် ၃၉ မိုင်တိုင်ကြားသာ ပါဝင်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ် ၅ နှစ်အတွင်းတွင် လုပ်ပေးမည် သိရသည့် အတွက်လည်း ဝမ်းသာပါကြောင်း၊သို့သော် လမ်းပိုင်း သည် ၄၁ မိုင်မှ မိုင်တိုင် ၈၀ မိုင်နှင့် ၆ ဖာလုံကြား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ထဲတွင် မပါခဲ့ ပါက အဆိုပါလမ်းသည် နောက်နှစ်မိုးရာသီ ကာလတွင် လုံးဝပျက်စီးသွားနိုင်ပါကြောင်း၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ကြားကာလတွင် ပြင်/ထိန်း လုပ်ငန်းလေး လုပ်ပေးနိုင်လျှင် ပို၍အဆင်ပြေ မည်ဟု ယူဆပါကြောင်း၊ ယခုချိန်မှာ ပြည်သူ များ နှင့်ဝန်ထမ်းများ ကားသွားလာရေးအခက်အခဲရှိသည့်အခါ ကုန်ဈေးနှုန်းသည် အများကြီး မြင့်တက် လာကြောင်း၊ ကားခ များလည်း မြင့်တက်လာသည့်အခါ ယခု အခက်အခဲများကို လက်တွေ့ ကြုံတွေ့နေရပါကြောင်း၊ ဥက္ကဋ္ဌကြီးမှတစ်ဆင့် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် မိုးမရောက်ခင် ပြင်/ထိန်း လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၇ ဖာလုံထည့်ထားပြီးပါကြောင်း၊ မြေသားရေမြောင်း တူးရန် ၄ မိုင်ကျော် ထည့်ထားပြီးပါကြောင်း၊ မြေသား ရေမြောင်းတူးခြင်းဆိုသည်မှာ ကားများ ကျော်သည့် နေရာတွင် မြေကြီးကို ပြန်ညှိရပြီး ဘေးမှ ရေမြောင်းထည့်ပေးလိုက်လျှင် ရေက သူဘာသာသူ စီးဆင်းသွားလျှင် အလွယ်အတကူသွား၍ရမည်ဖြစ်ကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်တွင် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် ကတ္တရာလမ်း၊ ကျောက်ချောလမ်းခင်းခြင်း ကိုလည်း ထည့်သွင်း ထားပြီးသား ဖြစ်ပါကြောင်း၊ ထို့အပြင်ကို နောက်ထပ် နှစ်အလိုက်ဆက်ပြီး ၅ နှစ် စီမံကိန်းတွင်လည်း ပြီးစီးအောင်ဆောင်ရွက် မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်၊