လွိုင်ကော်မြို့နယ်၊ သာယုရွာမှ နန်းနောက်ရွာအထိ၊ နန်းနောက်ရွာမှ ခုတ်လောရွာအထိနှင့် နန်းနောက်ရွာမှ ရှမ်းပြည်နယ် နယ်စပ်ထိ မြေသားလမ်းများအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လွိုင်ကော်မြို့နယ်တွင် ကျေးရွာအုပ်စု ၁၂ အုပ်စုအနက် ပိန်းချစ်ကျေးရွာအုပ်စုအတွင်းရှိ ရဟန်းရှင်၊ လူ၊ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စားဝတ်နေရေး အတွက် အဆင်ပြေ ချောမွေ့ စေရန်အတွက် မြေသားလမ်းဖောက်လုပ်ပေးခဲ့သည်ကို သိရှိရပါကြောင်း၊ နန်းနောက် ဆရာတော်ဘုရားကြီးနှင့် ကျေးရွာသူကျေးရွာသား အများပြည်သူများမှ မြေသားလမ်းအား ကျောက်ချောလမ်းရရှိရေး ဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံတင်ပြလာခြင်းဖြစ်ပါ ကြောင်း၊ မြို့ရွာဖွံ့ဖြိုးတိုးတက်သည်ဆိုသည်မှာ တိုက်တာအဆောက်အဦအဆင့်မြင့် အထပ်များစွာရှိမှ တိုးတက် သည်ဟု မဆိုလိုပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းများ ကောင်းရန် လိုအပ်ပါကြောင်း၊ လမ်းမရှိသေးသော ရွာများကို မြေသားလမ်းအဖြစ်လည်းကောင်း၊ မြေသားလမ်းကို ကျောက်ချော လမ်း၊ ကျောက်ချောလမ်းကို ကတ္တရာလမ်း အဖြစ်လည်းကောင်းအဆင့်ဆင့် ပြုလုပ်ဆောင်ရွက် ပေးမှသာ မြို့မှကျေးရွာအထိ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ အိမ်ရှေ့လမ်း ကောင်းလျှင် ဈေးသည် အိမ်ရှေ့အရောက်လာရောက် ဈေးရောင်းကြမှာ အမှန်ဖြစ်ပါကြောင်း၊လမ်းပန်း ဆက်သွယ်ရေးကောင်းလျှင် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာ မည်အမှန်ဘဲ ဖြစ်ပါကြောင်း။
လွိုင်ကော်မြို့၏ အနောက်ခြမ်းဖြစ်သော ပိန်းချစ်ကျေးရွာအုပ်စုမှ မြေသားလမ်းများအား ကျောက်ချောခင်းလမ်းအဖြစ် ဆောင်ရွက်ပေးမည်ဆိုပါက ရဟန်းရှင်၊ လူ၊ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ သွားလာရေးအဆင်ပြေ ချောမွေ့သွားမည်ဖြစ်ပါကြောင်း၊ မြေသား လမ်းဖြင့် သွားလာ လှုပ်ရှားနေရသည်မှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်ပါကြောင်း၊ လွန်ခဲ့သောခုနှစ်များတွင် တင်ပြခဲ့သော် လည်း ဆောက်ရွက်ပေးခြင်း မရရှိခဲ့ပါကြောင်း၊ ယခုနန်းနောက်ဆရာတော်ဘုရားကြီး နှင့် ရွာသူ ရွာသားများမှလည်း အကြိမ်ကြိမ်တင်ပြ တောင်းဆိုလာခဲ့ပါကြောင်း၊ မိုးတွင်းအခါတွင် မည်သို့မှသွား လာ၍မရသောလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပိန်းချစ် ကျေးရွာအုပ်စုရှိ သာယုရွာမှ နန်းနောက်ရွာ အထိ မြေသားလမ်း ပေအရှည် ၇,၀၀၀ ပေ၊ နန်းနောက်ရွာမှ ခုတ်လောရွာအထိ မြေသားလမ်း ပေ အရှည် ၆,၀၀၀ ပေ၊ နန်းနောက်ရွာမှ ရှမ်းပြည်နယ် နယ်စပ်သို့ ပေအရှည် ၄,၇၀၀ ပေ မြေသားလမ်း တို့အား အဆင့်မြှင့်ကျောက်ချောခင်းလမ်းအဖြစ် ပြုလုပ်ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိကို သိလို ပါကြောင်း မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် က
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အတွင်းရှိ မြို့နယ်များ ဖြစ်သည့် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ်၊ ဘောလခဲမြို့နယ်များတွင်ရှိသည့် ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်ဖြင့် နယ်မြေလုံခြုံရေး အပေါ်မူတည်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်းကို ဦးစွာတင်ပြလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် မေးခွန်းနှင့်စပ်လျဉ်းပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ပိန်းချစ်ကျေးရွာအုပ်စု၊ ဝမ်ကုန်း-သာယု-နန်းနောက် ကျေးရွာချင်းဆက် လမ်းပေါ်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၌ ၁ဝ ပေတံတား တစ်စင်းနှင့် ၁၂ ပေ တံတားတစ်စင်း ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၃၅ ပေ တံတားတစ်စင်းတို့ကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ ပြီး ဖြစ်ပါကြောင်း ၊ ထို့အပြင် ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ပိန်းချစ်ကျေးရွာအုပ်စု၊ ဝမ်ကုန်း-သာယုကျေးရွာချင်းဆက်လမ်းပေါ်မှာ ကျောက်လမ်း ၇ မိုင် ၄ ဖာလုံ၊ Box Culvert ၈ စင်း တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားသည့် လမ်းများနှင့်စပ်လျဉ်းပြီး လတ်တလော လုံခြုံရေး ကန့်သတ်ချက်များအရ ကွင်းဆင်းစစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် လုပ်ငန်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် နယ်မြေလုံခြုံရေး ကောင်းမွန်လာချိန်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေတွင် အဆိုပြု လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။