နေရပ်စွန့်ခွာသူများ၏ အခက်အခဲနှင့် ဆက်လက်ရပ်တည်နိုင်ရေးအပေါ် အစိုးရ၏အစီအစဉ်များ ထုတ်ဖော်ပြောကြားပေးရန် သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ပြည်တွင်းလက်နက်ကိုင်အကြမ်းဖက်ရန်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် မိသားစုများ၊ လမ်းပျောက်နေသည့်ဘဝအခက်အခဲများနှင့် ရှေ့ဆက်ပြီး အဆိုပါ မိသားစု များရပ်တည်နိုင်ရေး ကိစ္စများပေါ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကူညီစောင့်ရှောက်မည့် အစီအစဉ်များ မည်သို့ ကူညီ စောင့်ရှောက်မလဲဆိုသည့် အစီအစဉ်များကို တိတိကျကျသိလိုသည့်အတွက်ကြောင့် ယခု မေးခွန်း ကို မေးမြန်းရခြင်းဖြစ်ပါ ကြောင်း။
မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရပြည်တွင်းလက်နက်ကိုင် သောင်းကျန်း သူအကြမ်းဖက်များ၏ အကြမ်းဖက်လုပ်ငန်းများကို တော်လှန်ရေးဟု အမည်တပ်၍ အထောက် အပံ့များပေးပြီးကူညီနေသည့် သူများ၏ ဖိနှိပ်မှုများ၊ အနိုင်ကျင့်စော်ကားခြင်းများကို မခံနိုင်တော့ သည့်အတွက်တချို့ပြည်သူများက ထိုလက်အောက်တွင် မနေနိုင် သည့်အတွက်ကြောင့် မိသားစု များကစုပြီး ၎င်းတို့၏ လက်ငုတ်လက်ရင်းတည်ထောင်ခဲ့သည့် လုပ်ငန်းများကို စွန့်လွှတ်၍ နေအိမ် များထားခဲ့ပြီး အခက်အခဲအမျိုးမျိုးကြားမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် သူများရှိပါကြောင်း၊ ထိုသို့ထွက်ပြေးလိုက်ပါ၍ မဖြစ်သည့်တချို့သက်ကြီးရွယ်အိုများကျန်ခဲ့ခြင်းများရှိပါကြောင်း၊ အဆိုပါ မိသားစုများထံမှ ယခုအချိန်တွင် တူညီသည့် စကားသံများကြားရပါကြောင်း၊ အိမ်ပြန်ချင်လှပါ ကြောင်း၊ အိမ်တွင်ကျန်ခဲ့သည့် မိသားစုများနှင့်တွေ့ချင်ပါကြောင်းပြောနေသည့် အသံများကို မိမိတို့ ကကြားသိနေရပါကြောင်း၊ လွှတ်တော်နားသည့်အချိန်တွင် ပြည်သူလူထုနှင့်တွေ့ပါကြောင်း၊ ပြည်သူ များ၏စကားသံများကိုလည်းနားထောင်ပါကြောင်း၊တိုင်းရင်းသားမိသားစုများနှင့်လည်း တွေ့ဖြစ်ပါ ကြောင်း၊ ထိုတိုင်းရင်းသား မိသားစု များဆိုလည်း တောင်ပေါ် တွင်ထားခဲ့ရကြောင်း၊ တချို့တွေဆို မပြေးနိုင်သည့် အဘိုးကြီးအဘွားကြီး များကျန်ခဲ့ပါကြောင်း၊ ၎င်းတို့၏ ဘဝရှေ့ရေးကိုလည်း မည်သို့ ဆက်လုပ်ရမလဲဆိုတာ မသိတော့ပါဟု အကူအညီတောင်းပါကြောင်း၊ ထိုသို့နစ်နာမှုများစွာနှင့် နှစ်၊ လများစွာ မိမိနေရပ်ကို စွန့်ခွာ နေထိုင်ခဲ့ရသည့် အကြမ်းဖက်ရှောင်မိသားစုများ၏ စားဝတ်နေရေး ထိုနေရာတွင် ကလေး များလည်းပါ ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးအတွက်ကို အခက်အခဲ မျိုးစုံနှင့်ကြုံတွေ့ရခြင်းများ၊ မည်သို့စီးပွားရေးလုပ်ပြီး၊ မည်သို့ အသက်မွေးရမလဲ၊ရောက်ရာ အရပ်တွင်၎င်းတို့၏ဘဝရပ်တည်မှုများသည် လမ်းပျောက်နေသည့ဘဝများသာဖြစ်သည်ဟု ခံစားနေ ရပါကြောင်း၊ မိသားစုများက ဖြစ်သလိုနေ၊ ဖြစ်သလိုစား ကလေးများကလည်း ပညာရေး အဆင်မပြေပါကြောင်း၊ကျန်းမာရေးကိစ္စတွင်လည်းဆေးရုံများတော့ရှိပြီးဆေးလုံလုံလောက်လောက် မပေးနိုင်သည့် အတွက်ကြောင့် ထိုဆေးရုံတွင် မရှိနိုင်သည့် ဆေးများကိုအပြင်တွင်ဝယ်ရပါကြောင်း၊ ဝယ်ပြီးကုရသည့် ကျန်းမာရေးကိစ္စများ စားဝတ်နေရေး၊လူမှုရေးအခက်ခဲများစွာ ကြုံတွေ့နေရ ပါကြောင်း၊ ထိုသို့ကြုံတွေနေရ သည့်အတွက်ကြောင့် ကြုံသလိုနေ၊ ကြုံသလိုစားဘဝများနှင့် ရင်ဆိုင်နေကြရပါကြောင်း၊ကိုယ့်ရပ်ရွာလည်းမဟုတ်သည့်အတွက်ကြောင့်ရောက်သည့် နေရာအသစ် များတွင် နှစ်ရှည်လများ အခက်အခဲပေါင်းများစွာကို အံတုရင်ဆိုင်နေကြရပါကြောင်း၊ယခုအချိန်မှာ ဆိုလျှင် သူတို့က အားအင်များလည်းကုန်ခမ်း၊ စိတ်ရောကိုယ်ပါပင်ပန်းဆင်းရဲလျက်ရှိသည် ကိုလည်း မြေပြင်အခြေအနေအရတွေ့ရှိရပါကြောင်း၊ထို့ကြောင့်နှစ်လများစွာဒုက္ခရောက်နေသည့်နေရပ် စွန့်ခွာ အကြမ်းဖက်ရှောင်မိသားစုများ ၏စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့်ပြန်လည် ထူထောင် ရေးကိစ္စများကို ကူညီပံ့ပိုးရေးကိစ္စတွေအတွက် နိုင်ငံတော်မှ မိဘနှင့် သားသမီးသဖွယ် မည်သို့ဆက်လက်ဆောင်ရွက်ပေးမည် ၊ မည်သို့ ကူညီမည် ဆိုသည့် စီမံချက် အစီအစဉ် များကို သိလိုပါကြောင်း။
နောက်တစ်ဖန် သူတို့ဘယ်ချိန်အိမ်ပြန်ရမယ်မှန်းကို မှန်းဆလို့မရသည့် သူများ ရှိနေပါ ကြောင်း၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မည်သည့်စီမံချက်များနှင့် ဆက်လက်ပြီး စောင့်ရှောက် မလဲဆိုသည့် စီမံချက်များကိုလည်း သိရှိလိုပါကြောင်း၊ ထို့ကြောင့် ပြည်သူများအားတက် ဝမ်းမြောက်အောင် မည်သို့အစီအစဉ်များ ၊ စီမံချက်များနှင့် စောင့်ရှောက်ကူညီမည်၊ အနာဂတ် အတွက် မည်သည့် Plan ချ၍ လုပ်ဆောင်ပေးမည် ဆိုသည်ကို အများသိစေရန်အတွက် ကြေညာ ပေးရန် အစီအစဉ် ရှိ မရှိ သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
နိုင်ငံတော်အတွင်းတွင် လတ်တလောဖြစ်ပွားခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် လုံခြုံရေးအခြေအနေများကြောင့် ဒေသခံပြည်သူများ အနေဖြင့် ၎င်းတို့၏နေရပ်ဒေသများမှစွန့်ခွာပြီး ဘေးလွတ်ရာဒေသများတွင် ယာယီပြောင်းရွှေ့နေထိုင် လျက်ရှိ သည်ကိုလည်းစိစစ်တွေ့ရှိရပါကြောင်း။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်များတွင် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ တစ်ဦးလျှင် တစ်လ ကျပ် ၂၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေမှတစ်ဆင့် ပြည်သူများကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီး ၃ ခုနှင့် ပြည်နယ် ၇ ခု တွင်ရှိသည့် ယာယီခိုလှုံရေး စခန်းများမှပြည်သူများကို ၎င်းတို့၏ နေရပ်ဒေသသို့ ပြန်လည်နေရာချထားရေး ဆောင်ရွက်နိုင်ရန် ငွေကျပ်သန်း ၅,၄၃၂ သန်းတန်ဖိုးရှိ အိမ်မိုးသွပ်၊ အိမ်သုံးပစ္စည်းများ ဆန်နှင့် စားနပ်ရိက္ခာများ၊ ကျောင်းဝတ်စုံ၊ကျောင်းသုံးဗလာစာအုပ်တို့ကိုလည်းနယ်စပ်ရေးရာဝန်ကြီးဌာနရန်ပုံငွေမှလည်း
ကောင်း ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ယာယီနေရပ်စွန့်ခွာသူများနှင့် နယ်မြေတည်ငြိမ် အေးချမ်းပြီး ပြန်လည်ဝင်ရောက်နေထိုင်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ရန်ပုံငွေမှ ကနဦးအနေဖြင့် ဆန်ရိက္ခာ ဖိုးထောက်ပံ့ခြင်း၊ အကြမ်းဖက် ဖြစ်စဉ်များ ကြောင့် ပျက်စီးနေအိမ်များအတွက် သတ်မှတ်ထောက်ပံ့ကြေးနှင့် မီးဖိုချောင်သုံး ပစ္စည်းများ၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းများနှင့် မီးဖိုချောင် သုံးပစ္စည်းစုံ (Kitchen Set) များကို ထောက်ပံ့ခြင်းတို့အပြင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်စသည်တို့ကိုလည်း ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်ကို တင်ပြလိုပါကြောင်း၊ နေရပ်စွန့်ခွာခဲ့ရသောမိသားစုများမှ ကျောင်းနေ အရွယ် ကလေး ငယ်များ ပညာသင်ကြားမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ကျောင်းပြောင်း လက်မှတ် များ မူရင်းလက်မှတ်ထုတ်ယူနိုင်ရန်အတွက် အခက်အခဲရှိသော တိုက်ပွဲရှောင်ဒေသမှ ကျောင်းသား ကျောင်းသူများကို ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်လက်ခံနိုင်ရေး ပညာရေးဝန်ကြီး ဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းအပြင် ပြန်လည် ဖွင့်လှစ်နိုင်မည့် ကျောင်းများမှာ သင်ကြားသင်ယူမှုလုပ်ငန်းများ လည်ပတ်နိုင်ရန်နှင့် ကျောင်းသားများ ဘေးကင်းစွာ ပညာ ဆက်လက်သင်ကြားနိုင်ရန်အတွက် ကျောင်းသန့်ရှင်းရေးကိစ္စရပ်များနှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံ စသည်တို့ကိုလည်း အခမဲ့ဖြန့်ဝေပေးခြင်း၊ အခြားဒေသများတွင် တွဲဖက်ထားသည့် ဆရာ ဆရာမ များကို မိမိတို့ မူလတာဝန်ကျရာကျောင်းများတွင် တာဝန်ထမ်းဆောင်စေခြင်း၊ အကြောင်း အမျိုးမျိုး ကြောင့် ပြိုကျပျက်စီးသွားသော ကျောင်းဆောင်တွေကို ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းသားဦးရေ အရ စာသင်ခန်းလိုအပ်ချက်ရှိပါက ကျောင်းဆောင်အသစ် တည်ဆောက်ပေးခြင်း စသည့် လုပ်ငန်း များ ကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၏ဦးဆောင်မှုဖြင့် အခြေခံ ပညာ ဦးစီးဌာနမှ တာဝန်ရှိသူအဆင့်ဆင့်တို့က ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း။
ယာယီနေရပ်စွန့်ခွာခဲ့ရသော ကျောင်းသား ကျောင်းသူများအတွက် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ကွပ်ကဲမှုအောက်တွင်ရှိသည့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်း ကျောင်း ၄၅ ကျောင်းတွင် Grade-6 မှ Grade-12 အထိ ကျောင်းအိပ် ကျောင်းစားဖြင့် အခမဲ့ တက်ရောက်ပညာသင်ကြားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပါက ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့တွင် ဆက်လက် ပညာသင်ကြားနိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် တက္ကသိုလ် ဝင်တန်း အောင်မြင်ခြင်းမရှိသေးသည့်သူများ အတွက် သက်မွေးပညာကဏ္ဍအနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ၉ ကျောင်း၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၆ ကျောင်းတွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးနိုင်ရေးနှင့် တက်ရောက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ် အရည်အချင်းနှင့်ပြည့်မီသူများကို အလုပ်အကိုင်ရရှိရေးကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတို့နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းများကိုစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊နယ်မြေအေးချမ်းလာမှုအပေါ် အခြေခံ ပြီးယာယီနေရပ်စွန့်ခွာခဲ့ရသော ပြည်သူများနေထိုင်ကြသည့် နေရာများသို့ သွားရောက်ပြီးအခြေခံ အချက်အလက်များစာရင်းကောက်ယူခြင်း၊ ရွေ့လျားယာယီ ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စောင့် ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သတင်းပေးပို့ခြင်း၊ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ကလေးကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ကိုသက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များအလိုက် စီမံချက်များရေးဆွဲပြီး တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် စနစ် တကျပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရပ်ဆိုင်းခဲ့ရသော ဆေးရုံများကို နယ်မြေဒေသ လုံခြုံရေးပြန်လည်ကောင်းမွန်လာမှုနှင့် ဆေးကုသရေးလုပ်ငန်းများအမြန်ဆုံးပြန်လည်စတင် နိုင်ရေး အတွက် ကျန်းမာရေးဝန်ထမ်းများ အမြန်စေလွှတ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ အမြန် ဖြည့်ဆည်း ဆောင်ရွက်ခြင်း၊ ယာယီအဆောက်အဦများစီစဉ်ပြီး အဆောက်အဦပြင်ဆင်ခြင်းများကို လည်း အမြန် ဆောင်ရွက်၍ ကုသရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများ လတ်တလောနေထိုင် စားသောက်မှုအဆင်ပြေမှုရှိစေရေး ယာယီခိုလှုံရာစခန်းများ ဖွင့်လှစ်ပေးခြင်း၊ နေရပ်စွန့်ခွာပြည်သူ များကို လစဉ်ငွေကြေးထောက်ပံ့ပေးအပ်ခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များအလိုက် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံစားသောက် ကုန်များထောက်ပံ့ပေးအပ်ခြင်း၊ ယာယီခိုလှုံရာစခန်းများတွင်ခေတ္တခိုလှုံ နေထိုင်စဉ် အတွင်း ယာယီနေရပ် စွန့်ခွာပြည်သူများ၏ သားသမီးများပညာသင်ကြားခွင့် ဆုံးရှုံးမှု မရှိစေရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး ပြည်နယ်များအလိုက် နယ်မြေအေးချမ်းမှုရှိသည့် နေရာများတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများ မိမိဒေသကို ဘေးကင်းစွာ ပြန်လည် ဝင်ရောက် နေထိုင်ရေး၊ မိုင်းအန္တရာယ်ကင်းရှင်း ရေးနှင့် နယ်မြေလုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တိုက်ပွဲများကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့်နေအိမ်များ ပြန်လည်တည်ဆောက် ရာတွင် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ တိုက်ပွဲများကြောင့် ပျောက်ဆုံး ပျက်စီးသွားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြန်လည်စိစစ်ထုတ်ပေးခြင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများ ပြန်လည်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများမှာ ပညာသင်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်း များကို နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် တပ်မတော်၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်း ဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့ များ၏ ပေါင်းစပ်ဖြေကြားချက်များအရ ပြန်လည်ဖြေကြားခဲ့သည်။
ဒေါ်သန်းသန်းအေး(သင်္ဃန်းကျွန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ဒုတိယဝန်ကြီးက ဖြေသွားသည့် ကူညီတာလေး ခြင်းများ ရှိသည့်အတွက်လည်း ဝမ်းသာ ပါကြောင်း၊ သို့သော်တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင် ကျန်သည့်သူများရှိပါသေးကြောင်း၊ မိမိတို့ရန်ကုန်တွင်ရခိုင်ဘက်ကပြေးလာခြင်းများ၊ရှမ်း(မြောက်)ကပြေးလာခြင်းများရှိပါကြောင်း၊ ၎င်းတို့အနေနှင့်လည်း ရေကြည်ရာမြက်နုရာဆိုသကဲ့သို့ နေထိုင်ကြခြင်းများရှိပါကြောင်း၊အဆိုပါ လူများ တွင်လည်း အထောက်အပံ့မရခြင်းများလည်းရှိ သည်ဟုကြားပါကြောင်း၊ နောက်တစ်ချက် ပြောလိုသည်မှာ ၎င်းတို့နေရပ်ကို ဘယ်ချိန်လောက် ပြန်နိုင်ကြမလဲဆိုသည့် မေးခွန်းလေးကိုလည်း မေးထားပါကြောင်း၊ ဖြစ်နိုင်မည်ဆိုလျှင် အိမ်ပြန်ရမည့်အချိန် နီးပြီလား။ ဝေးသေးလားဆိုသည်ကို လည်းသိချင်ကြပါကြောင်း၊ နောက်တစ်ခါ အခြေပျက်သွားသည့် မိသားစု များကို အလုပ်အကိုင် အခွင့်အလမ်းများ ကူညီပေးမည်ဆိုသည်ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ အနာဂတ်အစီအစဉ် များ ကို ပြည်သူလူထုသိအောင် သတင်းသာဖြစ်စေ၊ ပွင့်ပွင့်လင်းလင်း ကြေညာပေးမည်ဆိုလျှင် အဆင် ပြေနိုင်ပါကြောင်း၊ ပျက်စီးသွားသည့် အိုးအိမ်တိုက်တာများကို မည်သို့ကူညီဆောင်ရွက် ပေးမလဲ ဆိုသည့် အနာဂတ်မျှော်မှန်းချက်ကလေးများကိုလည်း ဝမ်းသာရမည့်စကားလေးများကိုပွင့်ပွင့် လင်းလင်း ဖြေကြားပေးလိုပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ၊ ဗိုလ်ချုပ်မင်းသူ က
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် အထဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်ပေးသည့် အနေအထားပေါ်တွင် Data များရသည့် အတွက်ကို ကျေးဇူးတင် ကြောင်း ပြောသွားတာရှိပါကြောင်း၊ ရန်ကုန်တွင် ရခိုင်၊ ရှမ်း(မြောက်)တို့ဘက်မှ နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်များရှိပါကြောင်း၊ တချို့အဖွဲ့များမှာလည်း ထောက်ပံ့မှုမရဘူးဆိုတာရှိပါကြောင်း၊ ထိုအပေါ်တွင် အိမ်ပြန်ရမည့်ရက်များကို ဘယ်နေ့ဘယ်ကာလတွင် ပြန်လို့ရမလဲဆိုသည့် အနေ အထားမျိုးများ မေးမြန်းသွားခြင်းရှိပါကြောင်း၊ သက်ဆိုင်ရာဒေသများမှ ရခိုင်ပြည်နယ် ကသော် လည်းကောင်း၊ ရှမ်း(မြောက်)ဒေသကသော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေး ရှောင်ပြီး နေရပ်ဒေသကိုစွန့်ခွာပြီးလာသည့် ပြည်သူများက နေပြည်တော်တွင်ရှိကြောင်း၊ ရန်ကုန် တွင်ရှိကြောင်း၊ ၎င်းတို့၏ အနေအထားပေါ်တွင် ဆွေမျိုးညာတိရှိသည့် အပေါ်မှာ မူတည် နေထိုင်ကြ သည်ကိုလည်း တွေ့ရပါကြောင်း၊ တချို့အဖွဲ့ များမှာလည်း ဆွေမျိုးညာတိမရှိသည့် စစ်ဘေးရှောင် စခန်းများတွင် လာရောက်သတင်းပို့ဆက်သွယ်ပြီး နေထိုင်သည့် သူများလည်းရှိပါကြောင်း၊ သတင်းပို့ဆက်သွယ်ပြီးနေထိုင်သည့် အပေါ်တွင် မိမိတို့က သက်ဆိုင်ရာ စခန်းများမှ စာရင်း သွင်းထားသည့် လူဦးရေအပေါ်တွင် မူတည်ပြီး ထောက်ပံ့ကြေးကို သက်ဆိုင်ရာဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန ကသော်လည်းကောင်း၊ အမျိုးသားရန်ပုံငွေကသော်လည်းကောင်း သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး ပြောသကဲ့သို့ မရသည့် သူလည်း ရှိကောင်းရှိပါကြောင်း၊ ထိုအပေါ်တွင် သက်ဆိုင်ရာ တိုင်း ဒေသကြီးအစိုးရအဖွဲ့များမှ စိစစ်ပြီး စနစ်တကျထုတ်ပေးနိုင်ရေးအတွက်ကို စီစဉ်တကျ ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း၊ အိမ်ပြန်ရမည့်ရက်တွေ နှင့်စပ်လျဉ်းပြီး အဓိကက နယ်မြေ တစ်ခုတွင် တည်ငြိမ်အေးချမ်းမှုက အဓိကကျပါကြောင်း၊တည်ငြိမ်အေးချမ်း အောင်လည်း နိုင်ငံတော်အစိုးရ ၏ကြီးကြပ်မှု၊ တပ်မတော်၏ကွပ်ကဲမှုနှင့် စစ်ဆင်ရေးများကို ဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်း အောင် ဆောင်ရွက်နေပါကြောင်း၊ ယခုလိုတည်ငြိမ်အေးချမ်းမှသာ စီးပွားရေး အခွင့်လမ်း များ ပွင့်လန်းပြီး လူမှုဘဝများ ဖွံ့ဖြိုးတိုးတက် မည် ဖြစ်သည့် အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးကို တပ်မတော် အနေနှင့် အစဉ်တစိုက်ကြိုးပမ်းပြီး အစိုးရ၏ကြီးကြပ်မှုနှင့် ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။