MY EN

(ဆ)- ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)

2026-10-21
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးလှဆွေ (ပုဗ္ဗသီရိ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဇေယျာသီရိမြို့နယ်ရှိ သာယာအေးနှင့် ရွှေကံသာကျေးရွာများ၊ ဒက္ခီဏသီရိမြို့နယ်ရှိ သီရိမင်္ဂလာနှင့် စိုက်ခင်း (၃) ကျေးရွာများအား တရားဝင်ကျေးရွာအဖြစ် သတ်မှတ်ပေးရန်အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိကွင်းဆင်းကြည့်သည့်အခါ ဇေယျာသီရိမြို့နယ်ထဲမှ သာယာအေးရွာသည် အိမ်ခြေပေါင်း ၁၄၉ အိမ်ရှိပြီး လွန်ခဲ့သောနှစ် ၂၀ ကျော်လောက်ကတည်းက ရှိပါကြောင်း၊ လျှပ်စစ်မီးလည်း သွယ်တန်းထားပါကြောင်း၊ ရွှေကံသာကျေးရွာသည်လည်း လွန်ခဲ့သောနှစ် ၃၀ ကျော်လောက်ကရှိပြီး အိမ်ခြေက ၅၄ အိမ်ရှိပါကြောင်း၊ ထိုနှစ်ရွာလုံးသည် လဝကမှ ထုတ်ပေးထားသည့် ပုံစံ (၁၀) အိမ်ထောက်စုဇယားများလည်း ရှိပြီးဖြစ်ပါကြောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ သီရိမင်္ဂလာကျေးရွာတွင် အိမ်ခြေ ၃၅၀ ရှိပြီး ဘုန်းကြီးကျောင်း၊ ကျေးလက်ကျန်းမာရေးဦးစီးမှ တပ်ဆင်ပေးထားသည့် ရေစင်ကြီးလည်း တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၆၀ လောက် သက်တမ်းရှိနေပြီး ဖြစ်ပါကြောင်း၊ စိုက်ခင်း (၃) ကျေးရွာသည် အိမ်ခြေပိုများပါကြောင်း၊ ၄၅၀ လောက်ရှိပြီး နှစ်ပေါင်း ၇၀ သက်တမ်းရှိသည့် ဘုန်းကြီးကျောင်းနှင့် အစိုးရမူလတန်းကျောင်း၊ ကျေးလက်ကျန်းမာရေး၊ ဆေးပေး ခန်းများ တည်ရှိပြီးဖြစ်သော်လည်း  ပြည်ထဲရေးအမည်ပေါက်မဖြစ်သေးသည့်အတွက် ထိုရွာလေးရွာကို ပြည်ထဲရေးအမည်ပေါက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် ကျေးရွာအုပ်စု ၁၃ စု၊ ကျေးရွာ ၆၈ ရွာတည်ရှိပြီး ကျေးရွာ ၆၈ ရွာအနက်မှ ကျောက်ချက်ကျေးရွာအုပ်စုအတွင်းရှိ သာယာအေးကျေးရွာနှင့် ကျွန်းရောင်းကျေးရွာအုပ်စုအတွင်းရှိ ရွှေကံသာကျေးရွာတို့သည် လည်းကောင်း၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာ ၃၁ ရွာ တည်ရှိပြီး ကျေးရွာ ၃၁ ရွာအနက် ရွှေခဲအင်းကျေးရွာအုပ်စုအတွင်းရှိ သီရိမင်္ဂလာကျေးရွာနှင့် စိုက်ခင်း (၃) ကျေးရွာတို့သည်လည်းကောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်ထားသော ကျေးရွာများစာရင်းတွင် ပါဝင်ခြင်းမရှိသေးကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သာယာအေးကျေးရွာဆိုလျှင် ကျောက်ချက်ကျေးရွာအုပ်စု အတွင်း၌ ရှိပြီး ၂၀၀၄ ခုနှစ်ခန့်မှစတင်၍ ရွာတည်ပြီး နေထိုင်လျက်ရှိရာ အိမ်ခြေ ၁၄၉ အိမ်၊ အိမ်ထောင်စု ၁၄၉ စု၊ လူဦးရေ ၄၉၁ ဦးရှိပြီး မြေဧရိယာအနေဖြင့် ၆၈.၈၈ ဧကခန့်ရှိပါကြောင်း၊ အဆိုပါမြေဧရိယာ ၆၈.၈၈ ဧကတွင် မြစ်ချောင်းနှင့် ရေအောက်မြေဧရိယာ ၄၉.၃၁ ဧကနှင့် ယာမြေ ၁၉.၅၇ ဧက ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ယာမြေ ၁၉.၅၇ ဧကကို ရွာမြေအဖြစ် အသုံးပြုထားခြင်း ဖြစ်သော်လည်း ရွာမြေအဖြစ်အသုံးပြုရန် လယ်ယာမြေမှ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့် ရရှိ ထားခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

ရွှေကံသာကျေးရွာသည် ကျွန်းရောင်းကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀ လောက်မှစ၍ ရွာတည်ပြီး အိမ်ခြေ ၄၃ အိမ်၊ အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၁၆၁ ဦး နေထိုင် လျက်ရှိပါကြောင်း၊ မြေဧရိယာအနေဖြင့်  ၁၂.၅၀ ဧက ရှိပြီး ယာမြေအမျိုးအစားဖြစ်ပါကြောင်း၊ အဆိုပါယာမြေ ၁၂.၅၀ ဧကကို  ရွာမြေအဖြစ် အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိထားခြင်း မရှိသေးကြောင်းလည်း စိစစ်တွေ့ရှိရပါကြောင်း၊ သာယာအေးကျေးရွာရှိ ယာမြေ ၁၉.၅၇ ဧကနှင့် ရွှေကံသာကျေးရွာရှိ ယာမြေ ၁၂.၅၀ ဧက စုစုပေါင်း ယာမြေ ၃၂.၀၇ ဧကနှင့်စပ်လျဉ်း၍ လက်ရှိ မြေပြင်တွင် ခွင့်ပြုချက်မရမီ ကြိုတင်အသုံးပြုထားခြင်းဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၁၄-၂-၂၀၂၄ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည့် လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ် မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန်ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ SOP ပါ အခန်း(၆)နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သာယာအေးကျေးရွာရှိ မြစ်ချောင်းနှင့် ရေ အောက်မြေဧရိယာ ၄၉.၃၁ ဧကကို သက်ဆိုင်ရာတည်ဆဲမြေယာ ဥပဒေများအရ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာနှစ်ရွာနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၄၊ ပုဒ်မခွဲ (ခ) နှင့်အညီ ဇေယျာသိရိခရိုင်စီမံခန့်ခွဲရေးအဖွဲ့အနေနှင့် အုပ်ချုပ်ရေးကော်မတီမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ဒက္ခိဏသိရိမြို့နယ်၊ သီရိမင်္ဂလာကျေးရွာနှင့် စိုက်ခင်း (၃) ကျေးရွာတို့သည် ရွှေခဲအင်းကျေးရွာ အုပ်စုအတွင်းပါဝင်ပြီး သီရိမင်္ဂလာကျေးရွာသည် ၁၉၉၄ ခုနှစ်မှစ၍ ရွာတည်ပြီး နေထိုင်လာသည့် အနေအထားကိုတွေ့ရပြီး အိမ်ခြေ ၂၀၇ အိမ်၊ အိမ်ထောင်စု ၂၀၇ စု၊ လူဦးရေ ၈၃၆ ဦး၊ မြေဧရိယာ ၁၁၅ ဧကဖြစ်ပါကြောင်း၊ ၎င်းမြေဧရိယာ ၁၁၅ ဧကတွင် မြေလွတ်မြေရိုင်း ဧရိယာ ၁၇ ဧကနှင့် ပလွေးသစ်တောကြိုးဝိုင်းအတွင်းရှိ ကြိုးဝိုင်းမြေမှ ၉၈ ဧကဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ အဆိုပါသစ်တောကြိုးဝိုင်းမြေ ၉၈ ဧကသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် လတ်တလော အစီအစဉ်မရှိသေးသည့် ဧရိယာအတွင်း ပါဝင်ပါကြောင်း၊ စိုက်ခင်း(၃)ကျေးရွာသည် ၂၀၁၀ ခုမှစပြီး ရွာတည်၍ အိမ်ခြေ ၃၅၇ အိမ်၊ အိမ်ထောင်စု ၃၅၇ စု၊ လူဦးရေ ၇၀၃ ဦး အခြေချနေထိုင်လျက်ရှိပြီး အခြေခံအဆောက် အဦများကို တည်ဆောက်အသုံးပြုလျက်ရှိပြီး နေထိုင်အသုံးပြုလျက်ရှိသော မြေဧရိယာအနေဖြင့် ၂၈.၀၂ ဧကဖြစ်ပါကြောင်း၊ အဆိုပါ မြေဧရိယာ ၂၈.၀၂ ဧကတွင် မြေလွတ်မြေရိုင်းဧရိယာ ၁၄.၀၂ ဧကနှင့် ပလွေးသစ်တောကြိုးဝိုင်းမြေ ၁၄ ဧကဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း။

သီရိမင်္ဂလာကျေးရွာအတွင်းရှိ မြေလွတ်မြေရိုင်းဧရိယာ ၁၇ ဧကနှင့် စိုက်ခင်း(၃) ကျေးရွာ အတွင်းရှိ မြေလွတ်မြေရိုင်း ဧရိယာ ၁၄.၀၂ ဧက စုစုပေါင်း မြေလွတ်မြေရိုင်းဧရိယာ ၃၁.၀၂ ဧကကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ နေပြည်တော်ကောင်စီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟို ကော်မတီထံသို့ ထောက်ခံတင်ပြ၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ခင်း(၃) ကျေးရွာအတွင်းရှိ သစ်တောမြေဧရိယာ ၁၄ ဧကခန့်အား သစ်တောမြေ ဧရိယာမှ ပယ်ဖျက်ခွင့်ရရှိ ရေးအတွက်ကိုလည်း နေပြည်တော်ကောင်စီမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို တင်ပြခွင့်ပြုချက်ရယူ၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန် ထားသော ကျေးရွာအဖြစ် သတ်မှတ်နိုင်ရေး ကျေးရွာတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ နေပြည်တော်ကောင်စီမှ  ဆက်လက်၍ စီစဉ် ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း။

မေးခွန်းတွင်ပါရှိသည့် ကျေးရွာလေးရွာကို ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ သတ်မှတ်ထုတ်ပြန်ထားသော ကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၄၊ ပုဒ်မခွဲ (ခ) အရ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမှ နိုင်ငံ တော်သမ္မတထံ တင်ပြရမည်ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိသည့်အခါ နေပြည်တော်ကောင်စီမှ ယာမြေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၄-၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၃၃/၂၀၂၄)နှင့် ထုတ်ပြန်ထားသော စံပြုလုပ်ထုံးလုပ်နည်းများ အခန်း (၆)နှင့်အညီ ဆောင်ရွက် ခြင်း၊ မြစ်ချောင်းရေအောက်မြေများအား သက်ဆိုင်ရာတည်ဆဲမြေယာဥပဒေများအရ ခွင့်ပြုမိန့်ရရှိ ရေးတို့ကိုဆောင်ရွက်ခြင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့် အညီ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် သစ်တောမြေများအား သစ်တော ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်နိုင်ရေး ဆောင်ရွက်ခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစဉ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါခွင့်ပြုမိန့်၊ ပယ်ဖျက်မိန့်များရရှိပြီဆိုလျှင် မြို့၊ ကျေးရွာတိုးချဲ့ဖွဲ့စည်းခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲပြုစု၍ မြို့နယ်၊ ခရိုင်၊ နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှတစ်ဆင့် နေပြည်တော်ကောင်စီသို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ နေပြည် တော်ကောင်စီမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာထုတ်ပြန်ပြီး ကျေးရွာမြေအဖြစ် သတ်မှတ်သွားမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ သာယာအေးကျေးရွာ၊ ရွှေကံသာကျေးရွာနှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ သီရိမင်္ဂလာကျေးရွာ၊ စိုက်ခင်း(၃) ကျေးရွာကို ပြည်ထဲရေးဝန်ကြီးဌာန မှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသောကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၄၊ ပုဒ်မခွဲ (ခ)နှင့်အညီ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမှ နိုင်ငံတော်သမ္မတထံ တင်ပြပြီး ခွင့်ပြုချက်ရရှိသည့်အခါ ကျေးရွာမြေများအဖြစ် အသုံးပြုခွင့် ရရှိရန် ခွင့်ပြုမိန့်၊ ပယ်ဖျက်မိန့်များရရှိရေး နေပြည်တော်ကောင်စီမှ ဆောင်ရွက်ပြီး ခွင့်ပြုမိန့်ရရှိမှ သာလျှင် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာများ အဖြစ် သတ်မှတ်နိုင်ရေး ကျေးရွာတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ နေပြည်တော်ကောင်စီမှ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ပြန်လည်ဖြေကြားခဲ့ပါသည်။