ဝေါမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ နှစ်ထပ်အဆောက်အဦကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးပိုင် မြေနှင့် အဆောက်အဦ သည် ဝေါမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်၊ ကွင်းအမှတ် (၇၀၄-N)၊ မြေကွက်အမှတ် ၁/A ကက.၂၈ တွင် ဧရိယာ ၀.၃၁၉ ဧကရှိပါကြောင်း၊ မြေပေါ်တွင် အလျား ၁၀၂ ပေ၊ အနံ ၂၆.၅ ပေနှင့် အမြင့် ၂၀ ပေရှိသော သစ်သားအုတ်ညှပ်၊ အုတ်ကြွပ်မိုးနှစ်ထပ် အဆောက်အဦဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်အတွက် အချိန်ကာလအားဖြင့် ၃၉ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ယခင်က ၎င်းရုံးကို စုပေါင်းရုံးအဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ၎င်းအချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ ရုံးစိုက်ပြီး လ.ဝ.က လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်ကျော်၊ သုံးနှစ်ခန့်က လ.ဝ.က မြေနေရာနှင့် အဆောက်အဦ ရသည့်အချိန်တွင် ယခုရုံးမှ ၎င်းတို့ပင်မရုံးသို့ ရွှေ့သွားသည့်အခါ အဆောက်အဦ သာကျန်ခဲ့ပြီး သဘာဝဘေးဒဏ်ကြောင့် အဆောက်အဦမှာ ဟောင်းနွမ်းပျက်စီးနေသည့် အနေအထားရှိပါကြောင်း၊ ၎င်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်မရှင်၊ ဦးစီးအရာရှိ၊ မြို့နယ်စည်ပင်သာယာနှင့် အင်ဂျင်နီယာတစ်ယောက်တို့သွားပြီး အခန်း များနှင့် အဆောင်ကို ကြည့်သည့်အခါ ထိုက်သင့်သလို အသုံးပြုလို့ ရနိုင်သည့် အနေအထား ရှိပါကြောင်း။
၎င်းအဆောက်အဦကို ကော်မရှင်ရုံးခွဲမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အခန်းတွဲပြီး ပေးထားရသည်မှာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်ထိဖြစ်ပါကြောင်း၊ ၎င်းအဆောက်အဦကို မပြောင်း ရွှေ့ရသေးပါကြောင်း၊ ဘာကြောင့်မပြောင်းလဲဆိုသည်ကို လေ့လာသည့်အခါ အဆောက်အဦတွင် Toilet နှင့် ရေကို အဓိက နည်းနည်းပြင်ဆင်စရာရှိပါကြောင်း၊ မိမိတို့မြို့နယ်သည် ပဲခူးခရိုင်၌ရှိပြီး ပဲခူးခရိုင်တွင် အမျိုးသားလွှတ်တော်အတွက်တစ်နေရာ ကြားဖြတ်ရွေးကောက်ပွဲရှိပါကြောင်း၊ ၂၀၂၇ ခုနှစ် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်ပါသည့်အတွက် ကော်မရှင်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် ရုံး၊ ကနား၊ အဆောက်အဦနှင့် ရွေ့ပြောင်းရန် အဓိက ကျနေပါကြောင်း၊ ထို့ကြောင့် အဆောက်အဦတစ်ခုလုံးကို မဆောင်ရွက်ပေးနိုင်ရင်တောင် ကော်မရှင် ရုံးခန်းကို ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ လိုအပ်သည့် မီတာဘောက်လည်းရှိပါကြောင်း၊ လျှပ်စစ်မီး လည်း နည်းနည်းပြန်ပြီးပြုပြင်လိုက်ရင် ရပါကြောင်း၊ ထို့ကြောင့် ထိုက်သင့်သလိုပြုပြင်ပြီး ကော်မရှင်ရုံး အားဆောင်ရွက်ပေးနိုင်မည်ဆိုပါက ၂၀၂၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ကော်မရှင်ရုံးကို ပြုပြင်ပေးနိုင်ခြင်းအစီအစဉ် ရှိ/ မရှိ ကိုသိလိုပါ ကြောင်းဖြင့်မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင်၊ ဦးခင်မောင်ဦး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ကော်မရှင် အဖွဲ့ခွဲရုံးများအတွက် ရုံးပိုင်အဆောက်အဦများ ဆောက်လုပ်ခွင့်ရရှိရေးနှင့် ပြင်ဆင်ထိန်းသိမ်းခွင့် ရရှိရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ပေးလျက်ရှိရာ ဝေါမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဖွင့်လှစ်ရန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်၊ ကွင်းအမှတ်(၇၀၄-N)၊ မြေကွက်အမှတ် ၁/A ကက -၂၈ ရှိ ဧရိယာ ၀.၃၁၉ ဧက ပေါ်တွင် အလျား ၁ဝ၂ ပေ၊ အနံ ၂၆.၅ ပေနှင့် အမြင့် ၂၀ ပေရှိသော သစ်သားအုတ်ညှပ်၊ အုတ်ကြွပ်မိုး နှစ်ထပ်အဆောက်အဦဟောင်းတစ်လုံးကို ၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်း ရရှိခဲ့ပါကြောင်း။
ဝေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဖွင့်လှစ်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ လွှဲပြောင်းရရှိသည့် အဆောက်အဦဟောင်းကို ပြင်ဆင်ထိန်းသိမ်းရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် အဆောက်အဦ ပြင်ဆင်ထိန်းသိမ်းစရိတ်ရန်ပုံငွေ ၆,၇၆၀,၀၀၀ ကျပ် ခွဲဝေပေး ပြီး ပြင်ဆင်ခွင့်ပြုခဲ့ပါကြောင်း၊ ၎င်းအဆောက်အဦကို ထပ်မံပြင်ဆင်နိုင်ရေးအတွက် လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ လျာထားတင်ပြ တောင်းခံမည်ဖြစ်ပြီး ရန်ပုံငွေ ခွင့်ပြုချက်ရရှိပါက အဆောက်အဦပြင်ဆင်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။