ကျောက်ကြီးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက်တံတားအထိ လမ်းအား လုံခြုံရေး ဆောင်ရွက်ခြင်း၊ နယ်မြေရှင်းလင်းခြင်းနှင့် လမ်း၊ တံတားပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျောက်ကြီး-နတ်သံကွင်းကားလမ်းပေါ်ရှိ ၃.၄ မိုင်လမ်းပိုင်းအား မိုင်းရှင်းလင်းခြင်း၊ လုံခြုံရေး ဆောင်ရွက်ပေးခြင်းနှင့် လမ်း၊ တံတားပြုပြင် ဆောင်ရွက်ပေးရန် တင်ပြခြင်းဖြစ်ပါကြောင်း၊ ၂၁-၄-၂၀၂၆ ရက်(အင်္ဂါနေ့)တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတ၏ အစည်းအဝေးတွင် လမ်းညွှန်မှာကြား ချက်များအနေဖြင့် မိမိတို့သည်လည်း ငြိမ်းချမ်းရေးလိုချင်ပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးရေးကိစ္စသည် လုပ်၍ မရပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်မှ၊တည်ငြိမ် အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းသည် လုပ်၍ရပါကြောင်း၊ ရှေ့မှ တည်ဆောက်ရေးလုပ်ငန်း လုပ်သွားလျှင် နောက်မှ အဖျက်သမားများပါလျှင် “သမင်မွေးရင်း ကျားစားရင်း” ဆိုသလို ဖြစ်နေမည်ဟု လမ်းညွှန် ခဲ့ပါကြောင်း၊ ထို့အပြင် ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အစိုးရ အဆောက်အဦများ၊ လမ်း၊ တံတားများ၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများအား ပြန်လည်တည်ဆောက်ပေးရန် မှာကြားခဲ့ပါကြောင်း။
ကျောက်ကြီးမြို့နယ် ပြည်သူများသည် ၂၀၂၃-၂၀၂၆ ခုနှစ် ကာလအတွင်း ၃ နှစ်ကျော်ကြာ တင်ပြပါ သောင်းကျန်းသူနယ် မြေအတွင်းတွင် ၂၅ မိုင်ကျော် ဖြတ်သန်းပြီး လမ်းများအသုံးပြုခဲ့ရပါ ကြောင်း၊ လက်ရှိပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့တွင်ရှိသည့် စစ်တောင်းမြစ်ကူးတံတားအား မိုင်းခွဲ ဖျက်ဆီးခဲ့သည့်အတွက် ပြည်သူများ ခက်ခဲစွာသွားလာနေရသည့် အခြေအနေဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၆ ခုနှစ်တွင် အကြမ်းဖက်သောင်းကျန်းသူများ စိုးမိုးထားသည့် နယ်မြေအတွင်း၌ တင်ပြပါ အတိုင်း ဘုန်းတော်ကြီးများ၊ စာသင်သားများ၊ ကျောင်းတက်မည့် တက္ကသိုလ် ကျောင်း သားများ၊ ခက်ခဲပင်ပန်းစွာ သွားလာခဲ့ရပါကြောင်း၊ ထိုသို့သွားလာသည့်အချိန်တွင် ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများနှင့် ဘက်မတူ၊ အမြင်မတူသည့် အဖွဲ့များကို ဖမ်းဆီးခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ အသုံးပြုသည့် ရဟတ်ယာဉ်လမ်းကြောင်းအား ဝန်ထမ်းများနှင့် စာသင်ကြမည့် တက္ကသိုလ် ကျောင်းသားများက မှီခိုအားထားခဲ့ရပါကြောင်း၊ လက်ရှိ ကျောက်ကြီးမြို့နယ်ပြည်သူများ အသုံးပြုနေရသည့်လမ်းပိုင်း ဖြစ်ပါကြောင်း၊ ၄.၅ မိုင် လမ်းပိုင်းသည် တပ်မတော်သားများ၏ အသက်သွေးချွေးများစွာရင်းပြီး ဖောက်ခဲ့ရသည့် ကျေးရွာချင်းဆက်လမ်းဖြစ်ပါကြောင်း။
ထိုလမ်းပိုင်းသည် လက်ရှိ ၃.၄ မိုင် လမ်းပိုင်းတွင် မိုင်းထောင်ထားသည်များ၊ မိုင်းခွဲဖျက်ဆီးမှု များကြောင့် လမ်း၊ တံတား ၅ စင်း ပျက်စီးလျက်ရှိပါကြောင်း၊ တပ်မတော်သားများအနေဖြင့် ကုန်တင်ကားလိုင်းများ၊ ပြည်သူများစုပေါင်း၍ ထန်းပင်များ၊ အုန်းပင်များ ဝယ်၍၎င်းလမ်းပိုင်းအား ခင်းနေရသည့် အနေအထားဖြစ်ပါကြောင်း၊ မိုးတွင်းကာလ လက်ရှိလမ်းသည်ခြောက်သောလည်း သွားလာရသည့် အခြေအနေမရှိသဖြင့် ယခုကဲ့ သို့ခက်ခဲသည့်လမ်းပေါ်တွင် အုန်းပင်များ၊ ထန်းပင် များကို ၃ မိုင်ကျော်ထမ်းပြီး ခင်းနေရသည့်အခြေအနေဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့် အတွက် နယ်မြေခံတပ်မတော်သားများနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း၊ ၎င်းထန်းပင်များသည် တချို့နေရာများတွင် ကန့်လန့်ဖြတ်ခင်းခြင်း၊ အလျားလိုက်များ ဖြစ်ပြီး လမ်းမကောင်းသည့်အတွက် အထမ်းသမားများနှင့် ငှားပြီး ထမ်းနေရသည့်အခြေအနေ ဖြစ်ပါကြောင်း၊ အထမ်းသမားများ အလုပ်အကိုင်ရပါကြောင်း၊ သို့သော် ကုန်ပစ္စည်းတစ်ခုရရန် အထမ်းသမားခ ၁,၄၀၀ ကျပ်၊ ကုန်ကားခ ၆၀၀ ကျပ် စုစုပေါင်း ၂,၀၀၀ ကျပ်လောက် ကျသင့် နေပါကြောင်း၊ ကလေးများနှင့် ကျောင်းသားများကအစ ကုန်တင်ကားပေါ်တွင် ခက်ခက်ခဲခဲနှင့် လိုက်ပါနေရသည့် အခြေအနေဖြစ်ပါကြောင်း။
တပ်မတော်သားများနှင့် ကုန်တင်ကားလိုင်းအဖွဲ့များ ကျောက်ခင်းပေးသည့် အခြေအနေများ ဖြစ်ပါကြောင်း၊ သို့သော် ၎င်းတို့ရရှိသည့် ငွေကြေးနှင့်ယှဉ်ပါက မစို့မပို့သာ ခင်းနိုင်သည့် အခြေ အနေဖြစ်ပါကြောင်း၊ ကျောက်ကြီး-နတ်သံကွင်း ကားလမ်းပိုင်းရှိ အင်းသဘောက်မှ ခရုမြောင်းအထိ တံတားလမ်းပိုင်းတွင် ခရုမြောင်းတံတားတစ်ခုသာ ပေ ၈၀ ကျယ်ပါကြောင်း၊ ကျန်သည့် တံတားများ အားလုံးသည် ပေ ၃၀ အများဆုံးရှိပြီး ပြွန်များဖြစ်သည့်အတွက် မြေကြီးဖို့၍ သွားရပါကြောင်း၊ ကျန်လမ်းပိုင်းတံတားများ၌ ယခုလက်ရှိ လုံခြုံရေးရှိသည့် နေရာများတွင် မိမိအစီအစဉ်နှင့် ကိုယ်ထူ ကိုယ်ထဖြင့် ဘုန်းတော်ကြီးများဦးဆောင်ပြီး ထန်းပင်များနှင့် တံတားခင်းသည့် အခြေအနေဖြစ်ပါ ကြောင်း၊ တပ်မတော်မှ မိုင်းရှင်းလင်းပေးရန်၊ လမ်းပြုပြင်ရေးဆောင်ရွက်သည့်အချိန်တွင် လိုအပ် သည့် နယ်မြေများကို ရှင်းလင်း ပေးရန်၊ ရှင်းလင်းပြီးပါက ဆိုင်ကယ်နှင့် သွားလာခွင့်ပြုရန်၊ ထိုအရာများကို ဆောလျင်စွာ အကောင်အထည်ဖော်ပေးရန် တင်ပြလိုပါကြောင်း၊ လုံခြုံရေးနှင့် ဆိုင်သည့် အကြောင်းအရာများ ပါသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စာနှင့် ဖြေကြား ပါကလည်း အဆင်ပြေပါကြောင်း၊ တချို့မေးခွန်းများသည် ကျောက်ကြီးမြို့မှ ပြည်သူ ၁ သိန်းကျော် သိချင်နေသည့်အဖြေများဖြစ်ပြီး တပ်မတော်ကို ယုံကြည်အားကိုးသည့်အတွက် အားကိုးတကြီးနှင့် တင်ပြအကူအညီ တောင်းခံခြင်းဖြစ်ပါကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ကိုသိနေကြသည့် ကာလဖြစ်၍ လိုအပ်သလို ကူညီဆောင်ရွက်ပေးရန် မေးမြန်းခဲ့ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်မျိုးသန့် က
ကျောက်ကြီး-နတ်သံကွင်း ကားလမ်းပေါ်ရှိ ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက် တံတားအထိ ၃.၄ မိုင် ကတ္တရာလမ်းပိုင်းသည် အရှည် ၁၆ မိုင်၊ ၅ ဖာလုံရှိသည့် ကျောက်ကြီး-နတ်သံကွင်း-ပဲနွယ်ကုန်း လမ်းပိုင်းတွင် ပါဝင်ပါကြောင်း၊ အဆိုပါလမ်းပိုင်းသည် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်လမ်းပိုင်း ဖြစ်ပါကြောင်း၊ လက်ရှိတပ်မတော်အနေဖြင့် ကျောက်ကြီး- နတ်သံကွင်း-ပဲနွယ်ကုန်းလမ်းပိုင်းကို ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေရေး အတွက် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများကို ရှင်းလင်းခြင်း၊ ဖောက်ခွဲ ဖျက်ဆီး ခံထားရသည့် တံတားများကို ပြုပြင်ပေးခြင်းများအပါအဝင်လိုအပ်သည့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကျောက်ကြီး-နတ်သံကွင်းလမ်းကြောင်းပေါ်တွင် ၂၀၂၃ ခုနှစ်အတွင်းက KNU၊ PDF အကြမ်း ဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တံတား ၁၈ စင်းရှိသည့်အနက် တံတား ၁၄ စင်းကို KNU၊ PDF အကြမ်းဖက်သောင်းကျန်းသူများမှ ချိုးဖျက်ခဲ့ပြီး တံတားများပြုပြင် ဆောင်ရွက်ခြင်း မပြုလုပ်နိုင်စေရန်အတွက် ကားမိုင်းများထောင်ထားခြင်း၊ လမ်းတံတားများ ပြုပြင်ဆောင်ရွက်နေသည့် အင်ဂျင်နီယာအဖွဲ့များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ကျောက်ကြီး-နတ်သံကွင်း လမ်းပိုင်းတွင် နယ်မြေ လုံခြုံရေး စီမံဆောင်ရွက်ပေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ၏ အစီအစဉ်ဖြင့် ဖျက်ဆီးခံထားရသည့် တံတား ၁၄ စင်းအနက် နတ်သံကွင်းမှ ရန်မျိုးအောင် ကျေးရွာအထိ တံတား ၉ စင်းကို ပြုပြင်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တံတားပြုပြင်ခြင်းအပါအဝင် နတ်သံကွင်းမှ ရန်မျိုးအောင်ကျေးရွာအထိ လမ်းကြောင်းတစ်လျှောက် မိုင်းများရှင်းလင်းပေးခဲ့ပြီး တံတားများ ထပ်မံဖျက်ဆီးမှု မခံရစေရေးအတွက် တံတားနေရာများတွင် လုံလောက်သည့် လုံခြုံရေး အစီအမံများ ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း။
ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက် တံတားအထိ ကတ္တရာလမ်း ၃.၄ မိုင်အတွင်း၌ ခရုမြောင် တံတား၊ ညောင်ကုန်းတံတား၊ ရေတွင်းဖြူတံတား၊ ထန်းလေးပင်တံတား၊ သဲကုန်းတံတား စုစုပေါင်း တံတား ၅ စင်း ဆက်လက်ပြုပြင်ရန် ကျန်ရှိနေပါကြောင်း၊ ထိုတံတား ၅ စင်းနှင့် မိုင်းရှင်း လင်းရန် ကျန်ရှိနေသည့် အရှည် ၃.၄ မိုင် လမ်းပိုင်းအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများတွင် KNU၊ PDF များ လှုပ်ရှားမှုများပြားသည့် အမာခံနယ်မြေများဖြစ်ပြီး လမ်းတံတားပြုပြင်ရေး အဖွဲ့များကို မကြာခဏ ချောင်းမြောင်းတိုက်ခိုက်လျက်ရှိသည့်အတွက် ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက် တံတားအထိ ၃.၄ မိုင် လမ်းပိုင်းကို မိုင်းရှင်းလင်းခြင်းအပါအဝင် တံတားများပြုပြင်နိုင်ရန်အတွက် အနီးပတ်ဝန်းကျင်ကျေးရွာများကို နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုံခြုံစိတ်ချစွာ ဆောင်ရွက်ပြီးမှသာ တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
လက်ရှိ ၃.၄ မိုင်လမ်းပိုင်းကို အသုံးမပြုနိုင်သဖြင့် ဒေသခံပြည်သူများ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် အဆင်ပြေစွာ သွားလာနိုင်စေရန် ရန်မျိုးအောင်ကျေးရွာမှ တမာခေါကျေးရွာ၊ တောင်စုကျေးရွာ၊ ရွာကြီးအင်းကျေးရွာမှတစ်ဆင့် အင်းသဘောက် တံတားအထိ ကျေးရွာချင်းဆက် လမ်းကြောင်း အသုံးပြုနိုင်စေရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးထားပါကြောင်း၊ ထို့အပြင် ပဲနွယ်ကုန်းနှင့် နတ်သံကွင်းလမ်းပိုင်းကြားရှိ ကျေးရွာ ၁၃ ရွာမှ တိုက်ပွဲရှောင်ပြည်သူများကို ၂၀၂၆ ခုနှစ်၊ ဇွန်လမှစတင်၍ မိမိတို့ရပ်ရွာများတွင် ပြန်လည်နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိပြီး နယ်မြေအေးချမ်းမှုအပေါ် မူတည်၍ နတ်သံကွင်းနှင့် ကျောက်ကြီးကြားရှိ ကျေးရွာ များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်ရှိ ရန်မျိုးအောင်ကျေးရွာမှ အင်းသဘောက်တံတားအထိ ၃.၄ မိုင် လမ်းပိုင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများကို နယ်မြေလုံခြုံရေး အပြည့်အဝ ဆောင်ရွက် ပြီးလျှင် မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ပြီးနောက် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ အပေါ် မူတည်၍ လမ်းတံတားများပြုပြင်ခြင်း၊ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အတွက် ကုန်ကျစရိတ်များ တွက်ချက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လမ်း၊ တံတားများ ပြုပြင်တည်ဆောက်ရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုပါ လမ်းပိုင်းကို ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး အပြည့်အဝရရှိအောင် ဆောင်ရွက်ပြီးမှသာ ပြည်သူများ ပုံမှန်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးဟံသာဝင်း(ကျောက်ကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ဆက်စပ်မေးခွန်း(၁)အနေဖြင့် ထိုလမ်းပိုင်းကို လုံခြုံရေးအခြေအနေအရ မဆောင်ရွက် ပေးနိုင်သည့် အခြေအနေတွင် ကျောက်ချောလမ်း၊ ကျေးရွာချင်းဆက်မြေသားလမ်း ၄.၅ မိုင်ကို ကျောက်ချောလမ်းဆိုလျှင် ကုန်ကျစရိတ်များသည့်အတွက် ကျောက်ရောမြေလောက်ခင်းပြီး လိုအပ်သည့်နေရာများကို ပြုပြင်ပေးရန် အကူအညီတောင်းခံအပ်ပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးကိုလည်း အကူအညီတောင်းခံထားပါကြောင်း၊ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းထားသည့်အတွက် လက်ရှိမိုးရာသီမတိုင်ခင် တချို့လိုအပ်သည့်နေရာလောက်ကိုပဲ လုပ်လျှင် ရပါကြောင်း၊ ဘတ်ဂျက်လည်း အများကြီးကုန်စရာ မလိုပါကြောင်း၊ လက်ရှိ မပြင်နိုင်ဘူးဆိုလျှင်တပ်မတော်သားများမှ အုန်းပင်များ၊ ထန်းပင်များ ထပ်ပြီး ဝယ်ယူခြင်း၊ ဖြတ်တောက်ခြင်း၊ ခင်းခြင်း နှင့် ၎င်းတို့၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်ကို အပြည့်အဝ မဆောင်ရွက်နိုင်မည်စိုးသည့်အတွက် တင်ပြခြင်းဖြစ်ပါကြောင်း။
တပ်မတော်သားများမရှိဘူးဆိုလျှင် ကျွန်တော်တို့မြို့နယ်သည် လုံးဝအဆင်မပြေပါကြောင်း၊ အင်နှင့်အားနှင့် ဆောင်ရွက်ပေးမှသာ အဆင်ပြေမည့် အခြေအနေဖြစ်ပါကြောင်း၊ လက်ဖက်ကျေးရွာ တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတ်ဖြတ်ခဲ့မှုကြောင့် ၁၀ နှစ်ကလေးများ၊ ၃ နှစ်ကလေး များကိုပါ ရက်ရက်စက်စက် ခုတ်ဖြတ်သတ်ဖြတ်ခဲ့ပါကြောင်း၊ ၁၀ လသား ကလေးဆိုလျှင် ခြေထောက်ကကိုင်ရိုက်ပြီး သတ်ဖြတ်ခဲ့သည့်အဆင့်အထိဖြစ်ပါကြောင်း၊ ထို့အတွက် မိမိတို့နယ်မြေ ကျောက်ကြီးမြို့နယ်သည် တပ်မတော်မရှိလျှင် မရသည့် နယ်မြေဖြစ်သည့်အတွက် ကူညီဆောင်ရွက် ပေးရန်လည်း အလေးအနက်ထား တင်ပြလိုပါကြောင်း။
ဆက်စပ်မေးခွန်း(၂)အနေဖြင့် ထိုလမ်းပိုင်း၏ ဘေးဘယ်၊ ညာရှိ ကျေးရွာများသည် တပ်မတော်နှင့် ပူးပေါင်းပြီး ၁၉၇၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်ကျော်ကာလများအထိ တံတားများကို ဝိုင်းဝန်းကာကွယ်သည့် အတွေ့အကြုံရှိပါကြောင်း၊ ထိုတံတားများသည်လည်း ဒီမိုကရေစီအစိုးရ လက်ထက်တွင် ကွန်ကရစ်လမ်းဖြစ်သွားသော်လည်း မိမိတို့မြို့နယ်တွင် ဘေလီတံတားပဲ ထိုးပေး သင့်ပါကြောင်း၊ ကွန်ကရစ် လမ်းလုပ်လိုက်၊ မိုင်းခွဲလိုက်ဆိုလျှင် သမင်မွေးရင်း ကျားစားရင်း ဖြစ်နေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုလမ်းပိုင်းတွင် နတ်သံကွင်းမှ ကျောက်ကြီးအထိ ပြည်သူများ ထိုလမ်းတံတားကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် ပြည်သူများပါဝင်သည့် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးစနစ်ကို တပ်မတော်နှင့် လက်တွဲပြီး ဆောင်ရွက်သွားရန်လည်း အစီအစဉ် ရှိ၊ မရှိနှင့် ကျောက်ကြီးကို အကြောက်တရားများ မရှိစေရန် တပ်မတော်မှသာ ကူညီဆောင်ရွက်ပေးနိုင်မည်ဟု ပြည်သူအများစုယုံကြည်နေကြပါကြောင်း။
ကားခက လူတစ်ဦးကို ၃၀,၀၀၀ ကျပ်နှင့် ကုန်တစ်ပိဿာလျှင် ၂,၀၀၀ ကျပ်လောက် ကျသင့်သည့်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဖြင့် ဌာနဆိုင်ရာကြီးကြပ်မှုနှင့် မြို့နယ်ယာဉ်လိုင်း ပေါင်းစုံကြီးကြပ်မှုကော်မတီတစ်ရပ် ဖွဲ့စည်းပြီး လူစီးကားများနှင့် ယာဉ်လိုင်းများကို စနစ်တကျ ပြေးဆွဲရန်လည်း တင်ပြလိုပါကြောင်း၊ ထိုမေးခွန်းကို မေးသည့်အချိန်တွင် ဘေးထွက်ဆိုးကျိုး ရှိနိုင်တာသိသော်လည်း ပြည်သူများ လက်တွေ့ကြုံတွေ့နေရသည်ကို မတင်ပြမိလျှင် မိမိတို့ တာဝန် ကျေပွန်မည် မဟုတ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါကြောင်း၊ တပ်မတော်မှ အင်နှင့်အားနှင့် အချိန် ယူပြီး စနစ်တကျ ဆောင်ရွက်ရမည့်ကိစ္စများဖြစ်၍ စာဖြင့် ပြန်လည်ဖြေကြားပေးလျှင်လည်း အဆင်ပြေပါကြောင်း မေးမြန်းခဲ့ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်မျိုးသန့် က
ကျောက်ကြီး- နတ်သံကွင်း ကားလမ်းပေါ်ရှိ ရှောင်ကွင်းလမ်းအဖြစ် အသုံးပြုနေသည့် ရန်မျိုးအောင်-တမာခေါ- ရွာကြီးအင်း-အင်းသဘောက်ဆက်သွယ်ထားသော ရွာချင်းဆက်လမ်းသည် ကျေးလက်ဦးစီးဌာနပိုင် မြေသားလမ်းဖြစ်ပါကြောင်း၊ ထိုလမ်းကို ပြည်သူများ အသုံးပြုနိုင်စေရန် အတွက် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အရှည် ၆၀ ပေရှိသော ဘေလီတံတားနှစ်စင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အရေးပေါ်ရန်ပုံငွေဖြင့် တည်ဆောက်ပေးထားခဲ့ပါ ကြောင်း၊ ယခု ထိုလမ်းကြောင်းသည် ပျက်စီးနေသည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် ပြင်ဆင်ပေးရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်မျိုးအောင်-အင်းသဘောက်တံတား ၃.၄ မိုင် အသုံးမပြုနိုင်သေးသည့်အတွက် ယာယီ အသုံးပြုနိုင်အောင် ပြုပြင်ပေးထားသည့် လမ်းလည်းသည့်အတွက် ထိုလမ်းပိုင်းနှင့်စပ်လျဉ်း၍ လမ်းပိုင်း ၄.၅ မိုင် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ကျောက်ရောမြေ ခင်းခြင်း ဆောင်ရွက်ရန် ယခုနှစ် ရန်ပုံငွေလျာထားမှုမရှိကြောင်း၊ နယ်မြေအခြေအနေအရ အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း။
ပဲနွယ်ကုန်းနှင့် နတ်သံကွင်းလမ်းပေါ်ရှိ ကျေးရွာ ၁၃ ရွာ တိုက်ပွဲရှောင်ပြည်သူများ မိမိတို့ ရပ်ရွာများတွင် နေထိုင်စေရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လမှစတင်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ နတ်သံကွင်း-ကျောက်ကြီးလမ်းပိုင်း ရှိ ကျေးရွာများကို တိုက်ပွဲရှောင်ပြည်သူများ မိမိတို့နေရပ်သို့ ပြန်နိုင်ရေးအတွက် အပိုင်းလိုက် ဆက်လက်စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နတ်သံကွင်း-ကျောက်ကြီးလမ်းပိုင်းရှိ လမ်း၊ တံတားများ အဆင့်မြှင့်တင်ရေးပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးလျှင် အကြမ်းဖက်သောင်းကျန်း သူများ ထပ်မံဖျက်ဆီးမှုမရှိစေရေးနှင့် ၎င်းတို့၏ နှောင့်ယှက်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် အတွက် လိုအပ်သော လုံခြုံရေးအစီအမံများကိုလည်း တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်း ဝဲ/ယာရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူများ မိမိတို့နေရပ် သို့ ပြန်လည်နေထိုင်ပြီးချိန်ရောက်လျှင် ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှင့်အတူ ပူးပေါင်းကာကွယ်နိုင်ရန် ဒေသခံပြည်သူများ၏ ဆန္ဒအရ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ကျောက်ကြီး-ရွာကြီးအင်း-တမာခေါ-ရန်မျိုးအောင်-နတ်သံကွင်း-ပဲခူး လမ်းပိုင်းသည် ကျေးလက် ဦးစီးဌာနပိုင် Class A အဆင့်ရှိ မြေသားလမ်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ ထိုလမ်းကို ပြင်ဆင်ပေးရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ခရီးသည်၊ ကုန်ငယ်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး၊ ခရီးစရိတ်များ သင့်တင့် မျှတသော နှုန်းထားများဖြစ်စေရေးဆိုသည့် တင်ပြချက်ကို မိမိအနေဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး ဆက်လက်အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။