ပုဂ္ဂလိကကျောင်းများနှင့် ပြည်ပနိုင်ငံများမှရရှိသောဘွဲ့များအား မည်ကဲ့သို့ အသိအမှတ်ပြု ထားကြောင်းနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ရရှိရေးအတွက် မည်ကဲ့သို့စီမံထားရှိမှုအား သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ရေးအတွက် မိမိနိုင်ငံအား ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသလို ခေတ်မီ ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်အံ့ ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်အောင် အနာဂတ်လူငယ်များကို နိုင်ငံတော်မှ ဖွင့်လှစ် သင်ကြားနေသော အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများဖြစ်သည့် တက္ကသိုလ်၊ ကောလိပ် များအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အပြင် အမျိုးသားသင်ရိုးညွှန်း တမ်းသင် ပုဂ္ဂလိက အခြေခံ ပညာကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိက ကျောင်းများကို ဖွင့်လှစ် သင်ကြားပေး လျက်ရှိပါကြောင်း၊ နိုင်ငံသားများ၊ နိုင်ငံသားအနာဂတ် လူငယ်များ သင်ယူနေကြသော ပညာရေးကို အလွှာခွဲ၍ သုံးသပ်ကြည့်ပါက တင်ပြပါအတိုင်း အစိုးရကျောင်းပညာရေး၊ အမျိုးသား သင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကအခြေခံပညာ ကျောင်းပညာ ရေး၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားနေသော ပုဂ္ဂလိကကျောင်းပညာရေး၊ ပြည်ပတွင် သွားရောက်ပညာသင်ကြားနေသော ပညာရေးဟူ၍ တွေ့ရပါကြောင်း၊ အထက်ပါကျောင်းများကို တက်ရောက်နေသော မျိုးဆက်သစ် လူငယ်များသည် နိုင်ငံသားများ၊ နိုင်ငံ့ရတနာများ၊ အနာဂတ် နိုင်ငံကို ပုံဖော်မည့်သူများ ဖြစ်ပါကြောင်း။
နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံ၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သော နိုင်ငံ ဖြစ်ရန် ဆိုလျှင် ခေတ်ကာလနှင့်ညီသော HR လူသားအရင်း အမြစ်များ၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင် စွမ်းရှိသည့် ခေတ်နှင့်ညီသည့် ပညာတတ်များ၊ ပြည်တွင်းအသိအမှတ်ပြုပညာတတ်များနှင့် နိုင်ငံ တကာ အသိအမှတ်ပြုသည့် ပညာတတ်များ အများအပြားလိုအပ်မည် ဖြစ်ပါကြောင်း၊ နိုင်ငံသား များမှ မွေးဖွားလာသော အနာဂတ်လူငယ်များ၏လက်ဝယ်သို့ နိုင်ငံ့တာဝန် အရပ်ရပ်ကို မလွှဲမသွေ လွှဲပြောင်းပေးကြရမည်မှာ သမိုင်းအစဉ်အလာတစ်ရပ်ဖြစ်ပါကြောင်း၊ အနာဂတ် နိုင်ငံဖွံ့ဖြိုးခြင်း၊ မဖွံ့ဖြိုးခြင်းသည် အနာဂတ်လူငယ်များ၏ လက်ဝယ်တွင်သာတည်ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုး တိုးတက်သောနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန် အတွက်ဆိုလျှင် ယခုကတည်းက အနာဂတ် လူငယ်များကို ပြည်တွင်းသာမက ပြည်ပမှာပါပြုစုပျိုးထောင်ပေးရမည့်တာဝန်သည် သမိုင်းပေး တာဝန်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်း စီမံဆောင်ရွက်နေသည် ကိုလည်း တွေ့ရှိရပါကြောင်း။
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ အဖြစ် ကတိသစ္စာပြုသည့်နေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သည့် လူ့စွမ်း အား အရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ အများကြီးလိုအပ်ပါကြောင်း၊ မြန်မာတို့သည် ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီး သမိုင်းတစ်လျှောက်တွင် ထူးချွန်ထက်မြက်သည့် သူများ ပေါ်ထွန်းခဲ့ပါကြောင်း၊ အနာဂတ်နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်း ထမ်းဆောင် ကြရမည့် မျိုးဆက်သစ်လူငယ်များအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်မည့် အတတ် ပညာရှင်၊ အသိပညာရှင်များဖြစ်ရန်နှင့် ဗလငါးတန် ပြည့်ဝရန်အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်နှင့် အနာဂတ်ပညာရေးကို မီးမောင်း ထိုးပြသွားသည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ပြည်တွင်းသာမက ပြည်ပနိုင်ငံများ မှာပါ သွားရောက်ပညာသင်ကြားတတ်မြောက်ထားသော မျိုးဆက်သစ် လူငယ်များကို အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသော ပုဂ္ဂလိကပညာကျောင်းများ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိက ကျောင်းများအား မည်ကဲ့သို့သောဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များကို အသိအမှတ်ပြုထား ကြောင်းနှင့် ပြည်ပတွင် သွားရောက်ပညာသင်ကြားရာမှ ရရှိလာသောဘွဲ့များအား မည်ကဲ့သို့ အသိအမှတ်ပြုထားကြောင်းကို သိရှိလိုပါကြောင်းနှင့် ၎င်းဘွဲ့ရရှိထားသူ နိုင်ငံသားများအား နိုင်ငံ့ တာဝန်ထမ်းဆောင်ခွင့် ရရှိရေးအတွက် မည်ကဲ့သို့အစီအမံများထားရှိမှု ရှိ/ မရှိကို မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမောင်သိန်း)က
ကိုယ်စားလှယ်တော်ကြီး၏ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပညာသင်ကျောင်းများနှင့် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများတွင် ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် ပြည်ပ နိုင်ငံက ရရှိထားသော ဘွဲ့များနှင့် စပ်လျဉ်းသည့်မေးခွန်းကို အပိုင်းနှစ်ပိုင်းခွဲပြီး ဖြေကြား မည်ဖြစ်ပါကြောင်း။
ပထမပိုင်းအနေဖြင့် ပုဂ္ဂလိကပညာရေးဥပဒေ ပုဒ်မ ၃၈ မှာ ပုဂ္ဂလိကအခြေခံပညာ ကျောင်းဆရာသည် အနည်းဆုံးအောက်ပါအရည်အချင်း သတ်မှတ်ချက် တစ်ရပ်ရပ်နှင့်ကိုက်ညီသူ ဖြစ်ရမည်ဟု ဖော်ပြထားပါကြောင်း -
(၁) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာဘာသာရပ်နယ်ပယ် အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူ၊
(၂) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတတ်ပညာ ဆိုင်ရာဒီပလိုမာ သို့မဟုတ် လက်မှတ်ရရှိသူ၊
(၃) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဝန်ကြီးဌာနက ဖွင့်လှစ်သော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူ၊
(၄) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြေခံပညာကျောင်းဆရာဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာရပ် ဆရာဖြစ်စေ ဆောင်ရွက်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး ငါးနှစ်ရှိသူဟု ဖော်ပြထားပါကြောင်း။
ပုဂ္ဂလိကပညာရေးဥပဒေ ပုဒ်မ ၃၉ အရ ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးကျောင်းဆရာသည် သက်ဆိုင်ရာဥပဒေများနှင့်အညီ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူဖြစ်ရမည်ဟု သတ်မှတ်ထားပါကြောင်း၊ ပုဂ္ဂလိကပညာရေးဥပဒေ ပုဒ်မ ၄၀ အရ ပုဂ္ဂလိက အဆင့်မြင့်ပညာ ကျောင်းဆရာသည် ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့ ရရှိထားသူဖြစ်ရမည်ဟု သတ်မှတ်ထား ပါကြောင်း၊ အဆိုပါ ပုဒ်မများသည် သတ်မှတ်ထားသောအရည်အချင်းနှင့် ကိုက်ညီသောသူများက ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိရေးအတွက် လျှောက်ထားရာမှာ ၎င်းတို့ရရှိ ထား သည့် ဘွဲ့ မှန်ကန်မှု ရှိ/ မရှိ အတည်ပြုခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရသည့် လုပ်ငန်းများရှိပါ ကြောင်း၊ ၎င်းတို့မှာ -
(၁) ပြည်တွင်းတက္ကသိုလ်အသီသီးမှ ရရှိလာသည့်ဘွဲ့များအတွက် ပညာရေးဝန်ကြီး ဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာတက္ကသိုလ်အသီးသီးသို့ ဘွဲ့လက်မှတ် ကာလာဖြင့် မိတ္တူမှန်များပေးပို့၍ ဘွဲ့မှန်ကန်မှု ရှိ /မရှိ အတည်ပြုခြင်း၊
(၂) ပြည်ပတက္ကသိုလ်အသီးသီးမှ ရရှိသောဘွဲ့များအတွက် ၎င်းတို့ရရှိခဲ့သော ဘွဲ့လက်မှတ် ကာလာဖြင့် မိတ္တူမှန်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးများသို့ပေးပို့ပြီး ဘွဲ့ရရှိခဲ့သောတက္ကသိုလ်သည် သက်ဆိုင်ရာနိုင်ငံ၏ ပညာရေး အာဏာပိုင်အဖွဲ့အစည်းမှ အသိအမှတ်ပြုထားခြင်း ရှိ /မရှိ နှင့် ဘွဲ့ရရှိသော တက္ကသိုလ်၏ ဘွဲ့ရစာရင်းတွင် အမည်ပါဝင်ခြင်း ရှိ/ မရှိ ညှိနှိုင်းဆောင်ရွက်၍ စိစစ် အတည်ပြုခြင်း၊
(၃) DCS ကင်းရှင်းခြင်း ရှိ /မရှိ အတည်ပြုခြင်းအား ပြည်ထဲရေးဝန်ကြီးဌာနသို့ နိုင်ငံသား စိစစ်ရေးကတ် ကာလာမိတ္တူမှန်များပေးပို့၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊
တို့ကိုဆောင်ရွက်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဒ်မ ၃၈၊ ၃၉ နှင့် ၄၀ တွင် ဖော်ပြထားသော ပုဂ္ဂလိက ကျောင်းဆရာအရည်အချင်း သတ်မှတ်ချက်တစ်ရပ်ရပ်နှင့် ကိုက်ညီပါကသက်ဆိုင်ရာ ပုဂ္ဂလိက အခြေခံပညာ ကျောင်းဆရာအဖြစ်လည်းကောင်း၊ ပုဂ္ဂလိကအဆင့်မြင့်ပညာ ကျောင်းဆရာအဖြစ် လည်းကောင်း၊ ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေး နှင့် လေ့ကျင့်ရေးကျောင်းဆရာ အဖြစ်လည်းကောင်း လျှောက်ထားနိုင်ပြီး ပုဂ္ဂလိကကျောင်းဆရာအဖြစ် လျှောက်ထားသူများသည် DCS ကင်းရှင်း၍ ရရှိသောဘွဲ့ မှန်ကန်မှုရှိပါက သက်ဆိုင်ရာ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင် လက်မှတ်ထုတ်ပေး၍ အသိအမှတ်ပြုထားပါကြောင်း။
ပုဂ္ဂလိကပညာသင်ကျောင်းများနှင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားနေသော ပုဂ္ဂလိက ကျောင်းများမှ ဘွဲ့ရရှိသူများအား နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ရရှိရေး မည်ကဲ့သို့ စီမံထားရှိမှု ရှိ /မရှိ သိလိုခြင်းနှင့်စပ်လျဉ်း၍ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၂ အရ နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင် ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ သတ်မှတ်သောအရည်အချင်းနှင့် ပြည့်စုံ ပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာသာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရဟု ပါရှိရာ ဥပဒေနှင့်အညီ ခန့်ထားမည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၃၆၈ အရ နိုင်ငံတော် သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမထားရှိဘဲ ၎င်းတို့၏အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်ဟု ပါရှိပါ ကြောင်း၊ဒုတိယအချက်အနေဖြင့်၂၀၁၃ ခုနှစ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇ အရ ဝန်ထမ်းရွေးချယ် ခန့်ထားရေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အခါအားလျော်စွာ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးသည် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးတွင် ရှိသည့် ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်သည့် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ပေးသည့်ဝန်ထမ်းများကို ခန့်ထားရမည် ဟူ၍လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် သတ်မှတ်သည့် ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့်ရာထူးမှတစ်ပါး အခြားစတင်ခန့်ရာထူးအဆင့်အတွက် ဝန်ထမ်း များကို ရွေးချယ်ခန့်ထား ရမည် ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသောကြောင့် နိုင်ငံ့ဝန်ထမ်း အဖြစ် လျှောက်ထားလိုပါက သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာ စာများနှင့်အညီ လျှောက်ထားနိုင်ပါကြောင်းနှင့် ပုဂ္ဂလိက ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခြင်းသည်လည်း နိုင်ငံတာဝန်ထမ်းဆောင်ခြင်းပင် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။