ပညာရေးဝန်ထမ်းများအား ရာထူးတိုးပြောင်းရွှေ့ခန့်ထားရာတွင် “စံ” များထားရှိရေး အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိသည် ၁-၃-၂၀၁၃ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးတွင် တာဝန် ယူရပါကြောင်း၊ ၃-၁-၂၀၁၃ ရက်တွင် တိုင်းပညာရေးမှူး၏တာဝန်ပေးချက်အရ လက်ထောက် ညွှန်ကြားရေးမှူးဝန် ထမ်းများနှင့်အတူ ပညာရေးဝန်ကြီးရုံးသို့ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူး များ အစည်းအဝေး သို့ တက်ရောက်ရပါကြောင်း၊ တမူးမဲဆန္ဒနယ်မှ ဦးခင်မောင်ရွှေက မေးမြန်း ထားသည့် မေးခွန်း ရှိပါကြောင်း၊ ၎င်းဖတ်ကြားပြသည့်အခါ တမူးမြို့မှ ပညာရေး ကောလိပ်သို့ ၁၅ ဦး တက်ရောက် အောင်မြင်ပြီး ငါးဦးနေရာလစ်လပ်သည့်နေရာတွင် တစ်ဦး သာခန့်၍ ကျန် ၁၄ ဦးကို နန်းယွန်း၊ ကသာ၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့်တို့တွင် ခန့်ထားခဲ့ပါကြောင်း၊ အဘယ်ကြောင့် ခန့်ထားသည်ကို မေးသည့်အခါ အောင်ချက် အစစ်နှင့် ခန့်ထား သည်ဟု မိမိဖြေဆိုခဲ့ပါကြောင်း၊ ထို အချိန်တွင် DEPT လို့ခေါ်သည့် ဉာဏ်ရည်လေ့ကျင့်မှု ပညာရေးလေ့ကျင့်မှုဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူး ဆရာမကြီးမှ မဟုတ်ပါကြောင်း၊ ယခုခန့်ထားသည်သူသည် ထွက်သွားသည်သူများထက် အဆင့်နိမ့်ပါကြောင်း၊ ကျန်ရှိသည့် သူများ သည်လည်း ထိုပုဂ္ဂိုလ်များထက် အဆင့်နိမ့်သည်ဟု ဖြေသည့်အတွက် ဝန်ကြီးမှ မိမိကို ပြင်းထန်စွာ ပြောဆိုခံရပါကြောင်း၊ Blacklist လည်း အသွင်းခံရပါ ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တစ်ခါ ထပ်ကြုံရ ပါကြောင်း၊ မော်လိုက်ပညာရေးကောလိပ်အဆင့်များ ဖြစ်ပါကြောင်း၊ ၁၉ ဦးဆင်းပြီး ၎င်းတို့ဆီတွင် ၂၀ ဦးရှိသော်လည်း ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့မှ ထိုပုဂ္ဂိုလ်များအားလုံးကို လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကသာ၊ ဗန်းမောက်၊ အင်းတော် အစရှိသဖြင့် ခန့်ထားလိုက်ပါကြောင်း၊ မိမိထံသို့ တင်လာသည့်အခါ တလွဲဖြစ်နေသည့်အတွက် ပြင်ပေးလိုက်ပါ ကြောင်း၊ မော်လိုက်တွင် နေရာ ၂၀ ရှိသည့်အတွက် ၁၉ ဦးကို ပြန်လည်ခန့်ထားပေးပြီး ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်မှ မော်လိုက်ခန့်ထားခံရသည့် ကလေးများအားလုံးကို အစောကနေရာများသို့ ပြောင်းလဲခန့်ထား ပေးလိုက်ပါကြောင်း၊ နောက်တစ်ရက်ကျ တိုင်းဒေသကြီးအစိုးရမှ ခေါ်ယူခြင်းခံရပြီး ဝန်ကြီးရုံး၏ ကြိမ်းမောင်းခြင်းလည်းခံရပါကြောင်း၊ လွှတ်တော်၏ အတည်ပြုထားသည်ကို ကျော်လွန် သည့်အတွက် ပြောဆိုကြိမ်းမောင်းခြင်း ဖြစ်ပါကြောင်း၊ မိမိစားပွဲပေါ်တွင် လွှတ်တော်၏ အတည် ပြုချက်မပါပါကြောင်း၊ မော်လိုက်ကိုယ်စားလှယ်မှ တိုင်လျှင် မိမိပြုတ်တော့မည်ဖြစ်ကြောင်း အတိအလင်း တင်ပြခဲ့သည့်အတွက် လုပ်ရပ်မှန်၊ စေတနာမှန်သော်လည်း လွှတ်တော်ကို ကျော်လွန် သည့်အတွက် ပြင်းထန်စွာသတိပေးခြင်း၊ ဝန်ခံကတိပြုခဲ့ရပါကြောင်း။
ထို့ကြောင့် ထိုအတွေ့အကြုံက တိုင်းဒေသကြီးဌာနဆိုင်ရာ ဒေသကြီးများအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၏ လမ်းညွှန်မှုကို ခံဝန်ခဲ့ရပါကြောင်း၊ ရာထူးတိုးခန့်ထား၊ ပြောင်းရွှေ့မည်ဆိုလျှင် တိုင်းမြေပုံ၊ ခရိုင်မြေပုံ၊ မြို့နယ်မြေပုံများဘေးချပြီး တရားမျှတစွာ ဆောင်ရွက်ကြပါ၊ မတရားပြောင်းစား၊ တိုးစားမလုပ်ကြပါနှင့်ဟု မှာကြားသည်ကို မှတ်သားခဲ့ရပါ ကြောင်း၊ ကိုယ်တွေ့အဖြစ်အပျက်များကို စံပြု၍ အဆင့် A၊ B၊ C ခွဲခြားဆောင်ရွက်ကြရသော်လည်း ရာထူးအလေအလွင့်နည်းပါးစေရန် မြို့နယ်မြေပုံ၊ ခရိုင်မြေပုံချ၍ ရာထူးတိုးပြောင်း၊ ခန့်ထား အပြောင်းအရွှေ့ဆောင်ရွက်လျှင် သင့်လျော်ရာ၊ အဆင်ပြေရာကြောင်းရှိပါကြောင်း၊ မြို့နယ်တိုင်းတွင် A၊ B၊ C၊ D အဆင့်ခွဲလျက်ရှိပါကြောင်း၊ ရှေးရိုးအတိုင်း ဟိုကလူ ဒီပို့၊ ဒီကလူ ဟိုပို့လုပ်၍ ပြောင်းစား၊ တိုးစားအလုပ်များအား ပြောင်းလဲသင့်ပြီဖြစ်ပါကြောင်း အကြံပြုအပ်ပါကြောင်း၊ ထို့အပြင် အမှတ် ကောင်း၍ ပညာရေးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ် လျှောက်ထားသူများအတွက် ပြည်သူ့ လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီဝင်တစ်ဦးက အောင်မြင်နေသော ကိုယ်ပိုင်ကျောင်း တစ်ကျောင်းမှ ကျောင်းသားရွေးချယ်ရာတွင် လူတွေ့၊ နှုတ်ဖြေမေးလျှင် စာတော်ရုံမဟုတ်ဘဲ မိဘက ထား၍နေရသူ၊ အများနှင့်နေနိုင်သူ၊ ကိုယ့်ဒူး ကိုယ်ချွန်မကြိုးစားချင်သူများအား ရွေးချယ်ခြင်းမပြုဘဲ အများနှင့်မတူသူများ၊ ကိုယ့်ဒူးကိုယ် ချွန် ကြိုးစားသူများသာ ဦးစားပေးရွေးချယ်သွားခြင်းဖြစ်ကြောင်း ပညာရေး ကော်မတီဝင်က ပြောခဲ့ပါကြောင်း၊ ထို့ကြောင့် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ် ကျောင်းဆင်းများကိုလည်း စာတော်ရုံမဟုတ်ဘဲ ပညာရေးကိုချစ်ခင်သူ၊ အလုပ်နှစ်သက်သူကိုသာ ဒေသမရွေးသွားလာ နိုင်သူ တို့ကိုသာခန့်ထားပေးရန် ကတိပြုချက်ယူပြီး ရွေးချယ်သင့်ပါကြောင်းအကြံပြုပါကြောင်း၊ ပညာရေး ဌာနမှ ရာထူးခန့်ထား၊ ပြောင်းရွှေ့ရာထူးတိုးများအား တစ်နိုင်ငံလုံး တစ်မူတည်းစံအား ဤဝန်ထမ်း အလေအလွင့်နည်းနိုင်သမျှနည်းရန်ရည်ရွယ်၍ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်း ခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်း က
နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၃ တွင် ဝန်ထမ်း ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် အနည်းဆုံး လိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်နှင့် လုပ်သက်တို့သည် ဝန်ထမ်းအဖွဲ့အစည်းအလိုက် ရာထူးအမျိုးအစားအပေါ် မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ထားသည့်အတိုင်း ဖြစ်သည်ဟုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ တွင် အထူးကိစ္စရပ်မှအပ ဝန်ထမ်းကို ရာထူးတိုးမြှင့်ခန့်ထားရာတွင် ပြည်ထောင်စုရာထူး ဝန်အဖွဲ့မှ သက်ဆိုင်ရာရာထူးအဆင့်အလိုက် သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးသူ ဖြစ်ရမည်ဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာနရှိ သင်ကြားရေးဆရာ ဆရာမများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရာထူးတိုးမြှင့်ခန့်ထားခြင်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုချက် ရယူပြီးသော ရာထူးအမျိုးအစားအလိုက် အနည်းဆုံး လိုအပ်သော ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း သတ်မှတ်ချက်များဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ တွင်ပါရှိသော ရာထူးတိုးမြှင့်ခြင်း ဆိုင်ရာ တန်းစီဇယားပုံစံများဖြင့်လည်းကောင်း၊ ရာထူးတိုးမြှင့် ပြောင်းရွှေ့ခြင်း အတွက် တန်းစီဇယားမူများကို တက္ကသိုလ်များမှ သက်ဆိုင်ရာပုဂ္ဂိုလ်များပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲ များပြုလုပ်ပြီး ရရှိလာသောမူများဖြင့် တိကျစွာ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာအတတ်ပညာဦးစီးဌာနရှိ သင်ကြားရေးဆရာ ဆရာမများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ၏ ရာထူးအားလုံးအတွက် ရာထူးတိုးမြှင့် ခန့်ထားခြင်း၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း၊ ပြောင်းရွှေ့လျှောက်ထားရာတွင် အနည်းဆုံး တာဝန်ထမ်းဆောင်ရမည့် နှစ်များသတ်မှတ်ခြင်း၊ အနေကြာသတ်မှတ်ခြင်း၊ အနေကြာ သတ်မှတ်ချက်မှ ကင်းလွတ်ခြင်း၊ မိသားစုပေါင်းစည်းခြင်းနှင့် ရာထူးတိုး၊ ပြောင်းမိန့် အမိန့်စာများ ထုတ်ပြန်ခြင်းတို့ကို စံများသတ်မှတ်ထားရှိ ဆောင်ရွက် လျက်ရှိပါကြောင်း။
အခြေခံပညာဦးစီးဌာနရှိ ပညာရေးဝန်ထမ်းများ၏ ရာထူးတိုး၊ အပြောင်းအရွှေ့ရာထူးပြောင်း၊ ရာထူးနှင့် ရာထူးဝင်ပေါက်ခန့်ထားရေးများအား အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် ဒုတိယသွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတို့ပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များဖြင့် ပြင်ဆင်ရေးဆွဲသတ်မှတ်အတည်ပြု၍ ခွင့်ပြုခဲ့သော သတ်မှတ်ချက်များအတိုင်း အခြေခံပညာရေးဝန်ထမ်းများ၏ ရာထူးတိုး၊ ပြောင်းကိစ္စရပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနမှာရှိသည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုး၊ ပြောင်းရွှေ့ခြင်းကိစ္စများကို သတ်မှတ်ထားသည့်စံများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။