မိုင်းဆတ်ခရိုင်ရှိ ၅၀ ခုတင်ဆံ့ဆေးရုံအား ၁၀၀ ခုတင်ဆံ့အဖြစ် တိုးမြှင့်သတ်မှတ်ပေးပြီး၊ လူနာ ဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိုင်းဆတ်မြို့နယသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသတွင် တည်ရှိသည့်အတွက် ပထဝီ အနေအထားအရ ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသ တစ်ခု လည်းဖြစ်ပါကြောင်း၊ မိုင်းဆတ်မြို့နယ်တွင် တိုင်းရင်းသားအများစု မှီတင်းနေထိုင်ကြပြီး မိုင်းဆတ် မြို့၊ ပြည်သူ့ဆေးရုံကြီးသည် ဒေသနေမိဘပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက် ရာတွင် အရေး ပါဆုံးသော ပင်မကျန်းမာရေးမဏ္ဍိုင်ကြီးတစ်ခုဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍ မိသားစုတစ်ခု၏ လူမှုစီးပွားဘဝ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော်လည်း လက်ရှိတွင် ဒေသ တွင်း၌ ပြည့်စုံလုံလောက်သည့် ဆေးကုသမှုဆိုင်ရာ အခြေခံအဆောက်အဦများ မရှိသေးသဖြင့် ဒေသနေမိဘပြည်သူများအနေဖြင့် မိုင်နှင့်ချီဝေးလံသည့် မြို့ကြီးများဆီအထိ ဆေးကုသ မှုများခံယူ နေရပါကြောင်း၊ မိုင်းဆတ်မြို့မှ တာချီလိတ်မြို့သို့ ၆၃ မိုင်ခရီးကို ကားဖြင့် သွားခဲ့ပါက ၃ နာရီမှ ၄ နာရီခန့်သွားရပြီး မိုင်းဆတ်မြို့မှ ကျိုင်းတုံမြို့သို့ ၁၅၉ မိုင်ခရီးကို ၅ နာရီမှ ၆ နာရီအထိ အချိန်ကြာမြင့်ပါကြောင်း၊ တောင်ပေါ်ဒေသ၏ ပထဝီအနေအထားနှင့် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် မြို့ပေါ်ဒေသများကဲ့သို့ လိုင်းကား၊ Taxi ယာဉ်များတွင်လည်း အချိန်ပြည့်မရှိသဖြင့် အရေးပေါ်လူနာများအတွက် ခရီးသွားလာချိန်တွင် ပုံမှန်ထက်ပိုမို ကြာမြင့် လေ့ရှိပြီး အသက် အန္တရာယ်စိုးရိမ်ရသည့်အခြေအနေလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များ လည်းရှိခဲ့ဖူးပါ ကြောင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် လူဦးရေ ၁၀၀,၀၀၀ ကျော်နှင့် မိုင်းတုံမြို့ တွင် လူဦးရေ ၉၀,၀၀၀ ကျော် စုစုပေါင်း ၂၀၀,၀၀၀ ဝန်းကျင်ရှိပါကြောင်း၊ ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ မိုင်းခုတ် ဒေသမှလူနာများအများစုသည် မိုင်းဆတ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ လာရောက် ဆေးကုသ ကြပါကြောင်း၊ မိုင်းဆတ်မြို့တွင် ခရိုင်အဆင့်ဆေးရုံကြီး အဆင့်တိုးမြှင့်ချထား ပေးသွားမည်ဆိုပါက မိုင်းတုံ၊ မိုင်းခုတ်၊ မိုင်းယွန်း၊ ဟိုပန်၊ ဟိုရွက်ဒေသမှ မိဘပြည်သူများအတွက် လွန်စွာအဆင်ပြေ၍ အကျိုးရှိ စေမည့်ကိစ္စကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ လက်ရှိတွင် ခရိုင်အဆင့် ဆေးရုံကြီး မရှိသေးသဖြင့် တပ်မတော်ဆေးရုံ အမှတ်(၁၁/၁၀၀) ကို ဒေသနေမိဘပြည်သူများအနေဖြင့် အားကိုးနေရသည့် အခြေအနေလည်း ရှိပါကြောင်း။
မိုင်းဆတ်မြို့၊ ပြည်သူ့ဆေးရုံကြီးကို ၁၉၆၀ ပြည့်နှစ်တွင် ၁၆ ခုတင်ဆံ့အဖြစ် စတင် တည်ဆောက် ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်တွင် ၅၀ ခုတင်ဆံ့အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ဆေးရုံ အကျယ် အဝန်းသည် ၇.၅၄ ဧကရှိပြီး ၂၀၂၄ ခုနှစ်တွင် အတွင်းလူနာ ၁,၄၀၀ ကျော်နှင့် ပြင်ပလူနာ ၁၁,၀၀၀ ကျော်၊ ၂၀၂၅ ခုနှစ် တွင် အတွင်းလူနာ ၁,၅၀၀ ကျော်နှင့် ပြင်ပလူနာ ၁၄,၀၀၀ ကျော်၊ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ အတွင်း လူနာ ၅၉၀ ဦးနှင့် ပြင်ပလူနာ ၆,၀၀၀ ကျော်၊ မိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံတွင် ၂၀၂၄ ခုနှစ်၌ အတွင်းလူနာ ၁,၂၀၀ ကျော်နှင့် ပြင်ပလူနာ ၄,၅၀၀ ၊ ၂၀၂၅ ခုနှစ်မှာ အတွင်းလူနာ ၁,၄၀၀ ကျော်နှင့် ပြင်ပလူနာ ၄,၉၀၀ ကျော်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ အတွင်းလူနာ ၆၅၀ ဦးနှင့် ပြင်ပလူနာ ၂,၄၀၀ ကျော်ရှိခဲ့ပါကြောင်း၊ ကိုဗစ် ၁၉ ရောဂါဖြစ်စဉ် ကာလတွင်လည်း ဆေးရုံတွင် ဆေးဝါးကုသမှုနေရာ မလုံလောက်ခဲ့သဖြင့် မိုးလုံလေလုံ အားကစားရုံကို အရေးပေါ်သုံးစွဲ၍ လူနာများကို အခက်အခဲများစွာ ဖြင့် ဆေးကုသခဲ့ရသည့်ဖြစ်စဉ် များလည်း ရှိခဲ့ပါကြောင်း၊ ဆေးရုံအဆောက်အဦနှင့် လူနာဆောင်များ မလောက်ငှခြင်း၊ ခေတ်မီဆေး ကုသမှု စက်ပစ္စည်းများ တိုးချဲ့ချထားရန် မြေပြင်အခက်အခဲရှိခြင်း စသည့် စိန်ခေါ်မှုများကြောင့် ခရိုင် အဆင့်ဂုဏ်အင်္ဂါနှင့်အညီ ဒေသနေပြည်သူများမှ အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်ရန်အတွက် ပြည့်စုံသည့်ခရိုင်အဆင့် ဆေးရုံကြီး တစ်ရုံ ဖြစ်တည် လာစေရေး ကို ဒေသခံမိဘပြည်သူများမှ လိုလိုလားလားဆန္ဒရှိကြပါကြောင်း၊ သို့ပါ၍ မိုင်းဆတ်ခရိုင်၊ မိုင်းတုံဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု သာတူညီမျှ ရရှိစေရန် အတွက် လက်ရှိ ခုတင် ၅၀ ဆံ့ဆေးရုံအား ခုတင် ၁၀၀ ဆံ့ ခရိုင်အဆင့်မီဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ပေးပြီး မဖြစ်မနေ လိုအပ်နေသည့် တိုးချဲ့လူနာဆောင်များကိုလည်း သင့်လျော်သော ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဦးစားပေးအစီအစဉ်ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း ခဲ့ပါ သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု သာတူညီမျှရရှိစေရေးအတွက် လက်ရှိ ခုတင် ၅၀ ဆံ့ဆေးရုံအားခုတင် ၁၀၀ ဆံ့ ခရိုင်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့်စပ်လျဉ်းပြီး မိုင်းဆတ်မြို့နယ်မှာ ခုတင် ၅၀ ဆံ့ ပြည်သူ့ ဆေးရုံတစ်ရုံ၊ ဝမ်ဟုန်တိုက်နယ်ဆေးရုံ၊ မိုင်းခုတ်တိုက်နယ်ဆေးရုံနှင့် ယောင်ခတိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံလေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနလေးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၇ ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ မိုင်းဆတ်မြို့နယ်သည် တာချီလိတ်ပြည်သူ့ဆေးရုံနှင့် ၆ဝ မိုင်ကွာဝေးပါကြောင်း၊ ခုတင် ၅ဝ ဆံ့ မိုင်းဆတ်မြို့၊ ပြည်သူ့ဆေးရုံ၏ တစ်ရက်ပျမ်းမျှအတွင်းလူနာသည် ၂ဝ၂၃ ခုနှစ်မှာ ၁၇ ဦး၊ ၂ဝ၂၄ ခုနှစ်တွင် ၁၈ ဦး၊ ၂ဝ၂၅ ခုနှစ်မှာ ၁၉ ဦးနှင့် သုံးနှစ်စာပျမ်းမျှခြင်းအနေဖြင့် ၁၈ ဦးရှိပြီး ဆေးရုံခွင့်ပြု ခုတင်အသုံးပြုမှုရာခိုင်နှုန်း ၂၀၂၃ ခုနှစ်မှာ ၃၄ ရာခိုင်နှုန်း၊ ၂ဝ၂၄ ခုနှစ်တွင် ၃၆ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်း သုံးနှစ်စာပျမ်းမျှခြင်းအားဖြင့် ၃၆ ရာခိုင်နှုန်းရှိပါကြောင်း စိစစ်တွေ့ရှိ ရပါသဖြင့် လတ်တလော ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် နောင်တွင် သင့်လျော်သည့်အချိန်၌ ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှု၊ ထို့နောက် ဆေးရုံခုတင်အသုံးပြုမှုများအပေါ် မူတည်၍ တိုးမြှင့်ဆောင်ရွက်ရေးအတွက် စဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည့်အထဲတွင် ပါဝင်သည့် ပြင်ပလူနာပြသမှုများကို မိမိ တို့ သေသေချာချာမှတ်သားထားပြီး သင့်လျော်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ တိုးချဲ့လူနာဆောင်များကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ဦးစားပေးအစီအစဉ်ဖြင့် အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်း၍ မိုင်းဆတ်မြို့၊ ပြည်သူ့ဆေးရုံကို ခုတင် ၅၀ မှ ခုတင်၁၀၀ ဆံ့ခရိုင်ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ခွင့်ရရှိပြီးသည့်အခါတွင် အဆောက် အဦလိုအပ်ချက်များရှိသည့်အခါ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
စိုင်းမိုးဇော်ဦး(မိုင်းဆတ်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဆေးရုံတွင် အတွင်းလူနာ ၁,၄၀၀ ကျော်နှင့် ပြင်ပလူနာ ၁၁,၀၀၀ ကျော်၊ ၂၀၂၅ ခုနှစ်တွင် အတွင်းလူနာ ၁,၅၀၀ ကျော်နှင့် ပြင်ပလူနာ ၁၄,၀၀၀ ကျော်ဆိုသည်မှာ ကျန်းမာရေးသည် တော်ရုံတန်ရုံနှင့် ပြင်ပလူနာအနေဖြင့် သွားရောက်ခြင်းမဖြစ်နိုင်ပါကြောင်း၊ တစ်နေ့လျှင် ၅၀ ရာခိုင်နှုန်း၊ထိုကိစ္စများကိုလည်း ပြန်လည်သုံးသပ်ပြီး ဖြေလျှော့ပေးသင့်ပါကြောင်း၊ ထို့နောက်မိုင်းဆတ်မြို့နယ်တွင် လိုအပ်နေသည့် အထူးကုဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ သားဖွားမီးယပ်နှင့် ကလေး၊ မေ့ဆေးဆရာဝန်များကို ချထားပေးမည်ဆိုပါက လိုအပ်လျက်ရှိပါကြောင်း၊ မိုင်းခုတ် တိုက်နယ်ဆေးရုံတွင် ဆရာဝန်လိုအပ်ချက်ရှိနေပါသဖြင့် ဒုတိယဝန်ကြီးတို့အနေဖြင့် ဖြည့်စွက် ပေးနိုင်မလား၊ မပေးနိုင်ဘူးလား သိချင်ပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် အေးချမ်း သာယာ သည့်၊ နယ်မြေ တည်ငြိမ်သည့်နေရာဖြစ်သည့်အတွက် ဒုတိယဝန်ကြီးကိုလည်း အောက်ခြေ တွင် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က
ခုတင်တွက်သည့်အခါ Bed Occupancy မှာ မိမိတို့တွက်သည့် Formula ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး ယခုတင်ပြသည့် Daily Occupancy ရော၊ OPD Patients ပြင်ပလူနာများ မိမိတို့ သေချာမှတ်သားထားပြီး ဝန်ကြီးဌာနတွင်လည်း သေချာပြန်လည်တင်ပြဆွေးနွေးပြီး သင့်လျော် သည့်အချိန်များတွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခုတင် ၅၀ ဆံ့၊ ခုတင် ၁၀၀ ဆံ့မှ ခုတင် ၂၀၀ ဆံ့ အစရှိသည့်ဆေးရုံများတွင် အထူးကုဘယ်နှစ်မျိုးရှိသည်မှာ ဖွဲ့စည်းပုံ များတွင်ပါဝင်ပြီး ဖြစ်ပါကြောင်း၊ ခုတင် ၁၀၀ အဆင့်မြှင့်ပြီဆိုလျှင် သူ့ဖွဲ့စည်းပုံတွင် မည်သည့် အထူးကုမျိုးများရှိမည်ဆိုတာပါလာမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် လတ်တလော ကိုယ်စားလှယ် တော်ကြီးလိုအပ်သည့် ခွဲစိတ်နှင့် မေ့ဆေးတို့ကို သူ့ခုတင်သတ်မှတ်ချက်နှင့် သင့်လျော်ပါက အထူးကု မွေးထုတ်နိုင်မှုအခြေအနေပေါ်မူတည်၍ ဦးစားပေး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါ ကြောင်း။
ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည့်အတိုင်း မိုင်းခုတ်တိုက်နယ်ဆေးရုံတွင် ဆရာဝန် လိုအပ်ချက်ရှိနေသည်ကို သိရသည့်အတွက် ဆရာဝန်မွေးထုတ်မှုအပေါ် မူတည်၍ ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်အပတ်ကလည်း ၁,၂၃၇ ဦး ဆရာဝန် (သစ်လွင်) များ ခန့်လိုက်ပါကြောင်း၊ ဆရာဝန်(သစ်လွင်)များကို တန်းပြီး တိုက်နယ်ဆေးရုံသို့ မပို့ပါကြောင်း၊ မြို့၊ တိုင်းဆေးရုံကြီးများ၊ ဗဟိုအဆင့်ဆေးရုံကြီးများတွင် အတွေ့အကြုံရှိပြီးသား ဆရာဝန်များ မြို့နယ် ဆေးရုံတွင် အတွေ့အကြုံရှိနေသည့် ဆရာဝန်များကိုသာ ပို့ပါကြောင်း၊ တိုက်နယ် ဆေးရုံတွင် အရည် အချင်းပြည့်ဝသည့် ဆရာဝန်တစ်ယောက်၊ Discipline အားလုံး လုပ်နိုင်ကိုင်နိုင် သည့် ဆရာဝန် တစ်ယောက် ဖြည့်စွက်ခန့်ထားပေးသွားမည်ဆိုဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ ပါသည်။