ပုဂ္ဂလိကပညာရေးဥပဒေအရ ဒုတိယအမျိုးအစား ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိက ကျောင်း များ ၏ အမည်များကို မြန်မာဘာသာဖြင့်ဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်း နှစ်မျိုးနှစ်စားရှိပါကြောင်း၊ ပထမ အမျိုး အစားမှ ပုဂ္ဂလိကပညာရေးဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၅၀/၂၀၂၃)၊ ပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)အရ မှတ်ပုံတင် လက်မှတ်ထုတ်ပေးထားသော နိုင်ငံတကာသင်ရိုးညွှန်းတမ်း နှင့်သင်ကြားသော ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းဖြစ်ပြီး ဒုတိယ အမျိုးအစားမှ ပုဂ္ဂလိက ပညာရေးဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ(ခ)အရ မှတ်ပုံတင်လက်မှတ် ထုတ်ပေး ထားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းဖြစ်ပါကြောင်း၊ ပထမအမျိုးအစား ကိုယ်ပိုင် ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းများ ၏ အမည်များမှ အင်္ဂလိပ်ဘာသာနှင့်ဖြစ်ပြီး ဒုတိယ အမျိုးအစား ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ အမည်များသည် မြန်မာဘာသာ ဖြင့်လည်းရှိပါကြောင်း၊ အင်္ဂလိပ်ဘာသာ ဖြင့်လည်းရှိပါကြောင်း၊ အထက်ပါ ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်း အမျိုးအစားနှစ်ခု ကွဲပြားစေရန် ဒုတိယအမျိုးအစား အမျိုးသားသင်ရိုး နှင့် သင်ကြားသည့် ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ အမည်များသည် မြန်မာ ဘာသာဖြင့်သာ ဖြစ်သင့်ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတကြီး မစ္စတာချန်ဒူးဝမ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဗုံးပေါက် ကွဲလုပ်ကြံမှုဖြစ်ပွားခဲ့ရာ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဗိုလ်မှူးဇင်မွန်နှင့် ဗိုလ်ကြီး ကင်မင်းချူး တို့ကို လက်ရဖမ်းဆီးနိုင်ပြီး ရုံးတင်စစ်ဆေးခဲ့ကြောင်း၊ ဤကဲ့သို့စစ်ဆေးခဲ့ရာတွင် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာစာသည် ရုံးသုံးစာဖြစ်နေသည့်အတွက် ပထမ မြန်မာဘာသာဖြင့် စစ်မေးရပါကြောင်း၊ ဒုတိယ ၎င်းတို့ နားလည်နိုင်သည်ဟုယူဆရသော အင်္ဂလိပ် ဘာသာ စကားဖြင့် စစ်မေးပါကြောင်း၊ နောက်ဆုံးကျမှ ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် စကား ပြန် မှတစ်ဆင့် စစ်မေးခဲ့ ပါကြောင်း၊ ပထမဆုံး ၎င်းတို့လုံးဝနားမလည်သော မြန်မာ ဘာသာ ဖြင့်စစ်မေးရခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ မြန်မာဘာသာကို ရုံးသုံးစာအဖြစ် ပြဋ္ဌာန်းထား ၍ဖြစ်ပါကြောင်း၊ ရုံးသုံးစာဆိုသည်မှာ ရုံးစာများ၌ ရေးသားရုံမျှသာမဟုတ်ပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၅)၊ ပုဒ်မ ၄၅၀ တွင် မြန်မာစာသည်ရုံးသုံးစာဖြစ်သည်ဟုပြဋ္ဌာန်းထားပါကြောင်း၊ တရားစီရင်ရေးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာသကဲ့သို့ ပညာရေးကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရ မည်ဖြစ် ပါကြောင်း၊ အခြေခံပညာအဆင့်တွင် အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအဖြစ် သင်ကြား နေခြင်း နှင့် Grade 10၊ Grade 11၊ Grade 12 မှာ ဘာသာရပ် အချို့ကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားနေခြင်းသည် သင်ရိုးညွှန်းတမ်းကိစ္စမျှသာဖြစ်ပြီး ကျောင်း အမည်နှင့် မည်သို့မျှ မသက် ဆိုင်ပါကြောင်း။
အခြေခံပညာကဏ္ဍသည် ပညာရှင်(Expert) မွေးထုတ်ပေးရမည်မဟုတ်ဘဲ နိုင်ငံသားကောင်း (Good Citizen) မွေးထုတ်ပေးရ မည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ ၏ အမည်များသည် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်နေခြင်းကြောင့် ဇာတိသွေး၊ ဇာတိမာန်များ ပျောက်ဆုံးသွားနိုင်ပါကြောင်း၊ မြန်မာစာ၊ မြန်မာမှုကို မချစ်မြတ်နိုးသည့်တိုင်အောင် လေးစားသောအားဖြင့် မြန်မာဘာသာဖြင့်သာဖြစ်ရ ဖြစ်ပါကြောင်း၊ သို့ပါ၍ ပုဂ္ဂလိက ပညာရေး ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)နှင့် (ခ)အရ မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသော ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်း အမျိုးအစားနှစ်ခု ကွဲပြားစေရန်လည်းကောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အခန်း(၁၅)၊ ပုဒ်မ ၄၅၀ ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီစေရန် လည်းကောင်း၊ ဒုတိယအမျိုးအစား ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းအားလုံး၏ အမည်များကို မြန်မာဘာသာဖြင့်သာ တစ်ပြေးညီဖြစ်စေရန် စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ ကိုသိလိုပါ ကြောင်း ဖြင့် မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမောင်သိန်း က
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကပညာရေးဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) နှင့် (ခ) အရ မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊ အမျိုးသား သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း များအားလုံး ၏အမည်များ မြန်မာဘာသာဖြင့် တစ်ပြေးညီ ဖြစ်စေရေးဆောင်ရွက်ရန် အစီအစဉ်မရှိ သေးပါ ကြောင်း၊ နိုင်ငံတကာ သင်ရိုးသင်ကျောင်းများသည် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက် ရာ တွင်လည်းကောင်း၊ အသိ အမှတ်ပြုမှု Accreditation ရယူရာတွင်လည်းကောင်း၊ မူရင်း အမည်နှင့် ပိုမိုသင့်တော်ပါကြောင်း၊ တရားဝင်ရုံးသုံး စာရွက်စာတမ်းများတွင် မြန်မာ ဘာသာဖြင့် အသုံးပြု လျက်ရှိပါကြောင်း ဖြေကြားခဲ့ ပါသည်။
ဦးဝင်းမြင့်မောင်(ကျောက်ပန်းတောင်းမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။ မေးခွန်းတခြား၊ အဖြေတခြားဖြစ်နေပါကြောင်း၊ ဆက်စပ်မေးခွန်းမဟုတ်သော်လည်းပဲ မိမိ၏ မေးခွန်း ကို ရှင်းလင်းတင်ပြခွင့်ပြုရန် ခွင့်တောင်းခံပါကြောင်း၊ နိုင်ငံတကာသင်ရိုး နှင့်သင်ကြား သည့် International School များ၏ အမည်ကို အင်္ဂလိပ်ဘာသာဖြင့်သာဆက်ထားမှ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်သည့် နေရာ၊ အသိအမှတ်ပြုသည့်နေရာ၌သာ အဆင်ပြေမည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မြန်မာဘာသာဖြင့် ပြင်ဆင်ပေးရန် အစီအစဉ်မရှိကြောင်းကို ပညာရေးဝန်ကြီး ဌာနမှ ဖြေဆိုပါကြောင်း၊ မိမိမေးခွန်းသည် ပထမအမျိုးအစားဖြစ်သည့် နိုင်ငံတကာသင်ရိုးနှင့် သင်သည့် International School များ၏ အမည်များကို မေးမြန်းခြင်းမဟုတ်ပါကြောင်း၊ ဒုတိယ အမျိုးအစား ဖြစ်သည့် အမျိုးသားသင်ရိုးညွှန်းတမ်း KG+12 နှင့် သင်ကြားသည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ အမည်များကိုသာ မေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာ ကျောင်း (International School) များ၏ နာမည်က အင်္ဂလိပ်လို ၊ KG+12 သင်ရိုးနှင့် သင်သည့်ကျောင်းများ၏ နာမည်ကလည်း အင်္ဂလိပ်လိုဖြစ်နေမည်ဆိုပါက မိဘပြည်သူများသည် ဒီကျောင်းက International School လား။ KG+12 School လားဆိုသည်ကို ခွဲခြားသိလို့ မရပါကြောင်း၊ ထို့ကြောင့် မိမိက ပထမအမျိုးအစားနှင့် ဘာမှမဆိုင်ဘဲ ဒုတိယအမျိုးအစား ဖြစ် သည့် ကိုယ်ပိုင်ကျောင်းများ၏ အမည်များ ကိုသာ မြန်မာဘာသာဖြင့် အားလုံး တစ်ပြေးညီ ဖြစ်စေ ရန် မေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အာဏာသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေ ပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀ ပါမှာသည့် မြန်မာစာသည် ရုံးသုံးစာဖြစ်သည်ဆိုသည့် ပြဋ္ဌာန်းချက်ကို ကျော်နင်းလို့မရသလိုပဲ ပညာရေးဝန်ကြီးဌာန အောက် တွင်ရှိသည့် KG+12 ကျောင်း များသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅၀ကို ကျော် နင်းနိုင်သည့် တန်ခိုးဗျာဒိတ်သည် အမှန်တကယ် မရှိဟုယူဆပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမောင်သိန်း က
မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ထပ်ဆင့်မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ထံ စာဖြင့် ပြန်လည် ဖြေကြားသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။